ICC အတွက် လက်ဆောင်အဖြစ် ရောက်လာသော ဒူတာတေးအမှု

သည်ဟိဂ်မြို့ရှိ ဖန်ထည်အဆောက်အအုံအတွင်းတွင် တည်ရှိသော တရားရုံးဆီသို့ အသက် ၇၉ နှစ်အရွယ် ဒူတာတေး လှမ်းလျှောက်ဝင်ရောက်လာသောအခါ၌ ၎င်းသည် ၎င်း၏ “မူးယစ်ဆေးဝါးစစ်ပွဲ” နှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရမည့် ပထမဆုံးသော အာရှသား နိုင်ငံတော်အကြီးအကဲ ဖြစ်လာလိမ့်မည်ဖြစ်သည်။

By Admin 18 Mar 2025

ဓာတ်ပုံ - France 24
ဓာတ်ပုံ - France 24

ဘက်ပေါင်းစုံမှနေ၍ မကြုံစဖူးသော တိုက်ခိုက်မှုများနှင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကိုပင် ရင်ဆိုင်နေရသော နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)ဆီသို့ ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ရိုဒရီဂို ဒူတာတေး၏ ထင်ရှားကျော်ကြားသည့်အမှု ရောက်လာခြင်းသည် အဖွဲ့အစည်းအတွက် လမ်းခင်းကြိုဆိုရမည့် အချိန်ကာလတစ်ခု ရောက်လာခြင်းဟု ကျွမ်းကျင်ပညာရှင်များက ပြောကြသည်။

သည်ဟိဂ်မြို့ရှိ ဖန်ထည်အဆောက်အအုံအတွင်းတွင် တည်ရှိသော တရားရုံးဆီသို့ အသက် ၇၉ နှစ်အရွယ် ဒူတာတေး လှမ်းလျှောက်ဝင်ရောက်လာသောအခါ၌ ၎င်းသည် ၎င်း၏ “မူးယစ်ဆေးဝါးစစ်ပွဲ” နှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရမည့် ပထမဆုံးသော အာရှသား နိုင်ငံတော်အကြီးအကဲ ဖြစ်လာလိမ့်မည်ဖြစ်သည်။

တရားရင်ဆိုင်ရန်အတွက် မနီလာမှနေ၍ သည်ဟိဂ်သို့ ဒူတာတေးကို လေပွေသဖွယ် လွှဲပြောင်းပို့ဆောင်လိုက်မှုသည် ဖိအားအောက်သို့ ရောက်ရှိနေသော ICC အတွက် အချိန်ကောင်းအခါကောင်းအဖြစ် ကွက်တိကျနေသည်ဟု နယ်သာလန်နိုင်ငံရှိ တီးလ်ဘတ်ဂျ်တက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေပညာရှင် ဝီလျံ ဗန်ဂျီနတ်ဂျ်တင်းန် က ပြောကြားသည်။

“ဒူတာတေးကို ဖမ်းဆီးပြီး လွှဲပြောင်းပေးအပ်လိုက်တာက အရေးကြီးတဲ့ အချိန်အခိုက်အတန့်မှာ လက်ဆောင်အဖြစ် ရောက်လာတာလို့ ကျွန်တော် မြင်ပါတယ်” ဟု ဥပဒေပညာရှင် ဝီလျံ ဗန် ဂျီနတ်ဂျ်တင်းန် က AFP သတင်းဌာနကို ပြောကြားခဲ့သည်။

အနောက်ဩစတြေးလျတက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ တွဲဖက်ပါမောက္ခ မီလာနီ အိုဘရိုင်ယန်က ဒူတာတေးကို ရုတ်တရက်ဖမ်းဆီးလိုက်မှုနှင့် အညံ့ခံစေမှုတို့ကို ကြီးကျယ်ခမ်းနားသော ဖြစ်စဉ်တစ်ရပ်ဟု မှတ်ချက်ပေးခဲ့သည်။

"ဒါဟာ ICC အတွက် တကယ့်ကိုပဲ အပြုသဘောဆောင်တဲ့အရာလို့ ကျွန်မ ထင်ပါတယ်။ နောက်ပြီး နိုင်ငံတကာဥပဒေနဲ့ တရားမျှတမှုအတွက် ယေဘုယျအားဖြင့်တော့ ဒါဟာ တကယ့်ကိုပဲ အပြုသဘောဆောင်တယ်လို့ ကျွန်မ ထင်ပါတယ်" ဟု သူမက AFP ကို ပြောကြားခဲ့သည်။

ICC ဝေဖန်ရေးသမားများသည် အောက်ခြေအဆင့်၊ အထူးအားဖြင့် အာဖရိကန်များ၊ သံသယရှိသူများနှင့် ညံ့ဖျင်းသော စီရင်ချက်မှတ်တမ်းအပေါ်သာ တရားရုံးဘက်က အာရုံစိုက်မှုကို လက်ညှိုးညွှန်ထောက်ပြ နေခဲ့ကြသည်။

