- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ရပ် ယခုသီတင်းပတ်အတွင်း ထိုင်းမှာကျင်းပရန်ရှိ
ထိုင်းတွင်ပြုလုပ်မည့် ယခုသီးခြား တွေ့ဆုံပွဲများကို ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ်ဆန်ဂျီအမ်ဖောင်ဆာက ဦးဆောင်မည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
16 Dec 2024
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၌ ဆွေးနွေးပွဲနှစ်ရပ် ကျင်းပရန် ရှိနေပြီး အနည်းဆုံး တစ်ခုသို့ စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိကြောင်း ထိုင်းနိုင်ငံက ယနေ့ (ဒီဇင်ဘာ ၁၆) တွင် ပြောကြားလိုက်သည်။
မြန်မာ့အရေးကို အာဆီယံတွင် ဦးစားပေးဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေသည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားလိုက်သည့် တစ်ချိန်တည်း၌ ယခုကဲ့သို့ ဆွေးနွေးပွဲသတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ထိုင်းတွင်ပြုလုပ်မည့် ယခုသီးခြား တွေ့ဆုံပွဲများကို ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ်ဆန်ဂျီအမ်ဖောင်ဆာက ဦးဆောင်မည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
၁၉ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးသို့ မြန်မာဘက်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည် ဖြစ်ကာ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအရေး တို့ကို အလွတ်သဘော ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ နီကွန်ဂျက်ဘာလန်ကူရာက ပြောကြားသည်။
မြန်မာနှင့် နယ်စပ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း ဤအစည်းအဝေးသို့ တက်ရောက်ကြမည် ဖြစ်သည်။
ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့တွင် ကျင်းပမည့် အစည်းအဝေးမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနအဆင့် အစည်းအဝေးဖြစ်ကာ အာဆီယံအဖွဲ့ကြီးထဲမှ မြန်မာ့အရေး စိတ်ပါဝင်စားသူများ တက်ရောက်ကြမည် ဖြစ်သည်။ မြန်မာ့အရေးကို ကူညီဖြေရှင်းရန် အာဆီယံအဖွဲ့ကြီးက ၂၀၂၁ ခုနှစ်တည်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း ဤအစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု နီကွန်ဂျက်က ပြောကြားသည်။
သောကြာနေ့ အစည်းအဝေးသို့ မြန်မာဘက်မှ တက်ရောက်ရန် ရှိ မရှိ၊ ရှိလျှင် မည်သည့်အဆင့် တက်ရောက်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ အင်ဒိုနီးရှားကမူ မိမိတို့၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဟု ပြောကြားထားသည်။
၂၀၂၅ ခုနှစ်တွင် အလှည့်ကျ အာဆီယံဥက္ကဌဖြစ်လာမည့် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ကလည်း ၂၀၂၁ တည်းက ချမှတ်ခဲ့ပြီး မယ်မယ်ရရ တိုးတက်မှု မရှိလာသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်မည်ဟု သန္နိဌာန်ချထားကြောင်း ယနေ့တွင် ပြောကြားသည်။
“မြန်မာ့အရေးကို အာဆီယံမှာ ပြန်လည်ရှေ့တန်းတင် ဆောင်ရွက်ရာမှာ မြန်မာဘက်ကလည်း ပါဝင်လာစေရေးအတွက် မတူညီတဲ့ အဆင့်အသီးသီးမှာ ဆွေးနွေးညှိနှို်င်းမှုတွေ ဆောင်ရွက်နေပါတယ်” ဟု ကွာလာလမ်ပူမြို့တွင် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်ထရာနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အန်နဝါအီဗရာဟင်က ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အာဆီယံက တောင်းဆိုခဲ့သည်။ ထို့အပြင် လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အခြေအနေတစ်ရပ် ဖန်တီးရန်နှင့် အားလုံးအကျုံးဝင်သည့် ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကို မြန်မာကိုယ်တိုင် ဦးဆောင်စီစဉ်ဆောင်ရွက်ရန် အာဆီယံက တိုက်တွန်းထားသည်။