- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ဒုက္ခသည်များ နေရပ်ပြန်ပို့နိုင်ရေး ကုလကိုယ်စားလှယ်ထံ ဘင်္ဂလားဒေ့ရှ် တောင်းဆို
ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မွတ်ဆလင် ဒုက္ခသည်အရေးနှင့်ပတ်သတ်၍ ကုလသမဂ္ဂကို အားကိုးခြင်းထက် လက်ရှိတွင် အာရက္ခတပ်တော်ကို ကမ်းလှမ်းဆွေးနွေးမှ ပိုမိုထိရောက်သည့် နည်းလမ်းများ ထွက်ပေါ်လာမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
24 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၄
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အစီအမံတစ်ခု ပြင်ဆင်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ် (Ms. Julie Bishop) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးအကြံပေး Farul Azam က တောင်းဆိုလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribue သတင်း ဖော်ပြချက်အရ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၃)က ဒါကာမြို့၌ ပြုလုပ်သည့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက် ယူနွတ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုက္ခသည်များဘေးကင်းလုံခြုံစွာနှင့် မိမိဆန္ဒရှိသည့်အတိုင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် အကျပ်အတည်းတို့ကို ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း အထူးကိုယ်စားလှယ်က ပြောခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မွတ်ဆလင် ဒုက္ခသည်အရေးနှင့်ပတ်သတ်၍ ကုလသမဂ္ဂကို အားကိုးခြင်းထက် လက်ရှိတွင် အာရက္ခတပ်တော်ကို ကမ်းလှမ်းဆွေးနွေးမှ ပိုမိုထိရောက်သည့် နည်းလမ်းများ ထွက်ပေါ်လာမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
“ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဒုက္ခသည်အရေးကို UN ကိုပဲ တောင်းဆိုနေပြီး AA ကို အသိအမှတ်မပြုဘဲ ဆွေးနွေးမှု မလုပ်ရင် ဘယ်တော့မှ ထိရောက်မှာ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ သဘောက UN က AA ကို ဖိအားပေးစေချင်တာ လို့မြင်တယ်။ ဒုက္ခသည်တွေအတွက် safe zone လုပ်ပေးဖို့ တောင်းတဲ့ကိစ္စ နေရပ်ပြန်ဖို့ကိစ္စက AA မပါရင် ဘာမှမထူးဘူး။ နှစ်နိုင်ငံ အာဏာပိုင်တွေကပဲ အဓိက ကျပါတယ်” ဟု ULA တရားရေးဌာနမှ တရားသူကြီးတစ်ဦးက သုံးသပ်သည်။
ရခိုင်ပြည်အတွင်းမှ ထွက်ပြေးခိုလှုံနေကြရသည့် မွတ်ဆလင်ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကူညီပံ့ပိုးထားခြင်းကို ကုလသမဂ္ဂအနေဖြင့် ကောင်းစွာနားလည်ပြီး ယခုအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟုလည်း အထူးကိုယ်စားလှယ်က ပြောဆိုခဲ့သည်။
လာမည့် မတ်လအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် ဒုက္ခသည်စခန်းများကို သွားရောက်မည်ဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။
၎င်းအပြင် မွတ်ဆလင်ဒုက္ခသည်အရေးဖြေရှင်းရန် နည်းလမ်းသစ်များနှင့် ထောက်ပံ့ရန် အလှူရှင်အရေးအပါအဝင် ယခုနှစ်အတွင်း မွတ်ဆလင်ညီလာခံကျင်းပမည့်အပေါ် အကြုံပြုချက်များပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဖော်ပြသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသအတွင်း အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြသည့် မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတို့အား အခြေပြု စည်းရုံးနေသည့်လုပ်ရပ်မှာ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးတွင် အဟန့်အတားများ ဖြစ်စေကြောင်းလည်း သုံးသပ်နေကြသည်။
“ARSA တို့ RSO အဖွဲ့တွေက အဲဒုက္ခသည်စခန်းတွေကို အဓိက အားကိုးပြီး ဒီဖက်က AA ကို ဒုက္ခပေးနေတာ။ ဘင်္ဂလားဒေ့ရှ်ကလည်း ထိထိရောက်ရောက် မလုပ်ဘူး။ အခု အဲစခန်းတွေမှာပဲ စည်းရုံးတာတွေ လှုံ့ဆော်တာတွေ အရှိုန်မြှင့်လုပ်ဆောင်လာနေတယ်။ ရေရှည်ဆို AA အတွက် စိန်ခေါ်မှုကြီးလာနိုင်တယ်။ တစ်ဖက်မှာ ဒုက္ခသည် တစ်ဖက်မှာ လက်နက်ကိုင် ဘယ်လိုကိုင်တွယ်မလဲ၊ ခက်ခဲတဲ့ ကိစ္စဖြစ်တာမို့ AA က သတိထားဖို့တော့လိုတယ်” ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်အား လေ့လာနေသူတစ်ဦးက ရှုမြင်သည်။
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA နှင့် Rohingya Islami Mahaaz (Arakan) တို့ ပူးပေါင်းပြီး ဒီလ်မာမော့ ဆိုသူက ဦးဆောင်ကာ AA ကို တိုက်ခိုက်နေသည်။
ထိုမွတ်ဆလင် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့သည် မွတ်ဆလင်ဒုက္ခသည်စခန်းများမှ လူငယ် တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် အတင်းအဓ္ဓမ ခြိမ်းခြောက်ပြီး စစ်သင်တန်းပေးသည့်အပြင် AA ကို တိုက်ခိုက်ရန် လှုံဆော်စည်းလုံးမှုများလုပ်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။
ကုလသမဂ္ဂအနေဖြင့် မွတ်ဆလင်ဒုက္ခသည်များအတွက် ဘေးကင်းဇုန် (Safe Zone) တစ်ခု သတ်မှတ်ထားရှိပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ် က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က တောင်းဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသမှ မွတ်ဆလင် ၇ သိန်းကျော် ထွက်ပြေးခဲ့ရပြီး ယနေ့အထိ ပြန်မလာနိုင်ကြသေးပေ။