- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
အဖျက်သမားများ၏ တိုက်ခိုက်မှုဒဏ်ကို ခံနေရကြောင်း ရုရှားသမ္မတကို စစ်ခေါင်းဆောင် ပြောပြ
နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ခေါင်းဆောင်သည် လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် နယ်မြေဆုံးရှုံးမှုအပြင် စစ်ရေးအရှုံးနှင့် ရင်ဆိုင်နေရချိန်၌ အဆိုပါ တော်လှန်ရေးတပ်ဖွဲ့များကို အဖျက်သမားဟု စွပ်စွဲကာ ရုရှားသမ္မတကို ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။
05 Mar 2025

DMG ၊ မတ် ၅
မြန်မာနိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပ အဖျက်သမားများကို တိုက်နေရကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (မတ် ၄ ရက်)၊ ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်ထဲ၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ခေါင်းဆောင်သည် လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် နယ်မြေဆုံးရှုံးမှုအပြင် စစ်ရေးအရှုံးနှင့် ရင်ဆိုင်နေရချိန်၌ အဆိုပါ တော်လှန်ရေးတပ်ဖွဲ့များကို အဖျက်သမားဟု စွပ်စွဲကာ ရုရှားသမ္မတကို ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။
" ရုရှားနိုင်ငံရဲ့ နိုင်ငံတော်တည်ငြိမ်မှု မပျက်ပြားအောင် တုံ့ပြန်တဲ့ အထူးစစ်ဆင်ရေးကို ကျနော့်အနေနဲ့ အပြည့်အဝ နားလည်ပါတယ်။ အဆွေတော်ရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ မုချအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ပြည်တွင်း၊ ပြည်ပ အဖျက်သမားတွေကို တိုက်နေရပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်အား အပြည့်အဝထောက်ခံကြောင်းနှင့် အနောက်နိုင်ငံများ၏ ပရောဂများကြောင့် ယူကရိန်း အရေးအခင်းဖြစ်ခဲ့ကြောင်းကို နားလည်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
၎င်းအပြင် ရုရှားသမ္မတနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဟု လွန်ခဲ့သည့် နှစ် ၂,၅၀၀ ကျော် ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ဗျာဒိတ်တော်ပေးခဲ့သည်ဟု တွေ့ဆုံပွဲအတွင်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၇၃ နှစ်ကတည်းက မြန်မာဘာသာဖြင့် ပုံနှိပ်ထားခဲ့သည့် စာအုပ်တစ်အုပ်တွင် ထိုကဲ့သို့ ရေးသားထားခြင်း ဖြစ်ပြီး ၎င်းစာအုပ်အား ရုရှားသမ္မတအား ပေးခဲ့သည်။
စစ်ခေါင်းဆောင်က ရုရှားသမ္မတကို များစွာထောက်ခံကြောင်း ပြောနေသော်လည်း ရုရှားသမ္မတ ပူတင် က စီးပွားရေးနှင့် ပတ်သက်၍သာ ပြောကြားခဲ့ကြောင်း တွေ့ရသည်။
" ဒီနေ့ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နှစ်နိုင်ငံ အကျိုးစီးပွား ပူးတွဲကြေညာချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်။ အဲနေ့ကဆို ကျနော်တို့ နှစ်နိုင်ငံ ကုန်သွယ်မှု ရာခိုင်နှုန်း ၄၀ လောက် တိုးမြှင့်ခဲ့တယ်။ အဲဒါက နှစ်နိုင်ငံကုန်သွယ်ရေး အခွင့်အလမ်းအတွက် အင်မတန်ကောင်းပါတယ် " ဟု သမ္မတ ပူတင်က ဆိုသည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အပြန်အလှန် ပူးတွဲကြေညာခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးအတွက် ပညာရပ်ဆိုင်ရာ အရည်အသွေး၊ အကောက်ခွန်စတဲ့အခြေခံမူများပါဝင်သည့် နှစ်နိုင်ငံသဘောတူ ညီစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
" စစ်ကောင်စီဘက်က ရုရှားကို တော်တော်လည်း အားကိုးနေရတယ်လို့ မြင်တယ်။ ရုရှားအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ထားဝယ်အထူးစီးပွားရေဇုန်က လွှဲလို့ တခြားကြီးကြီးမားမား မရှိဘူး။ ဖြစ်နိုင်တာက စစ်ကောင်စီကို ရုရှားအနေနဲ့ စစ်လက်နက်ပစ္စည်း ရောင်းသူ-ဝယ်သူ ဆက်ဆံရေးပဲ ရှိတယ်လို့ ထင်တယ်" ဟု အမေရိကန်ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်)အား လေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင် က သုံးသပ်သည်။
ယခု ခရီးစဉ်မတိုင်မီ ရုရှားနိုင်ငံ၏ မြန်မာနိုင်ငံ တောင်ဘက်စွန်း ထားဝယ်အထူးစီးပွားရေးဇုံတွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုကို ယခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကောင်စီနှင့် သဘောတူလက်မှတ် ရေးထိုးထားသည်။
စစ်ကောင်စီသည် နိုင်ငံတွင်း စစ်ရေး ရှုံးနိမ့်မှုများ ကြုံနေရချိန် လေကြောင်းလက်နက်များဖြစ်သည့် ဂျက်ဖိုက်တာ၊ ဒရုန်း စသည့် လေကြောင်းပစ်ကူ စစ်လက်နက်များနှင့် ဆက်စပ်နည်းပညာ အထောက်အကူများရရန် ရုရှားဆီမှ မျှော်လင့်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
၎င်းအပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ နိုင်ငံတကာထောက်ခံမှု ရရှိရေးမှာလည်း ရုရှား ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်တစ်ခု ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက ရှုမြင်ကြသည်။
" ရွေးကောက်ပွဲလုပ်လိုက်ရင် စစ်ကောင်စီက တရားဝင်အစိုးရ ဖြစ်သွားမယ်။ နိုင်ငံရေး ထွက်ပေါက် ရသွားမယ်ပေါ့။ တရုတ်ကလည်း ရွေးကောက်ပွဲအတွက် ထောက်ခံတယ်။ ရုရှားကသာ စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံမယ်ဆိုရင် စစ်ကောင်စီအတွက်က အားရှိသွားမယ်။ အဲအတွက်လည်း မအလ (စစ်ခေါင်းဆောင်) က ကြိုးစားမယ်လို့ ထင်တယ် " ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်အား လေ့လာနေသူတစ်ဦးက သုံးသပ်သည်။
မြန်မာစစ်တပ်သည် နှစ်ပေါင်းများစွာကတည်းက စစ်လက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ရုရှားထံမှ ဝယ်ယူမှုများရှိခဲ့ပြီး ရောင်းသူ၊ ဝယ်သူ အဆင့်သာ ရှိခဲ့သည်။
သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ရုရှား ဆက်ဆံရေးသည် နီးကပ်လာခဲ့သည့်အပြင် နိုင်ငံတကာမျက်နှာစာတွင် စစ်ကောင်စီအား တရုတ်နှင့်အတူ ကျောထောက်နောက်ခံပြုပေးနေသည်။