“စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲ တာကြောင့် စစ်ဘေးရှောင်တွေများလာတာ”

စစ်ဘေးရှာင်တွေဟာ အကူအညီအထောက်ပံ့နည်းပါးတာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်‌ဈေး နှုန်း မြင့်တက်မှုတွေကြားမှာ စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေများစွာကို ဘယ်လို ဖြတ်သန်းနေလဲ ဆိုတာနဲ့ပတ်သက်လို့ ကျောက်ဖြူမြို့နယ်၊ စစ်ဘေးရှောင်အရေးကူညီပေးရေး ကော်မတီ တာဝန်ခံ ကိုအောင်အောင်ကို DMG က တွေ့ဆုံ မေးမြန်းထားပါတယ်။

By Admin 01 Jan 2025

“စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲ တာကြောင့် စစ်ဘေးရှောင်တွေများလာတာ”

 
DMG ၊ အင်တာဗျူး 

ဘီလီယံနဲ့ ချီတန်ဖိုးရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ဟာ စစ်ကောင်စီနဲ့ AA တို့ ခပ်စိပ်စိပ် တိုက်ပွဲဖြစ်ပွား တာကလွဲလို့ ပြင်းပြင်းထန်ထန်မရှိ သေးပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ နှစ်ဘက် စစ်ဆိုင်နေတဲ့ အနေအထား မြင်ရပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ ကြောင့် မြို့ပေါ်ရပ်ကွက်အပါအဝင် အနီးနားကျေးရွာ ၂၀ ကျော်က ဒေသခံ ဦးရေ ၁၃,၀၀၀ ဝန်းကျင်လောက် ဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတာ အခုဆိုရင် အချိန် တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

စစ်ဘေးရှာင်တွေဟာ အကူအညီအထောက်ပံ့နည်းပါးတာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်‌ဈေးနှုန်းမြင့်တက်မှုတွေကြားမှာ စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေများစွာကို ဘယ်လို ဖြတ်သန်းနေလဲဆိုတာနဲ့ပတ်သက်လို့ ကျောက်ဖြူမြို့နယ်၊ စစ်ဘေးရှောင်အရေးကူညီပေးရေး ကော်မတီတာဝန်ခံ ကိုအောင်အောင်ကို DMG က တွေ့ဆုံ မေးမြန်းထားပါတယ်။

DMG - လက်ရှိ ကျောက်ဖြူမြိုနယ်မှာ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိလဲ။ စခန်းဘယ်နှစ်ခုလောက်မှာ နေထိုင်ကြတာလဲ သိပါရစေ။

ကျနော်တို့ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် အရေအတွက်ကတော့ လူသားချင်းစာ နာထောက် ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားတဲ့ ဒေတာအချက် အလက်တွေ (၁၃,၀၀၀ ဝန်းကျင်လောက်) ကတော့ အမှန်ဖြစ်ပါတယ်။ နေထိုင်တဲ့ နေရာကျတော့ စစ်ဘေး ရှောင်တွေရဲ့ လုံခြုံရေးအခြေ အနေပေါ် မူတည်ပြီးတော့  ထုတ်ပြောဖို့က အင်မတန်ခက်ပါတယ်။ ဒါပေမဲ့လည်း စစ်ဘေးရှောင်တွေ နေတဲ့နေရာကတော့ ကန့်(စခန်း) အနေနဲ့ဆိုရင် ကျောက်ဖြူ မြို့နယ်မှာ (၁၃) ခုရှိပါတယ်။

DMG - သိရသလောက် ကျောက်ဖြူမှာ တိုက်ပွဲကြီးကြီးမာမား ဖြစ်တာကိုမတွေ့ရဘူး။ ဒါပေမဲ့ စစ်ဘေး ရှောင်ဦးရေ တိုးနေတာတွေ့ရတယ်။ အဲဒါ ဘာကြောင့်လဲ။

စစ်ဘေးရှောင်တွေ တိုးလာရတဲ့ အကြောင်းရင်းကတော့ စကစ ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ပြီးတော့ မလိုအပ်ဘဲနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာ၊ ပြီးတော့ မထင်ရင် မထင်သလို ဒရုန်းနဲ့ ပစ်တာတွေရှိတယ်။ စစ်ကြောင်းထိုးလာတဲ့ အနီးအနားဝန်းကျင်ကျတော့ အရမ်းကို အန္တရာယ်များပါတယ်။ စစ်ကြောင်းထိုးလာတဲ့ ရွာတွေထဲကိုလည်း ပြည်သူတွေက ပြန်ပြီးတော့ ဝင်ရောက်ခိုလှုံဖို့၊ နေထိုင်ဖို့ကလည်း လုံးဝအဆင်မပြေတဲ့ အနေအထားဆိုတော့ ကျနော်တို့ ကော်မတီအနေနဲ့ ဒီစစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ကျနော်တို့ကပဲ ကူညီဖြေရှင်း ပေးနေတာ ဖြစ်ပါတယ်။ 

