- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ဂြိုဟ်တုထောက်လှမ်းရေးလုပ်ဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီ သဘောတူထားဖွယ်ရှိနေ
မြန်မာစစ်တပ်သည် ၎င်းတို့၏ဓာတ်ပုံကွန်ရက် လွှမ်းခြုံမှုကို နိုင်ငံတဝန်းတွင် တည်ဆောက်ပုံဖော်ရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို ဗျူဟာမြောက်စောင့်ကြည့်ရန် အခွင့်ကောင်းယူနေပြီဖြစ်သည်။
24 Mar 2025

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မကြာသေးမီက ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှုတွင် အများသူငါ သတိမပြုမိသည့် ကဏ္ဍကြီးတစ်ရပ် ရှိနေသည်။ မြန်မာစစ်အစိုးရ၏ ဂြိုဟ်တုဓာတ်ပုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကူညီပေးမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကမ်းလှမ်းလိုက်သည့်အချက် ဖြစ်သည်။
ဤသည်မှာ သိသာထင်ရှားသော ဗျူဟာမြောက်သက်ရောက်မှုများသာ မကဘဲ လက်ရှိပြည်တွင်းစစ်၌ စစ်အစိုးရ၏ အပြုအမူပိုင်းဆိုင်ရာကို တိုက်ရိုက်ဆက်နွယ် သက်ရောက်မှုများလည်း ရှိလာစေသည်။
တရုတ်၊ အိန္ဒိယတို့နှင့် စစ်အစိုးရ၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် ဂြိုဟ်တုဓာတ်ပုံများ ပံ့ပိုးပေးမှုများ ပါဝင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်၌ အမေရိကန်ပြည်ထောင်စုသည် နေပြည်တော်အစိုးရနှင့် ကုလသမဂ္ဂတို့ကို လူထုစင်တာများနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသော ဒေသများ၏ ပျက်စီးဆုံးရှုံးမှုအဆင့်ကို အကဲဖြတ်နိုင်စေရန်အတွက် ဂြိုဟ်တုဓာတ်ပုံ ပံ့ပိုးပေးမှုများ အကူအညီပေးခဲ့ဖူးသည်။
အဆိုပါဖြစ်စဉ်က မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သောပုံရိပ်များကို ကိုယ်တိုင်ရယူနိုင်စွမ်းမရှိဟု ဖော်ပြလျက်ရှိသည်။ လိုအပ်မှုများရှိလာခဲ့ပါက Google Earth၊ Digital Globe နှင့် Landsat တို့ကဲ့သို့သော စီးပွားရေးလုပ်ငန်း ကုမ္ပဏီများထံမှ မြင့်မားလှသော ရုပ်ထွက်အရည်အသွေးရှိသည့် ဂြိုဟ်တုဓာတ်ပုံများကို ရရှိနိုင်သည်။
မြန်မာစစ်တပ်သည် ၎င်းတို့၏ဓာတ်ပုံကွန်ရက် လွှမ်းခြုံမှုကို နိုင်ငံတဝန်းတွင် တည်ဆောက်ပုံဖော်ရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို ဗျူဟာမြောက်စောင့်ကြည့်ရန် အခွင့်ကောင်းယူနေပြီဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများကို အစီရင်ခံတင်ပြရန် စီးပွားရေးဆိုင်ရာ ပုံရိပ်များကို ရေးဆွဲနိုင်ခဲ့သည့်တိုင် မြန်မာစစ်အစိုးရမှာ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ဤလုပ်ငန်းစဉ်သည် စိန်ခေါ်မှုများ မကင်းလှသော်လည်း မှန်ကန်သောလုပ်ဆောင်မှု၊ လုံလောက်သော လေ့ကျင့်မှုများဖြင့် အသုံးဝင်သော ဉာဏ်ရည်စွမ်းပကားကို ရယူနိုင်ပေသည်။
ဦးစားပေးဆောင်ရွက်ချက်များ
ထိုကဲ့သို့သော ပစ္စည်းများ၏ ကုန်ကျစရိတ်မှာ အချက်တစ်ချက် ဖြစ်နိုင်သော်လည်း စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများကို ပံ့ပိုးကူညီပေးမည့် ထောက်လှမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏တောင်းဆိုချက် မပြည့်မီသော နိုင်ငံခြားငွေလဲလှယ်မှုနှုန်း၌ အမြဲတမ်းပင် အမြင့်ဆုံးဦးစားပေးအဆင့်၌ ရှိနေခဲ့သည်။
၂၀၁၂ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရ ပေါ်ထွန်းလာပြီးနောက် မြန်မာနိုင်ငံသည် ယခင်ကထက် သတင်းဓာတ်ပုံ ထောက်လှမ်းရေး အခန်းကဏ္ဍတွင် စုစည်းရန်နှင့် ခွဲခြားစိတ်ဖြာရန် ရွေးချယ်စရာများ ပိုမိုရရှိလာခဲ့သည်။
အွန်လိုင်းတွင်ရှိသော လွတ်လပ်စွာရယူနိုင်သောပုံရိပ်နှင့် စီးပွားဖြစ် ဝယ်ယူအသုံးပြုနိုင်သောပုံရိပ် စသဖြင့် အခန်းကဏ္ဍနှစ်ရပ်လုံး၌ ရရှိနိုင်သော ဂြိုလ်တုပုံရိပ်များ ပိုမိုကျယ်ပြန့်လာခဲ့သည်။ အဆိုပါပုံရိပ်များတွင် ကြည်လင်ပြတ်သားမှု မြင့်မားသော အီလက်ထရွန်းနစ် ဓာတ်ပုံများနှင့် အနီအောက်ရောင်ခြည် ပုံရိပ်များ ပါဝင်ခဲ့သည်။
