- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
တိုင်းနှင့် ပြည်နယ် ၆ ခုရှိ နယ်မြေခံသင်တန်းကျောင်းများတွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသား/သူများအား အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများကို စစ်ကောင်စီက ပို့ချနေခြင်းဖြစ်သည်။
11 Feb 2025
![ပုံစာ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီ၏ စစ်သင်တန်းပို့ချဖွင့်လှစ်ပွဲ၌ တက္ကသိုလ် ကျောင်းသား/သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MRTV](https://assets.dmediag.com/2025/2/SSC-Feb11.jpg)
DMG ၊ ဖေဖော်ဝါရီ ၁၁
တိုင်းနှင့်ပြည်နယ် ၆ ခုက တက္ကသိုလ်ကျောင်းသား/ သူများအား စစ်ကောင်စီက အခြေခံပညာစစ်သင်တန်း ပို့ချနေမှုကို ဆန့်ကျင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) က ပြောသည်။
မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ပဲခူးနှင့် မွန်ပြည်နယ်တို့မှ တက္ကသိုလ်ကျောင်းသား/သူများအား စစ်သင်တန်းပို့ချနေကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ ရက်) တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဗကသများအဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေးကော်မတီ တာဝန်ရှိသူ မခင်နီက " ဒီကာလမှာ မကြိုက်တာ ထက်ကို ပိုတယ်။ တစ်ဖက်မှာလည်း လူတွေအားလုံးကို စစ်မှုထမ်းအကြောင်းပြပြီး တစ်သုတ်ပြီး တစ်သုတ် ဆွဲနေတဲ့ အချိန်မျိုးမှာ အခုလို ကျောင်းသား/သူတွေကို စစ်သင်တန်း ပေးလာတယ်ဆိုတာကတော့ အားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာတယ်" ဟု ပြောသည်။
တိုင်းနှင့် ပြည်နယ် ၆ ခုရှိ နယ်မြေခံသင်တန်းကျောင်းများတွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသား/သူများအား အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများကို စစ်ကောင်စီက ပို့ချနေခြင်းဖြစ်သည်။
ယင်းအပြင် တက္ကသိုလ်ကျောင်းများတွင် စစ်ကောင်စီ၏ ခိုင်းစေမှုဖြင့် တက္ကသိုလ်အရန်တပ်ရင်း (UTC) အဖွဲ့မှ ကျောင်းသား/သူများကို စစ်မှုထမ်းဝင်ရန် စည်းရုံးလျက်ရှိကြောင်း သိရသည်။
" တက္ကသိုလ်ဝင်ဆိုတာ စစ်ကားတွေ၊ စစ်ဖိနပ်တွေ ခြေချလို့ရသင့်တဲ့ နေရာမျိုးမဟုတ်ဘူး။ အခုလို လုပ်နေတာတွေက တခြားသူတွေတင် မကဘူး၊ ကျောင်းသားတွေကိုပါ လက်လွှတ်မခံဘူးဆိုတာကို ပြနေသလို ဖြစ်တယ်" ဟု မခင်နီက ပြောသည်။
ကျောင်းသား/သူများအား နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိကာ အနာဂတ် နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်ရာတွင် အထောက်အကူရပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စစ်များ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်၍ အခြေခံ စစ်သင်တန်းများအား ပို့ချပေးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ကျောင်းသား/သူများအား စစ်သင်တန်းပို့ချနေမှုကြောင့် တက္ကသိုလ်ဆရာ/မများနှင့် ကျောင်းသား/သူများမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘဲ ဖြတ်သန်းနေရသည်ဟု ပြောဆိုကြသည်။
" ကျောင်းသားတွေကိုပါ စစ်သင်တန်းပေးလာပြီဆိုတော့ ကျမတို့အတွက်လည်း စိတ်မချရဘူး။ ပြေးလမ်းလည်း မမြင်ဘူး။ အခုလောလောဆယ်ကတော့ ကိုယ့်အလှည့် ဘယ်အချိန်လာမလဲဆိုပြီး စိုးရိမ်နေရယ်" ဟု ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ကျောင်းသား/သူများကို ပထမနှစ်အခြေခံ စစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းဟူ၍ ခွဲကာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ပြည်သူများအား စစ်မှုထမ်းရန် အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ယူခြင်း၊ စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများအား စစ်မှုထမ်းစာရင်းကောက်ယူနေမှုတို့ကြောင့် ပြည်သူများမှာ ပြည်မဘက်သို့ ရရာနည်းလမ်းဖြင့် ထွက်ခွာမှုများ ရှိနေကြသည်။
မွန်ပြည်နယ်၊ သထုံမြို့ခံ အမျိုးသမီးတစ်ဦးက "စစ်ကောင်စီရဲ့ လူသားအရင်းအမြစ်လျော့နည်းလာလို့ အခုလို ပြည်သူတွေကို မည်းမည်းမြင်ရာ လိုက်ဆွဲတယ်လို့ မြင်တယ်။ အခုဆိုရင် နေရာစုံက ပြည်သူတွေကို ဖမ်းဆီးတာတွေ ပိုလုပ်လာတယ်။ မိန်းကလေးတွေတောင် ကိုယ့်အရပ်ထဲ မနေရဲတော့ဘူး" ဟု ပြောသည်။
စစ်ကောင်စီသည် နိုင်ငံတဝန်း တိုင်းရင်းလက်နက်ကိုင်များထံ စစ်ရေးရှုံးနိမ့်လာချိန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းဥပဒေအရ အပတ်စဉ်တစ်ခုတွင် နိုင်ငံတဝန်းက စစ်မှုထမ်းဦးရေ ၅,၀၀၀ စီကို သင်တန်းပေးနေပြီး ယခုအခါ အပတ်စဉ်(၉)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။