တော်လှန်ရေးအင်အားစုများအား ဖိအားပေးမှု ရပ်တန့်ရန် အာဆီယံကို တိုက်တွန်း 

အာဏာသိမ်းပြီးချိန်မှစ၍ ချမှတ်ထားခဲ့သည့် မြန်မာ့အရေးဖြေရှင်းချက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ ယနေ့တိုင် လုံးပန်းနေသဖြင့် မြန်မာနိုင်ငံရေးအခင်းအကျင်း ဖြေရှင်းနိုင်ရန် အာဆီယံကို အားကိုး၍ မရနိုင်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခက်တို့က ရှုမြင်ကြသည်။

By Admin 18 Dec 2024

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အာဆီယံ-ကုလ ထိပ်သီးညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အာဆီယံ-ကုလ ထိပ်သီးညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ။

DMG ၊ ဒီဇင်ဘာ ၁၈ 

စစ်အာဏာရှင်ဖြုတ်ချရေး တွန်းလှန်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်လူထု အဖွဲ့အစည်းများအား စစ်ကောင်စီနှင့်ထိတွေ့ရန် (သို့မဟုတ်) အပေးအယူလုပ်ရန် ဖိအားပေးမှုအားလုံးကို ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်း (၂၆၀) က အာဆီယံနိုင်ငံများသို့ တိုက်တွန်းလိုက်သည်။ 

အာဆီယံအနေဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် မြန်မာပြည်သူများဦးဆောင်သော ပြည်သူကိုဗဟိုပြုသည့် ဖြေရှင်းချင်းချက်ရရှိရန်နှင့် ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်အောင်ရွက်ရမည်ဟု ယနေ့ ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင်” ချဉ်းကပ်မှုသည် ပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံပံ့ပိုးပေးသည့် စစ်မှန်သောနိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရမည်ဟု အဖွဲ့အစည်းများက ဆိုသည်။  

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာ၌ စစ်ကောင်စီအား လုံးလုံးလျားလျား ဖယ်ထုတ်ထားသည့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကိုသာ ထောက်ခံအားပေးရန် အရပ်ဖက်အဖွဲ့အစည်းများက အကြံပြုထားသည်။ 

“တကယ်တော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်က လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ဘူး။ စစ်ကောင်စီကို ထိရောက်တဲ့ ဖိအားပေးမှုတွေလည်း မရှိခဲ့ဘူး။ ဒါကြောင့် ဒီထက်ပိုပြီး အာဆီယံက ခိုင်မာတဲ့ မူဝါဒနဲ့ လက်တွေ့မြေပြင်မှာ လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။  

အာဏာသိမ်းမှုအကျိုးဆက် နိုင်ငံတဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်အဟုန်မြှင့်တက်လျက်ရှိပြီး စစ်ကောင်စီက ထိုအခြေအနေကိုများကို ထိန်းညှိရန်အတွက် တရုတ်၏အကူအညီကို ရယူကာ ကြိုးပမ်းလုပ်ဆောင်နေသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးထွက်ပေါက်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန်ကြိုးပမ်းနေပြီး အာဆီယံနိုင်ငံအချို့ကလည်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထောက်ခံအားပေးမှုများ ရှိနေသည်။

ထိုအခြေအနေများသည် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမဟုတ်သဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြားရှုတ်ချပြီး ထောက်ခံမှုများ (သို့မဟုတ်) ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။ 

အာဆီယံအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီနှင့် စီးပွားရေး၊ စစ်ရေးအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင် ထိတွေ့ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။ 

“လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် အာဆီယံရဲ့လုပ်ဆောင်ချက်တွေက အားရကျေနပ်စရာ မရှိဘူး။ အာဆီယံကို တာဝန်ယူပြီး လုပ်နေသူတွေက ဖိအားပေးပြီး တွန်းတွန်းတိုက်တိုက် လုပ်ဆောင်တာမျိုး မရှိဘူး။ ပြည်တွင်းအရေးကို ဝင်ရောက်မစွက်ဖက်တဲ့ ပုံစံမျိုးတွေကို တွေ့မြင်ရတယ်။ ဒါပေမဲ့ စင်ကာပူတို့ အင်ဒိုနီးရှားတို့ဆိုရင် တချို့အပိုင်းတွေမှာ တင်းတင်းကျပ်ကျပ်‌ ပြောတာကို တွေ့ရတယ်။ အာဆီယံ ဆယ်နိုင်ငံလုံးက အားလုံးတွန်းတွန်းတိုက်တိုက် မလုပ်ဆောင်တာက အားနည်းချက်ပဲ” ဟု DMG သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ရှုမြင်သည်။  

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါး ကြာမြင့်လာနေပြီး တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ မြို့ပေါင်း ၈၆ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။  

အာဏာသိမ်းပြီးချိန်မှစ၍ ချမှတ်ထားခဲ့သည့် မြန်မာ့အရေး ဖြေရှင်းချက် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်မှာ ယနေ့တိုင် လုံးပန်းနေသဖြင့် မြန်မာနိုင်ငံရေး အခင်းအကျင်းဖြေရှင်းနိုင်ရန်အာဆီယံကို အားကိုး၍ မရနိုင်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခက်တို့က ရှုမြင်ထားကြသည်။