ထို့အပြင် စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sky-02A ထောက်လှမ်းရေးဒရုန်း ၁၁ စင်းခန့်ကို အသုံးပြု၍ လုပ်ငန်းစဉ် လည်ပတ်ဆောင်ရွက်နေသည်ဟု ယုံကြည်ရလောက်ဖွယ်ရှိသည်။ Yellow Cat A2 ဟု သတ်မှတ်ကာ မြန်မာနိုင်ငံတွင် ထောက်လှမ်းရေးဒရုန်း နောက်ထပ် ၂၂ စင်းကို တည်ဆောက်ထားကြောင်း သတင်းများကြားသိရသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ် (UAV) များသည် ဒစ်ဂျစ်တယ် အရောင်အသွေးနှင့် အနီအောက်ရောင်ခြည်သုံး ဗီဒီယိုကင်မရာများကို သယ်ဆောင်နိုင်စွမ်းရှိသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ CH-3A UAV အစင်း တစ်ဒါဇင်ကို ဝယ်ယူခဲ့သည်။ CH-3A သည် တိုက်ခိုက်ရေးဒရုန်းများဖြစ်ပြီး တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ပလက်ဖောင်းများတွင် အဆန်းပြားဆုံးမဟုတ်သည့်တိုင် တာဝေးပစ်ထောက်လှမ်းရေး မစ်ရှင်များကို လုပ်ဆောင်နိုင်စွမ်းနှင့် အသုံးဝင်သော ပုံရိပ်ဖော်နိုင်စွမ်းရှိသည်။
ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မွတ်ဆလင်ဒုက္ခသည်များ၏ လှုပ်ရှားမှုများနှင့် အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် (ARSA) ဟု ယူဆရသောတပ်ဖွဲ့၏လှုပ်ရှားမှုများကို စောင့်ကြည့်ကင်းထောက်ရန် ၎င်း၏နယ်စပ်ကိုဖြတ်ကျော်၍ ဒရုန်းများ စေလွှတ်ခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်၌ CH-3 ထောက်လှမ်းရေးဒရုန်းများကို အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည့်ဖြစ်စဉ်များကို စောင့်ကြည့်ရန်အတွက် အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။
အချက်အလက်တွေကို ဘယ်မှာသုံးသလဲ
အဆိုပါပလက်ဖောင်းများမှ ရရှိသော ဒေတာများကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့်ပင် အသုံးပြုနိုင်စွမ်းရှိသည်။ အနီးအနား သို့မဟုတ် အချိန်နှင့်တပြေးညီ ပုံရိပ်များကို ရယူနိုင်သည့် အားသာချက်များအပြင် ကင်းထောက်လုပ်ငန်းစဉ် လုပ်ကိုင်နေသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်ရေးဆွဲသူများ သို့မဟုတ် စောင့်ကြည့်ရေးမစ်ရှင်များအထိ အကျိုးဖြစ်ထွန်းစေနိုင်သည်။ ထိုအရင်းအမြစ်များသည် မြေပုံရေးဆွဲသူများနှင့် လူဦးရေ ရွေ့လျားမှုများ၊ အခြေချနေထိုင်မှုပုံစံများ၊ မြေယာအသုံးပြုမှုနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်ရန်လည်း ကူညီပေးနိုင်သည်။
ထိုကဲ့သို့သော စီမံကိန်းများသည် ဦးသိန်းစိန် (၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သက်တမ်း) နှင့် ဒေါ်အောင်ဆန်းစုကြည် (၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်း) အစိုးရများလက်ထက်တွင် ဦးစားပေးနေရာ၌ရှိခဲ့ပြီး အားလုံးက ထောက်လှမ်းရေး အချက်အလက်ဆိုင်ရာ လေ့လာသုံးသပ်သူများအတွက် ထင်ရှားသော အကျိုးကျေးဇူးများကို ရရှိစေခဲ့သည်။
၂၀၂၁ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ အစွန်အဖျားတစ်ဝိုက်ရှိ လက်နက်ကိုင်နှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးများအတွက် ထောက်လှမ်းရေးဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့်ပင် ကွန်ရက်ဖြန့်ကျက် ချထားခဲ့သည်။
မော်စကိုသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောက်ဆုံးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၌ ဂြိုဟ်တုပုံရိပ် စောင့်ကြည့်လေ့လာရေး စင်တာတစ်ခုကို ပူးတွဲထူထောင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အာကာသစူးစမ်းလေ့လာရေးနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အခြေအနေတွင် ယင်းအကြောင်းအရာကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရုရှားဘက်က စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ၎င်း၏ကင်းထောက်ဂြိုဟ်တုမှ ဖမ်းယူရရှိထားသော အချက်အလက်များကို မျှဝေရန် ကမ်းလှမ်းထားကြောင်း တစ်ချိန်တည်းတွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် စောနေသေးပြီး သဘောတူညီချက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း ယခုခြေလှမ်းသည် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်ရန်နှင့် နိုင်ငံ၏ အတိုက်အခံလှုပ်ရှားမှုများကို စစ်ရေးအရ စစ်ဆင်ရေးများ စီစဉ်ဆောင်ရွက်ရန် စစ်အစိုးရ၏ စွမ်းဆောင်ရည်ကို အရေးပါ အဓိကကျသည့် မြှင့်တင်ပေးမှုတစ်ခု ဖြစ်လာနိုင်ချေရှိသည်။
ဟန်ဆက်လူနေ
Lowy Institute ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Russia to boost Myanmar’s imagery intelligence ဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် အန်ဒရူးဆက် (Andrew Selth) သည် သြစတြေးလျနိုင်ငံ၊ ဂရစ်ဖစ်တက္ကသိုလ်ရှိ ဂရစ်ဖစ်အေးရှ အင်စတီကျုတွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။