ရွေးကောက်ပွဲအစား ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်ရန် စစ်ကောင်စီကို အာဆီယံဥက္ကဌ တိုက်တွန်း

“ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး၊ အခုဦးစားပေးရမှာက အပစ်ရပ်ရေးပဲဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလိုက်ပါတယ်” ဟု ဝန်ကြီး မိုဟာမက်ဟာဆန်က သတင်းထောက်များကို ပြောကြားသည်။

By Admin 21 Jan 2025

ပုံစာ - မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးနှင့်အတူ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP
ပုံစာ - မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးနှင့်အတူ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP

DMG ၊ ဇန်နဝါရီ ၂၁

နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းစစ်အရှိန် မြင့်တက်နေသည့်ကြားမှ ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ဦးစားမပေးသင့်ကြောင်း အာဆီယံက မြန်မာစစ်ကောင်စီကို ပြောကြားလိုက်သလို  စစ်ကောင်စီအနေဖြင့် ဆွေးနွေးအဖြေရှာရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်လည်း အာဆီယံက တိုက်တွန်းကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင်ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ဇန်နဝါရီလ ၁၉ ရက်၊ တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး၊ အခုဦးစားပေးရမှာက အပစ်ရပ်ရေးပဲဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလိုက်ပါတယ်” ဟု ဝန်ကြီး မိုဟာမက်ဟာဆန်က သတင်းထောက်များကို ပြောကြားသည်။

“ရွေးကောက်ပွဲမှာ အားလုံးပါဝင်ဖို့ လိုပါတယ်။ ကိုယ့်ဟာကိုယ် ကျင်းပနေလို့ မရပါဘူး။ သက်ဆိုင်သူတွေအားလုံး ပါဝင်ရပါမယ်” ဟု သူကပြောသည်။

၂၀၂၃ ခုနှစ်တွင် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်က မြန်မာ့အရေးကြောင့် တုံ့ဆိုင်းခံမည့်အစား အာဆီယံအနေဖြင့် လတ်တလောတွင် မြန်မာကို ထုတ်ပယ်လိုက်သင့်သည်ဟု ပြောကြားခဲ့ဖူးသည်။

လက်ရှိ အာဆီယံဥက္ကဌ ဖြစ်လာသော မလေးရှားအနေဖြင့် မြန်မာကိုအဖွဲ့မှထုတ်ပယ်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် ဤသည်မှာ ပုံပြင်ဟောင်းသာ ဖြစ်သည်ဟုလည်း ဝန်ကြီးကပြောသည်။

“ကျွန်တော်တို့အနေနဲ့ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ပါ ဆွေးနွေးညှိနှိုင်းပြီး တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ ဆိုတာအတွက် ဆွေးနွေးနေကြပါတယ်” ဟုလည်း မိုဟာမက်က ပြောကြားသည်။

မြန်မာနိုင်ငံအရေးအတွက် အာဆီယံ၏ သီးသန့်အထူးကိုယ်စားလှယ်အဖြစ် မလေးရှား သံတမန်ဟောင်း အော်သမန်ဟာရှင်းကို ခန့်အပ်ထားကြောင်းလည်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ အော်သမန်သည် မြန်မာသို့ များမကြာမီ သွားရောက်ရန် စီစဉ်ထားကြောင်းလည်း ဝန်ကြီးက ပြောသည်။

အော်သမန်သည် မလးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထွေထွေညွှန်ကြားရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အာဆီယံက ခန့်အပ်ခဲ့သည့် ငါးဦးမြောက် မြန်မာ့အရေး အထူးကိုယ်စားလှယ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ နှစ်လယ်ပိုင်းတွင် အာဆီယံသည် မြန်မာ့အရေး ကူညီဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့သည်။ အဆိုပါ သဘောတူညီချက်များကို မြန်မာစစ်ကောင်စီဘက်မှ လိုက်နာရန် ပျက်ကွက်နေသည့်အတွက် အာဆီယံသည် အဖွဲ့၏ ထိပ်သီးအစည်းအဝေးများကို စစ်ကောင်စီဘက်မှ အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

၂၀၂၅ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဌရာထူးကို မလေးရှားနိုင်ငံက တာဝန်ယူနေသည့် အချိန်၌လည်း မြန်မာကို ယခင်အတိုင်း တက်ရောက်ခွင့် ပိတ်ပင်ထားသည်ကို တွေ့ရသည်။ လန်ကာဝီအစည်းအဝေးသို့ မြန်မာဘက်မှ အကြီးတန်း သံတမန်တစ်ဦး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

“မြန်မာအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာဆောင်ရွက်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ရန်လိုမုန်းထားမှုတွေ ကို ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းရပါမယ်။ ဒါက ရှင်းရှင်းလေးပါ” ဟု ဝန်ကြီးမိုဟာမက်က ပြောသည်။

“ကျွန်တော်တို့ လိုလားတာက မြန်မာတစ်နိုင်ငံလုံးဆီ စာနာမှုအကူအညီတွေ ပေးအပ်နိုင်ဖို့ပါပဲ” ဟုလည်း ဝန်ကြီးက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။