ရခိုင်တွင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ အဆမတန်ဈေးမြင့်တက်နေ

ကျောင်းသားမိဘများမှာ သား၊သမီးများ၏ ပညာရေးထိခိုက်မည် စိုးရိမ်၍ အတန်းပညာများ အဆက်မပြတ်စေရန် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ပညာသင်ကြားပေးခြင်းများ ရှိနေသော်လည်း အချို့ကျောင်းသားမိဘများမှာ စားဝတ်နေရေး အခက်အခဲများကြောင့် ငွေကြေးမတတ်နိုင်၍ သားသမီးများကို ပညာမသင်ကြားနိုင်ဘဲဖြစ်နေကြောင်း ပြောဆိုကြသည်။

By Admin 13 Oct 2024

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ပညာသင်ကြားနေသည့် ကလေးသူငယ်များအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ပညာသင်ကြားနေသည့် ကလေးသူငယ်များအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)

DMG ၊ အောက်တိုဘာ ၁၃

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ပြည်တွင် ကျောင်းသုံးပုံနှိပ် စာအုပ်အပါအဝင် စာရေးကိရိယာပစ္စည်းများမှာ အဆမတန်ဈေးမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ ထားမှုကြောင့် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများမှာ ပြတ်လပ်လာ၍ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။

" ကုန်သည်တွေက အခြေခံစားသောက်ကုန်တွေတောင် ခက်ခက်ခဲခဲနဲ့ လမ်းကြောင်းတွေ ရှာပြီး တင်သွင်း နေရတာ။ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေကို အခြေခံသုံး ကုန်ပစ္စည်းတွေလောက် မတင်သွင်းကြဘူး။ နည်းနည်းပဲ တင်သွင်းတာမလို့ ကျောင်းသုံးပစ္စည်းတွေက ဈေးကြီးသလို ရှားလည်းရှားတယ်" ဟု မြောက်ဦး မြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

Grade 12 (၁၂ တန်း) ပုံနှိပ်စာအုပ် တစ်စုံလျှင် ငွေကျပ် ၄၀,၀၀၀ ခန့်မှ ၁၉၀,၀၀၀ ကျပ်၊ Grade 5 (၅ တန်း) ပုံနှိပ်စာအုပ် တစ်စုံလျှင် ငွေကျပ် ၂၅,၀၀၀ ခန့်မှ ၁၃၀,၀၀၀ ကျပ်၊ (line) ဘောပင်တစ်ချောင်းလျှင် ငွေကျပ် ၃၀၀ ခန့်မှ ၂,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ဒေသတွင် အာရက္ခတပ်တော်(AA) က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဆိုပါ မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ကျောင်းပညာရေးစနစ်များ လည်ပတ်နိုင်ခြင်း မရှိသေးပေ။

သို့သော် ကျောင်းသားမိဘများမှာ သား၊သမီးများ၏ ပညာရေးထိခိုက်မည် စိုးရိမ်၍ အတန်းပညာများ အဆက်မပြတ်စေရန် ပညာသင်ကြားပေးခြင်းများ ရှိနေသည်။

အချို့ကျောင်းသားမိဘများမှာ စားဝတ်နေရေး အခက်အခဲများကြောင့် ငွေကြေးမတတ်နိုင်၍ သားသမီးများ ကို ပညာမသင်ကြားနိုင်ဘဲဖြစ်နေကြောင်း ပြောဆိုကြသည်။

" ကလေးတစ်ယောက် ကျောင်းထားပေးရမှာက ဒီအခြေအနေမှာ ပိုမလွယ်ပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ သားသမီးတွေရဲ့ စာအုပ်စရိတ်၊ ကျောင်းလခတွေအတွက် မတတ်နိုင်ပါဘူး။ ထမင်း နပ်မှန်ဖို့ပဲ အရေးကြီးနေတယ်" ဟု မြောက်ဦးမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

AA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေ၍ ကျောင်းသား၊သူများမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများဖြင့် ပညာသင်ကြားနေရသည်ဟု ဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျောင်းဆရာတစ်ဦးက " ဒီနှစ် စာသင်ရတာမှာ အဓိကကြုံရတဲ့ စိန်ခေါ်မှုက ကျောင်းသားတွေ စိတ်ဝင်စားမှု အားနည်းတာပဲ။ လေကြောင်းအန္တရာယ်တွေ၊ မိသားစု စားဝတ်နေရေး အခက် အခဲတွေကြောင့် ကျောင်းသားတွေက စာကို အာရုံမစိုက်နိုင်တာ ပိုများတယ်။ မိဘတွေက သင်ကြားပေးလို့ သင်နေကြသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ စာနဲ့ ဝေးမသွားတာက ပိုကောင်းတာပေါ့" ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ ဂွ၊ မာန်အောင်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်ထားကြောင်း သိရသည်။