DMG - စစ်ဘေး‌ရှောင်တွေရဲ့ အဓိက အခက်အခဲစိန်ခေါ် မှုက ဘာတွေလဲ။ 

အမှန်တကယ် အရေးတကြီး လိုအပ်တာကတော့ စားနပ်ရိက္ခာဖြစ်တယ်။ နောက်အရေးကြီးတဲ့ ကိစ္စကတော့ ဆေးဝါးဖြစ်တယ်။ ဆေးဝါးက ကျနော်တို့ စစ်ရှောင်ကော်မတီအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ကူညီဆောင်ရွက်ပေးထားတာ ရှိတယ်။ အခုဆိုရင် အများသိကြတဲ့အတိုင်း ကျနော်တို့ဆီမှာ အင်တာနက် အခက်ခဲတွေ ရှိတယ်။ ဒီအခက်အခဲတွေကို ကျနော်တို့က ဘယ်လိုဖြေရှင်းလဲဆိုတော့ အရင်တုန်းက ကျ နော်တို့ ကူညီဖြေရှင်းပေးတဲ့ ပုံစံက နိုင်ငံခြားကို ရောက်နေတဲ့ ရခိုင်လူမှုအဖွဲ့ အစည်းတွေရှိတယ်။ နောက်ပြီး တော့ ရခိုင်လူမှုအသိုင်း အဝန်းတွေကနေပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ်လုပ်ပြီး ကူညီဖြေရှင်း ထားတာရှိ ပါတယ်။ အခု ကျနော်တို့ကို စကစ ကနေပြီးတော့ လမ်းကြောင်းတွေ ပိတ်ဆို့တာတွေရှိတယ်။ နောက်တစ်ချက်က အင်တာနက်အဆင်မပြေတော့ စစ်ရှောင်တွေဟာ ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အင်မတန် အခက်အခဲဖြစ် တာတွေလည်း ရှိတယ်။ အရေးတကြီး လိုအပ်တာကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်ပါတယ်။

DMG - စစ်ဘေးရှောင်အရေး ကူညီပေးရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိတယ်ဆိုတာကိုလည်း သိချင်ပါ တယ်။

ကျနော်တို့ စစ်ဘေးရှောင်များ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (ကျောက်ဖြူ) အနေနဲ့ကတော့ ၂၄ နာရီ ပတ်လုံး စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းနေတာရှိပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲဆိုရင် ကျန်းမာရေးကအစ မွေးဖွားလူနာ၊ ပြီးတော့ သေဆုံးတဲ့အထိ တာဝန်ယူပြီးတော့ ဖြေရှင်းပေးထား တာရှိပါတယ်။ အဲဒီမှာ အခက်အခဲက ဘာဖြစ်လဲဆိုရင် အခုက ဆေးဝါးတွေလည်း ရှားပါတယ်။ စားနပ်ရိက္ခာ ဆေးဝါးကလည်း အဆမတန် ဈေးကြီးတယ်ဆိုတော့ ကျနော်တို့မှာ အခက်အခဲက အဓိက ငွေကြေးပါပဲ။ ငွေကြေးဆိုတော့ နိုင်ငံခြားကို ရောက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ အင်တာနက် အခက်အခဲကြောင့် အဆက် အသွယ်ပြတ်တောက်နေတယ်ဆိုတော့ စစ်ရှောင်ကော်မတီမှာ ငွေကြေးအခက် အခဲကတော့ အများကြီးကြုံတွေ့ နေရပါတယ်။

DMG - ရခိုင်မှာ အခု စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတော့ တစ်ဖက်မှာ လူမှုကူညီရေးအဖွဲ့တွေဆို ရင်လည်း လွတ်လပ်စွာ လုပ်ကိုင် ခွင့်မရကြဘူး။ ဒီအပေါ်မှာ ဘာပြောချင်သလဲ။

