- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
မြန်မာအပေါ် ချမှတ်ထားသည့် အာဆီယံ မူဝါဒများကို ပြန်လည်သုံးသပ်ရန် AAPP တောင်းဆို
အာဆီယံအနေဖြင့် စစ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်မှုများကို ရပ်တန့်ရန် အပါအဝင် အချက် ၅ ချက်ကို လေးစားလိုက်နာရန် စစ်ကောင်စီကို ပြောဆိုနေသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
03 Mar 2025

DMG ၊ မတ် ၃
မြန်မာ့အရေး ဖြေရှင်းရေးနှင့်ပတ်သက်၍ အာဆီယံမှ ချမှတ်ထားသည့် မူဝါဒများမှာ တစ်စုံတစ်ရာထိရောက်မှု မရှိသဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုလိုက်သည်။
အာဆီယံအနေဖြင့် စစ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်မှုများကို ရပ်တန့်ရန် အပါအဝင် အချက် ၅ ချက်ကို လေးစားလိုက်နာရန် စစ်ကောင်စီကို ပြောဆိုနေသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ထိုသို့ ကျူးလွန်နေခြင်းများမှာ လူသားဖြစ်တည်မှုကို ဆန့်ကျင့်သည့် ရာဇဝတ်မှုကို ကျူးလွန်သည်အထိ ဖြစ်နေပြီဟု AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က ပြောထားသည်။
"စစ်အုပ်စု (စစ်ကောင်စီ)ဟာ ထိရောက်တဲ့ ဖိအားပေးခြင်းတွေမရှိဘဲ အခုလို အကြမ်းဖက်မှုတွေကို ရပ်တန့်မည် မဟုတ်ပါ။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ မူဝါဒတွေကို ပြန်လည်သုံးသင့်ပါတယ်" ဟု ကိုဘိုကြည်က ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးကိုလည်း အာဆီယံအနေဖြင့် ဦးစားပေးဆောင်ရွက်သင့်ကြောင်း AAPP က တိုက်တွန်းထားသည်။
အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီက ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်မှု၊ ထောင်ဒဏ်ချမှတ်မှုများအပြင် အရပ်သားနေထိုင်ရာမြို့/ရွာများကို လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဖမ်းဆီးသတ်ဖြတ်မှု၊ မီးရှို့မှု စသည့် ရာဇဝတ်မှုမျိုးစုံကို နည်းလမ်းမျိုးစံဖြင့် ကျူးလွန်နေ၍ သေဆုံးမှု၊ ဖမ်းဆီးခံရသူဦးရေမှာလည်း နေ့စဉ်မြင့်တက်နေသည်။
AAPP ကောက်ယူထားသည့် စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၁၀၆ ဦး သေဆုံးသွားခဲ့ရပြီး နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၅ ဦး ရှိခဲ့ကြောင်း သိရသည်။
"စစ်ကောင်စီကတော့ ကမ်းကုန်အောင်မိုက်ရှုးရဲလုပ်ရပ်တွေ လုပ်နေတယ်။ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ ပြည်သူတွေအသက်က ထားစရာမရှိဘူး။ တနေရာမှ လုံခြုံတယ်ဆိုတာမရှိဘူး။ ကိုယ့်အသက် ရှင်သန်ရေးက ဒီနေ့လား မနက်ဖြန်လားပဲ စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို တားဆီးဖို့ လက်တွေ့ဆန်တာတွေ လုပ်ဖို့ ပြောလိုတယ်" ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းထားသည်မှာ ၄ နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေ၍ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရှိန်မှာလည်း မြင့်တက်လာနေသည်။
တစ်ဖက်တွင်လည်း ဒီမိုကရေစီအရေးလိုလားသည့် ပြည်သူလူထုက အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်မှုများကိုလည်း လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်အရှိန်မြင့်နေဆဲ ဖြစ်သည်။