ကျောက်ဖြူ စီမံကိန်း အနာဂတ်သည် AA လက်ထဲတွင်ရှိကြောင်း ရေနံစောင့်ကြည့်ရေးအဖွဲ့ပြော

အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို စစ်ရေးအရ ထိန်းချုပ်သည်ဖြစ်စေ၊ မထိန်းချုပ်သည်ဖြစ်စေ စီမံကိန်းတို့၏ အနာဂတ်သည် AA လက်ထဲတွင်ရှိသည်ဟု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) က သုံးသပ်သည်။ 

By Admin 22 Apr 2025

ကျောက်ဖြူ စီမံကိန်း အနာဂတ်သည် AA လက်ထဲတွင်ရှိကြောင်း ရေနံစောင့်ကြည့်ရေးအဖွဲ့ပြော

DMG ၊ ဧပြီ ၂၂ 

အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို စစ်ရေးအရ ထိန်းချုပ်သည်ဖြစ်စေ၊ မထိန်းချုပ်သည်ဖြစ်စေ စီမံကိန်းတို့၏ အနာဂတ်သည် AA လက်ထဲတွင်ရှိသည်ဟု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) က သုံးသပ်သည်။ 

ယခုလထွက် ရခိုင်ရေနံစောင့်ကြည့် ရေးအဖွဲ့ (Arakan Oil Watch) ၏ “တောက်လောင်နေသည့် ကျောက်ဖြူ၏ ပဋိပက္ခများ အစီရင်ခံစာ” တွင် ထိုသို့ သုံးသပ်ထားခြင်းဖြစ်သည်။ 

ယင်းအပြင် “AA အနေဖြင့် စီမံကိန်းများအပါအဝင် ကျောက်ဖြူမြို့နယ်တစ်ခုလုံးအားအပြည့်အဝသိမ်းပိုက်မည်ဆိုလျှင် လက်ရှိနှင့် အနာဂတ်စီမံကိန်းများအတွက် သဘောတူစာချုပ်များ၊ ဘဏ္ဍာငွေအစုရှယ်ယာ သဘောတူညီမှုများနှင့် အခွန်အခ ကိစ္စရပ်များကိုပါ ပြန်လည်ဆွေးနွေးနိုင်မည့် အခြေနေတစ်ရပ်သို့ ရောက်ရှိသွားမည်” ဟု AOW က ဆိုသည်။ 

စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၅ ဖေဖော်ဝါရီတတိယအပတ်ကစပြီး ကျောက်ဖြူမြို့နယ် စည်မော် ကျေးရွာ ဦးကင်းနှင့် ကြတ္တိန်စသည့်ကျေးရွားအနီးနှင့် ဓညဝတီရေတပ် ဌာနချုပ်အနီးတွင် တိုက်ပွဲများနေ့စဉ်ဖြစ်နေသည်။ စစ်ကောင်စီတပ်သည် ကျောက်ဖြူဒေသအတွင်း ဒရုန်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကို တိုးမြှင်လာသည်ဟုလည်း ဆိုထားသည်။   

လက်ရှိမှာ AA သည် စစ်ကောင်စီ၏ ရေတပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းအနီးရှိ ရှေ့တန်းကင်းစခန်းများကို တိုက်ခိုက်လာခဲ့ပြီး ကျောက်ဖြူမြို့နှင့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းနေရာများအား ရှောင်ရှားသည်။

သို့သော် AA သည် ကျောက်ဖြူရှိ ပိုက်လိုင်းလမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းနှင့် အမ်းမြို့ နယ်အတွင်းရှိ ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်လုံးကို ထိန်းချုပ်ထားကြောင်း AWO က ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ရေးတင်းမာမှုများမြင့်တက်လာသော်လည်း ကျောက်ဖြူမြို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် ယခင်က တင်ပို့နေသည့်အတိုင်း တရုတ်နိုင်ငံသို့ ယနေ့ အချိန်ထိ အတားအဆီးမရှိ လည်ပတ်နေဆဲဖြစ်သည်ဟု ရခိုင်ရေနံစောင့်ကြည့် ရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ 