ဒီအချိန် ဒီကာလဆိုတာကတော့ လူတိုင်းခက်ခဲကြမှာပါပဲ။ ဒါတွေကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ဆို ပိုဆိုးတာပေါ့။ လူတွေအများကြီးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေရတဲ့ အဖွဲ့အ စည်းတွေ ဆိုတော့လေ။ ဒါပေမဲ့ ကျနော်တို့ အဆင်ပြေသလိုတော့ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး ထားတာ ရှိပါ တယ်။ နယ်မြေလုံခြုံရေး အခြေအနေကိုကျတော့ ကျနော်တို့ ပြောရမယ်ဆိုရင် အင်မတန်ခက်ပါတယ်။ ကျနော်တို့နဲ့သက်ဆိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုတော့ နယ်မြေရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး အဆင်ပြေသလို သွားလာပြီးတော့ စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ကူညီပေးနေရတာတော့ ရှိပါတယ်။

DMG - လက်ရှိ ကျောက်ဖြူမှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေကြတယ်။ ဒီအပေါ်မှာ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကရော ဘယ်လိုရှိနေကြလဲ။

မြေပြင်မှာကတော့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လူနေတဲ့ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတယ်။ လက်နက်ကြီးထိလို့ သေသွားတဲ့လူတွေလည်း ကျောက်ဖြူမြို့နယ်ထဲမှာ ရှိပါတယ်။ အခုကျတော့ စစ်ရေးနဲ့ ပတ်သက်ပြီး သိထားတာဘာမှတော့ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီကတော့ မလိုအပ်ဘဲနဲ့ ကျေး ရွာတွေကို စစ်ကြောင်းထိုးလာတာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ ပြီးတော့ ဒရုန်းနဲ့ လာပြီးတော့ ဗုံးကြဲတာ တွေကြောင့်လည်း စစ်ဘေးရှောင်တွေများလာတာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ စိုးရိမ်မှုဆိုတာက တော့ ဘယ်လိုပြောရမလဲ ဒီလောက်ခက်ခဲတဲ့ ကာလမျိုးမှာ စစ်ရှောင်လာရတာဆိုတော့ ပိုခက်ခဲတာပေါ့။ အတတ်နိုင်ဆုံး သူတို့ ခံစားချက်တွေကို နားထောင်တဲ့အခါမှာ သူတို့ရဲ့ အိမ်တွေကို ပြန်ချင်တယ်လို့ ပြောတာ ပေါ့နော်။ အတတ်နိုင်ဆုံးတော့ စစ်ပွဲတွေ အမြန် ပြီးဆုံးချင်တဲ့အကြောင်း စစ်မရှောင်ချင်တဲ့ အကြောင်းကို ပြောကြတယ်။ 

DMG - လက်ရှိ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ယောက်အနေနဲ့ ရခိုင်ပြည် စစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဖြည့်စွက်ဘာများပြောချင်တာရှိမလဲ။

ကျနော်တို့ ဒီစစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတယ်ဆိုတာက မြေပြင်မှာ ချွေးနဲ့ရင်းပြီး ကူညီတာပေါ့။ တကယ့် ချွေးရဲ့နောက်မှာ ဘာတွေရှိလဲဆိုတော့ ငွေကြေးတွေရှိတယ်။ ဒီငွေကြေးနဲ့ပဲ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက်အခက် အခဲတွေရှိလာတဲ့နောက်မှာ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးကိစ္စမှာ အခက်အခဲအများကြီး ဖြစ်တာရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို အဆင်ပြေအောင်တော့ ကူညီဖြေရှင်းတာတွေ ရှိပါတယ်။ ဆိုလိုတာကတော့ အရင်က မွေးလူနာတစ်ဦးဆိုရင် (ငွေကျပ်) နှစ်သိန်းငါးသောင်း လောက်ကုန်ကျတဲ့ နေရာမှာ အခုဆိုရင် လေးသိန်းခွဲကနေ ငါးသိန်း ထိကုန်ကျတာတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားကို ရောက်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ရခိုင်သူ/ရခိုင်သားတွေက ကျနော်တို့ ကော်မတီကို အရင်တုန်းကရော အခုရော ပံ့ပိုးကြတာတွေ ရှိပါတယ်။ ဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ပြီးတော့လည်း စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ဆက်ပြီးတော့ ထည့်ဝင်ပေးကြပါ။ ဒါမှ ကျနော်တို့ စစ်ဘေးရှောင်တွေကို ကူညီတဲ့အခါမှာ အများကြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ 

အခုလို DMG ကို အချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။