- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဆီယံ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တွင် မြန်မာစစ်အုပ်စုပါဝင်မှု Justice For Myanmar ကန့်ကွက်
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံမှ တာဝန်ယူထားစဉ် အာဆီယံ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်များတွင် မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှုများတွင် အာဆီယံ၏ ကြံရာပါမှုကို ပိုမိုနက်ရှိုင်းစေသလို မလေးရှားမှ ပြောထားသည့် ကတိကဝတ်များကိုလည်း ထိခိုက်စေသည်ဟု Justice For Myanmar က ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
24 Apr 2025
DMG ၊ ဧပြီ ၂၄
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံမှ တာဝန်ယူထားစဉ် အာဆီယံ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်များတွင် မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှုများတွင် အာဆီယံ၏ ကြံရာပါမှုကို ပိုမိုနက်ရှိုင်းစေသလို မလေးရှားမှ ပြောထားသည့် ကတိကဝတ်များကိုလည်း ထိခိုက်စေသည်ဟု Justice For Myanmar က ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ၁၄ ကြိမ်မြောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများနှင့် ထပ်ပေါင်းဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာစစ်ကောင်စီဖက်က ဝန်ကြီးအဆင့်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အာဆီယံ၏ မြန်မာစစ်အုပ်စုနှင့် လုပ်ဆောင်နေသည့် ပူးပေါင်းဆောင်ရွက်မှုများသည် ဘုံသဘောထား ငါးရပ်နှင့် မလေးရှားနိုင်ငံ၏ ငြိမ်းချမ်းရေးတောင်းဆိုမှုကို မျက်နှာဖုံး ခွာချလိုက်ခြင်းဖြစ်သည်ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
“မြန်မာစစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ အာဆီယံရဲ့ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့ရဲ့ ဘုံသဘောထားငါးရပ်နဲ့ မလေးရှားနိုင်ငံရဲ့ အနှစ်မဲ့ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေရဲ့ ကြောင်သူတော် မျက်နှာဖုံးတွေကို ခွာချလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အရပ်သားများကို ဗုံးကြဲသတ်ဖြတ်နေသည့် မြန်မာစစ်အုပ်စုကို အားပေးကူညီခြင်းက ကျင့်ဝတ်ဆိုင်ရာ ရမ်းကားမှု တစ်ရပ်သာဖြစ်ပြီး ငြိမ်းချမ်းရေး ဦးဆောင်သူအဖြစ် ကြွေးကြော်ထားသည့် အာဆီယံအနေဖြင့် ရှက်သင့်သည်ဟု မရတနာမောင်က ဆက်ပြောသည်။
အာဆီယံအနေဖြင့်လည်း ငြိမ်းချမ်းရေး ကတိကဝတ်များကို ပြသချင်လျှင် ဖယ်ဒရယ်ဒီမိုကရေစီအတွက် အသက်ရင်းပြီး စစ်အုပ်စုကို ရဲရဲရင့်ရင့် ခုခံတော်လှန်နေသည့် မြန်မာပြည်သူများ၏ အသံကိုသာ လေးစားရမည်ဟု Justice For Myanmar က တိုက်တွန်းထားသည်။
အာဆီယံ ဆွေးနွေးပွဲများကို မြန်မာစစ်အုပ်စု ပါဝင်ခွင့်ရရှိခြင်းကလည်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ အပါအဝင် နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးများကို “အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး” အသွင်ဖြင့် အပြစ်ပေး အရေးယူခံရခြင်း စိုးစဥ်းမျှ မရှိ ရက်စက်ကြမ်းကြုတ်မှုကြီးများအား ကျူးလွန်နေသည့် စစ်အုပ်စုအတွက် နည်းပညာနှင့် နည်းဗျူဟာပံ့ပိုးမှုများကို ထိထိရောက်ရောက် ပံ့ပိုးပေးအပ်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ယင်းအပြင် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ Cybersecurity and Information Centre of Excellence (ACICE) နှင့် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာသင်တန်းများမှ စ၍ အာဆီယံကာကွယ်ရေး ဝန်ကြီးများသီးသန့်အစည်းအဝေးများ (ADMM Retreats)၊ ဒေသတွင်း ကာကွယ်ရေးတက္ကသိုလ်များ၊ ကော်လိပ်များနှင့် အဖွဲ့အစည်းများဆိုင်ရာအစည်းအဝေးများအထိ အာဆီယံပလက်ဖောင်းများတွင် မြန်မာစစ်အုပ်စု ဆက်လက်ပါဝင်နေခြင်းသည် တရားမဝင် စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်းနှင့် စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း ပုံစံတစ်ရပ်ကို ပြသနေကြောင်း ဆိုသည်။
ဧပြီလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က လူသားချင်းစာနာမှုဆိုင်ရာဆွေးနွေးပွဲ ခေါင်းစဉ်အောက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး၊ ငလျင်နောက်ပိုင်း အပစ်အခတ်ရပ်စဲမှုအား လေးစားလိုက်နာရန် တိုက်တွန်းခဲ့သော်လည်း မြေပြင်တွင် စစ်အုပ်စုက နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။