နိုင်ငံခြားသားနှင့် မြန်မာဝန်ထမ်းများသည် ရဟတ်ယာဉ်နှင့် သင်္ဘောများဖြင့် ကျောက်ဖြူမှပင်လယ်ပြင် ရေတွင်းများသို့ သွားရောက်အလုပ်လုပ်ကြဆဲဖြစ်ပြီး တရုတ်ရေနံတင်သင်္ဘောများသည် မဒေးကျွန်းသို့ တစ်လတွင် အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်ခန့် ပုံမှန် အတိုင်းဝင်ထွက်နေဆဲ ဖြစ်သည်ဟု ယင်းအစီရင်ခံစာအရ သိရသည်။ 

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများမှ အဓိက အကျိုးအမြတ်ခံစားနေသူဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့ရောင်းရခြင်းမှ နှစ်စဉ်ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅၅၀ မီလီယံနှင့် ကျောက်ဖြူမှ တရုတ်သို့ ရေနံပိုက်လိုင်းမှတဆင့် ရေနံစိမ်းဖြတ်သန်းတင်ပို့ခအဖြစ် နှစ်စဉ်ဒေါ်လာ ၂၅ မီလီယံခန့် ရရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။ 

ထိုသို့ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချခြင်းမှ စစ်ကောင်စီသည် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ခြင်းနှင့် နိုင်ငံရေးအကျိုးအမြတ်တို့ကို ရရှိနေခြင်းဖြစ်သည်ဟု အစီရင်ခံစာ၏ ဖော်ပြချက်အရ သိရသည်။  

ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါရှိသော စက်မှုဥယျာဉ်နှင့် ရေနက်ဆိပ်ကမ်းနှစ်ခုတည်ဆောက်ရန် တရုတ်နှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေနွေးမှုများ မကြာခဏ ရှိနေသော်လည်း ၂၀၂၄ ခုနှစ်တွင် AA မှ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း စီမံကိန်း ဧရိယာများတွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်နေသည်ကို မတွေ့ရှိရသေးပေ။ 

တရုတ်နိုင်ငံသို့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ပင်လယ်ရေနက်ဆိပ်ကမ်းမှ ရေနံပို့ဆောင်မှုများနှင့် ပိုက်လိုင်းများမှ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုများသည် နှစ်စဉ်တန်ဖိုးအားဖြင့် ခန့်မှန်းခြေ အမေရိ ကန်ဒေါ်လာ ၇ ဘီလီယံ အထိ ရှိနေသည်။  

ယင်းအထဲမှ စစ်ကောင်စီသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၅၇၅ သန်းကျော်ရှိသော နိုင်ငံခြားငွေအရင်း အမြစ်များကိုရရှိနေသည့်အတွက် ၎င်းတို့ကို သက်ဆိုးရှည်စေခဲ့ကြေင်း AOW က ဆိုသည်။ 

စီမံကိန်း ဧရိယာများကို စစ်တပ် ထိန်းချုပ်မှုဆုံးရှုံးသွားလျှင် လက်ရှိဝင်ငွေစီးကြောင်းများကို စိန်ခေါ်နိုင်မည်ဖြစ်ပြီး တောင်ကိုးရီးယားနှင့် အိန္ဒိယကုမ္ပဏီများပါဝင်ပတ်သက်နေသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပါအဝင် ကျောက်ဖြူမြို့နယ်ရှိ အခြားစီမံကိန်းများ စီမံခန့်ခွဲမှုတွင် စစ်ကောင်စီတပ်၏ နိုင်ငံရေး ဂုဏ်သိက္ခာကျဆင်းမှာ ကြီမားစွာ ဖြစ်ပေါ်စေနိုင်သည်ဟု AOW အစီရင်ခံစာတွင် ဖော်ပြထားသည်။