မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကူညီပေးရန် ကာတာကို ဘင်္ဂလားဒေ့ရှ် အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်တွင် နှစ်ပေါင်းများစွာ သောင်တင်နေသော မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ပို့နိုင်ရေးအတွက် မြန်မာအပေါ် ဖိအားပေးရန် ကာတာနိုင်ငံအား ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ပြောကြားလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ 

By Admin 24 Apr 2025

၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်သည့် ဒုက္ခသည်အရေး ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - GOB Chief Adviser Facebook

DMG ၊ ဧပြီ ၂၄

ဘင်္ဂလားဒေ့ရှ်တွင် နှစ်ပေါင်းများစွာ သောင်တင်နေသော မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ပို့နိုင်ရေးအတွက် မြန်မာအပေါ် ဖိအားပေးရန် ကာတာနိုင်ငံအား ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ပြောကြားလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ 

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ဒုက္ခသည်အရေး စကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်၌ ဒေါက်တာယူနွတ်က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“ကာတာအနေနဲ့ ဒုက္ခသည်နေရပ်ပြန်ရေးအတွက် နှောင့်နှေးမှုတွေ မရှိဘဲ လုပ်ငန်းစတင်နိုင်အောင် သူ့ရဲ့ ရုံးခန်းကောင်းတွေကို အသုံးပြုပြီး မြန်မာအပေါ် ဖိအားပေးနိုင်ပါတယ်” ဟု ဒေါက်တာယူနွတ်က ပြောကြားသည်။

ကာတာအနေဖြင့် ဒုက္ခသည်အရေးကို ကူညီဖြေရှင်းရာ၌ ၎င်း၏ အားပေးထောက်ခံမှုကို ခိုင်ခိုင်မာမာ ပြသနိုင်သလို အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (IOC) တွင် အဖွဲ့ဝင်အဖြစ်လည်း ရန်ပုံငွေ ပိုရှာပေးနိုင်ကြောင်း ဒေါက်တာယူနွတ်က ဆိုသည်။

ကာတာသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် ဆေးဝါး၊ ပညာရေး အထောက်အကူပြု ပစ္စည်းများ၊ ချက်ပြုတ်ရေးသုံး ဓာတ်ငွေ့အိုးများ အစရှိသဖြင့် အကူအညီများ ပေးအပ်နေပြီး အကူအညီ လက်ခံရရှိသူ ဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိကြောင်း မိုဟာမက်ယူနွတ်၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ဒုက္ခသည်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် မြန်မာကို တာဝန်ခံခိုင်းရေးသည်လည်း ယုံကြည်မှု တည်ဆောက်ရေးအတွက် အထူးအရေးပါကြောင်း ပါမောက္ခယူနွတ်က ပြောကြားသည်။ လက်ရှိ၌လည်း ဘင်္ဂလားဒေ့ရှ်သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား IIMM အဖွဲ့တို့၏ ကြိုးပမ်းချက်များတွင် တက်တက်ကြွကြွ အားပေးကူညီလျက်ရှိသည်ဟု ပါမောက္ခယူနွတ်က ပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။

ပုံစာ - ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်သည့် ဒုက္ခသည်အရေး ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - GOB Chief Adviser Facebook