- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
ဓညဝတီရေတပ်ဌာနချုပ်နှင့် ၃ မိုင်ခန့်အကွာ စည်မော်၊ ဦးကင်း၊ ကြတ္တိန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ယခုအခါ အမှတ် (၃၂) ရဲတပ်ရင်းအနီး နှမ်းဖဲတောင်၊ ကန္ဒီးအနီး၊ ကျောက်ဖြူမြို့နှင့် ၆ မိုင်အကွာ ကမ်းမွန်းတောင်အနီးအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာနေသည်။
28 Mar 2025

DMG ၊ မတ် ၂၈
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်လကျော်ထိ ကြာမြင့်လာပြီး တိုက်ပွဲဧရိယာမှာလည်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်။
ဓညဝတီရေတပ်ဌာနချုပ်နှင့် ၃ မိုင်ခန့်အကွာ စည်မော်၊ ဦးကင်း၊ ကြတ္တိန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ယခုအခါ အမှတ် (၃၂) ရဲတပ်ရင်းအနီး နှမ်းဖဲတောင်၊ ကန္ဒီးအနီး၊ ကျောက်ဖြူမြို့နှင့် ၆ မိုင်အကွာ ကမ်းမွန်းတောင်အနီးအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေသည်။
"အစကတော့ စစ်ဖြစ်တဲ့ နေရာက တစ်နေရာတည်းပါ။ အခုက အရင်ဖြစ်တဲ့နေရာအပြင် ဓညဝတီ ရေတပ်ဌာနချုပ်ရဲ့ ဝန်းကျင်တစ်ခုလုံးနီးပါးဟာ ပတ်ပတ်လည်ပုံစံမျိုးနဲ့ နေရာစုံက ဖြစ်နေတာ။ အခု ဖြစ်နေတဲ့နေရာက ရေတပ်နဲ့ တစ်မိုင်လောက်တောင် မဝေးတော့တဲ့ နေရာတွေလို့ ပြောနိုင်တယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူတွင် တိုက်ပွဲဧရိယာကျယ်ပြန့်လာမှုနှင့်အတူ အာရက္ခတပ်တော်၏ ထိုးစစ်များမှာလည်း စစ်ကောင်စီတပ်စခန်းများအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။ ဓညဝတီရေတပ်နှင့် ၃ မိုင်ခန့်အကွာတွင် တိုက်ပွဲစတင်ခဲ့ရာမှ လက်ရှိတွင် ရေတပ်ဌာနချုပ်နှင့် ၁ မိုင်ခန့်အကွာ စစ်တောကျေးရွာနှင့် ဒေသအခေါ် နဂါးတောင်အနီးထိ AA ထိုးစစ် တစတစ ထိုးဖောက်လာနေသည်။
အမှတ် (၃၂) ရဲတပ်ရင်းမှ အနောက်ဘက် ၂ မိုင်ကျော်ခန့်အကွာ စစ်ကောင်စီက တပ်စခန်းအခိုင် အမာပြုလုပ်ထားသည့် ကင်းမွန်းတောင်အနီးပတ်ဝန်းကျင်တွင် နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
"ကင်းမွန်းတောင်ရဲ့ တောင်ဘက် ၃ ဖာလုံလောက်အကွာမှာ တောင်ကုန်းလေးတွေ ရှိတယ်။ စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးတဲ့ နေရာတွေပေါ့။ ဒီတစ်ရက်နှစ်ရက်အတွင်း အဲဒီနေရာတွေမှာပါ အပြန်အလှန် လက်နက်ကြီးပစ်ခတ်သံတွေကို ကြားလာရတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓညဝတီရေတပ်သည် ကျောက်ဖြူမြို့မှ အဖြောင့်မိုင် ၄ မိုင်ကျော်ခန့်အကွာ အရှေ့တောင်ဘက်တွင် ရှိပြီး ဒေသအခေါ် နဂါးတောင်နှင့် စိုင်ခြုံဒိန်မြစ်တို့ ခြားထားသည်။
အမှတ် (၃၂) ရဲတပ်ရင်းမှာလည်း ကျောက်ဖြူမြို့မှ ၄ မိုင်ခန့်အကွာတွင်ရှိကာ တောစိမ်းတောင်၊ လှီချီတောင်နှင့် ငလပွေ့ချောင်း ခြားထားသည်။
ကျောက်ဖြူမြို့နှင့် ၆ မိုင်အကွာ အနောက်ဘက်တောင်တန်းရှိ စစ်ကောင်စီ၏ ကင်းမွန်းတောင် စခန်းကုန်းအနီးတွင် ဓာတ်ငွေ့သန့်စင်စက်ရုံ (OGT) နှင့် Power China, V- Power စသည့် တရုတ် စီမံကိန်းစက်ရုံများရှိသည်။
ထိုစီမံကိန်းစက်ရုံသို့ ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ကျောက်ဖြူတိုက်ပွဲများတွင် တရုတ်၏ စစ်ရေးအကူအညီ၊ နည်းပညာအကူအညီများကို စစ်ကောင်စီ ရရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
"ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီဖက်က ဒရုန်းနည်းပညာတွေ ပိုသုံးလာတာကို တွေ့ရတယ်။ ကင်းထောက်ဒရုန်းတွေ၊ ဗုံးကြဲဒရုန်းတွေနဲ့ အသေခံဒရုန်းတွေကိုလည်း အရင်တုန်းက တိုက်ပွဲတွေမှာထက် ပိုတွေ့ရတယ်။ ဒါဟာ တရုတ်က ကူညီပေးနေတာလို့ တိတိကျကျ ပြောဖို့ခက်ပေမယ့် ကျောက်ဖြူကို တရုတ် လုံခြုံရေးတပ်တွေ ရောက်ပြီးနောက်ပိုင်း ပိုတွေ့လာရတာဖြစ်တယ်" ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်ဌာနခွဲ၊ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) နှင့် အမှတ် (၃၂) ရဲတပ်ရင်းတို့ တည်ရှိသည်။
ကျောက်ဖြူတွင် တရုတ်စီမံကိန်းများစွာ တည်ရှိနေပြီး စစ်ကောင်စီအတွက် ဒေါ်လာဘီလီယံနှင့်ချီ ဝင်ငွေရရှိနေသော နေရာဖြစ်သည့်အလျှောက် ထိုဒေသမကျရေး လေကြောင်း၊ ရေကြောင်း ပူးပေါင်းခုခံလျက်ရှိသည်။
ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းကို အဓိက အသုံးပြုတိုက်ခိုက်နေပြီး ဒရုန်းအပါအဝင် လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် တိုက်ခိုက်မှုများကြောင့် ကျေးရွာ ၅ ရွာမှ နေအိမ် ၄၀၀ ထက်မနည်းမှာ မီးလောင်ပျက်စီးသွားကာ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ နှစ်သောင်းခန့်မှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။