“ဒီလိုငါးကြီးကြီးကို ဖမ်းမိဖို့က အရမ်းအရေးကြီးပါတယ်။ ပြစ်ဒဏ်စီရင်တာဟာ နိုင်ငံရေးခေါင်းဆောင်ဟောင်းတွေကိုတောင်မှ အလွတ်မပေးဘူးဆိုတာကို ကမ္ဘာသိအောင် ထပ်ပြီး ပြသလိုက်တာပဲဖြစ်ပါတယ်” ဟု ဗန် ဂျီနတ်ဂျ်တင်းန်က ပြောကြားခဲ့သည်။

အိုင်ဗရီကို့စ် သမ္မတဟောင်း လောရင့် ဂျီဘတ်ဂျ်ဘို အပြစ်ကင်းလွတ်ကာ တရားသေလွတ်မြောက်သွားခဲ့ခြင်း၊ ကွန်ဂိုဒုသမ္မတဟောင်း ဂျင်းန်ပီယာရေး ဘင်းမ်ဘာက အယူခံတွင် တရားသေလွတ်မြောက်သွားခြင်းနှင့် ကင်ညာသမ္မတဟောင်း အူဟူးရူး ကင်မ်ယတ်တာက စွဲချက်တင်ခံရခြင်းမှနေ၍ လွတ်မြောက်သွားခြင်းတို့မှာ ICC ၏ မြင့်မားလှသောပုံရိပ်ကို ကျရှုံးမှုနှင့် ထိခိုက်မှုများဖြစ်စေခဲ့သည်။

သို့သော် အိုဘရိုင်ယန်သည် ဒူတာတေး၏အမှုသည် ယခင်နိုင်ငံတော် အကြီးအကဲဟောင်းများနှင့် ပတ်သက်ခဲ့သော အမှုဟောင်းများထက် ICC ဘက်က အနိုင်ရရန် ပို၍သေချာလုနီးပါးဖြစ်သည့် အမှုတစ်ခုဟု ယုံကြည်ထားသည်။

ICC တရားသူကြီးများ ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းသည် လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ချိုးဖောက်သည့် ရာဇဝတ်မှု စွဲချက်တစ်ခုတည်း အတွက်သာဖြစ်သည်။

“တရားစွဲဆိုချက်က တစ်ခုတည်းပဲ ရှိတာပါ။ ဒီတော့ အစိုးရရှေ့နေအတွက် တရားရုံးကိုသွားတဲ့အခါ ဒါကိုအာရုံစူးစိုက်ဖို့ ပိုပြီးလွယ်ကူစေပါတယ်" ဟု အို ဘရိုင်ယန်က ပြောခဲ့သည်။

ဒူတာတေး သည် Facebook ဗီဒီယိုတစ်ခုတွင် "ကျွန်တော် ရဲနဲ့ စစ်တပ်ကို ပြောထားပြီးပါပြီ။ ဒါဟာ ကျွန်တော် လုပ်ခဲ့တဲ့အလုပ်ဆိုတာနဲ့ ဒါအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်"ဟု ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် ၎င်း၏လုပ်ရပ်အတွက် တာဝန်ရှိကြောင်းကို လက်ခံထားပြီးဖြစ်သည့်ပုံစံ ပုံပေါ်လျက်ရှိသည်။

ရပ်တည်ရေး အန္တရာယ်

မကြာသေးသော ဒီဇင်ဘာလ၌ ICC ဥက္ကဌ တိုမိုကို အေကာနီက သူမ ဦးဆောင်နေသော အဖွဲ့အစည်းအတွက် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရသည့် ဖြစ်တည်မှုဆိုင်ရာ အန္တရာယ်ကို သတိပေးခဲ့သည်။

ယူကရိန်းမှ ကလေးငယ်များကို အတင်းအကြပ် လွှဲပြောင်းပေးမှု စွပ်စွဲချက်ဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီးသည့်နောက်တွင် ၂၀၂၃ ခုနှစ်၌ ရုရှားသည် ICC ရှေ့နေချုပ် ကာရင်းမ်ခန်းကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

ပြီးခဲ့သောလ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် “အမေရိကန်ပြည်ထောင်စုနှင့် အမေရိက၏ ရင်းနှီးသောမဟာမိတ် အစ္စရေးကို ပစ်မှတ်ထား၍ တရားမဝင်သော၊ အခြေအမြစ်မရှိသော လုပ်ရပ်များကို လုပ်ကိုင်နေသည်” ဟု ပြောကြား၍ ICC ကို ဒဏ်ခတ်အရေးယူမှုများနှင့် ထိုးနှက်ခဲ့သည်။

ဂါဇာစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် ICC သည် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂေါလ်လန့်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဒူတာတေးအမှုနှင့် စပ်လျဉ်း၍ ၎င်းကိုထောက်ခံသူများဘက်က တရားရုံးသည် ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ဝေဖန်လာခဲ့ရုံသာမကဘဲ တရုတ်ကလည်း နိုင်ငံရေးနှင့် လူမှုရေးကို စံနှုန်းနှစ်ထပ်ပုံစံမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု သတိပေးခဲ့သည်။

“တိုက်ခိုက်ထိုးနှက်ခံရမှုတွေအောက်ကို ရောက်နေချိန်မှာ ဒါက တရားရုံးအတွက် တကယ့်ကို စိန်ခေါ်မှုကြီးမားတဲ့ အချိန်ကာလပါပဲ”ဟု အို ဘရိုင်ယန်က ပြောကြားခဲ့ပြီး ယခုအမှုဖြစ်စဉ်မှာ ICC အတွက် ထွန်းလင်းတောက်ပခွင့်ရနိုင်ရန် အခွင့်အရေးတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

“တကယ်လို့ ဒီရုံးတင်စစ်ဆေးမှုက အဆင်ပြေချောမွေ့မယ်၊ သက်သေအထောက်အထားတွေ ကောင်းကောင်းပြပြီး ဒူတာတေးကို အပြစ်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီတရားရုံးက ဒီလိုအကြောင်းပြချက်နဲ့ ရှိနေရတာပါလို့ ပြောရတာဟာ အပြုသဘောဆောင်တဲ့အရာပါပဲ” ဟု သူမ(အို ဘရိုင်ယန်)က ပြောကြားခဲ့သည်။

ခေါင်းဆောင်ဟောင်းတစ်ဦးကို လွှဲပြောင်းပေးအပ်ရန် ဖိလစ်ပိုင်၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ကိုးကား၍ နိုင်ငံတကာဥပဒေသည် အချို့သောသူများ ထင်မှတ်ထားသကဲ့သို့ အားမနည်းကြောင်း ခန်းကိုယ်တိုင်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဖရေဆာဗယ်လီတက္ကသိုလ်မှ ရာဇဝတ်မှုဗေဒနှင့် မှုခင်းရေးရာတရားမျှတမှု လက်ထောက်ပါမောက္ခ မာ့ခ်ကာစတင်းက ယခုဖြစ်စဉ်သည် ICC အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံတော် အကြီးအကဲဟောင်းတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြလိုက်တာက ကမ္ဘာပေါ်မှာ သူ့(ICC)ရဲ့ ဆက်နွယ်ပတ်သက်မှုနဲ့ သက်ရောက်မှုတွေ အားကောင်းမောင်းသန် ရှိနေဆဲပဲဆိုတာကို သရုပ်ပြလိုက်တာပါပဲ။ တစ်ခုခု အပြင်းအထန် လိုအပ်နေချိန်မှာ အချိန်ကိုက်အခါကိုက် အခွင့်အရေးတစ်ခု ပေးလိုက်တာပါ” ဟု သူ(မာ့ခ် ကာစတင်း)က AFP ကို ပြောကြားခဲ့သည်။

ICC ကို ဝေဖန်သူများကမူ ပူတင် သို့မဟုတ် နေတန်ယာဟုကို တရားရုံးက ထုတ်ထားသော ဖမ်းဝရမ်းများသည် တရာရုံးက အသက်ဝင်အောင် မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည် မဟုတ်သောကြောင့် အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မရှိဟု ပြောဆိုကြသည်။

သို့သော် စံနှုန်းများ မည်ရွေ့မည်မျှ မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်စွမ်းရှိသည်ကို ဒူတာတေး အမှုက ပြသလျက်ရှိသည်။

"အခုလောလောဆယ် ပူတင်ကို ဘယ်သူမှ လွှဲပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အကြောင်းအရာတွေ၊ ဖြစ်စဉ်တွေက ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော် ဆိုလိုတာက အုပ်ချုပ်ရေးတွေက အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ ဘယ်နိုင်ငံမှာ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်လာမယ်ဆိုတာကိုတော့ ကျွန်တော်တို့ သေချာပေါက် မသိနိုင်ပါဘူး"ဟု အို ဘရိုင်ယန်က ပြောကြားသည်။

“ဒါက တကယ်ကို အပြုသဘောဆောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြနိုင်လို့ပါပဲ” ဟု သူမက ဆိုသည်။

ဟန်ဆက်လူနေ

AFP သတင်းဌာနက ရေးသားဖော်ပြသည့် Duterte case seen as a 'gift' for embattled ICC သတင်းဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုပါသည်။