စခန်းအနီး မိုင်းပေါက်ကွဲမှုများကြောင့် ကျောက်တစ်လုံး ဒုက္ခသည်များ စိုးရိမ်မှုမြင့်တက်နေ

ဒုက္ခသည်စခန်းအနီးရှိ ဒေသအခေါ် လှီကျော်ကာရီနှင့် ကျောက်ဆင်တောင် တောက်လျှောက်တို့တွင် ယခုနှစ် အစောပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားပြီး မိုင်းပေါက်ကွဲမှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုရှိနေခြင်းဖြစ်သည်။

By Admin 17 Mar 2025

ပုံစာ - ကျောက်တလုံး ဒုက္ခသည်စခန်းကို ၂၀၂၃ ဇူလိုင်လကတွေ့ရစဉ်။
ပုံစာ - ကျောက်တလုံး ဒုက္ခသည်စခန်းကို ၂၀၂၃ ဇူလိုင်လကတွေ့ရစဉ်။

စခန်းအနီး မိုင်းပေါက်ကွဲမှုများကြောင့် ကျောက်တစ်လုံး ဒုက္ခသည်များ စိုးရိမ်မှုမြင့်တက်နေ

DMG ၊ မတ် ၁၇

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းအနီး ပတ်ဝန်းကျင်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားပြီး မိုင်းပေါက်ကွဲမှုများရှိနေ၍ ဒုက္ခသည်များမှာ စိုးရိမ်နေကြသည်။

ဒုက္ခသည်စခန်းအနီးရှိ ဒေသအခေါ် လှီကျော်ကာရီနှင့် ကျောက်ဆင်တောင် တောက်လျှောက်တို့တွင် ယခုနှစ် အစောပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားပြီး မိုင်းပေါက်ကွဲမှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုရှိနေခြင်းဖြစ်သည်။

“မိုင်းပေါက်ကွဲလို့ စခန်းက လူငယ်တစ်ယောက် ခြေထောက်ဖြတ်ထားရတယ်။ မွေးထားတဲ့ ဆိတ်၊ နွားတွေလည်း ဒဏ်ရာရတာရှိတယ်။ မိုင်းတွေက စခန်းနဲ့ အနီးမှာရော အဝေးမှာပါ မကြာခဏ ပေါက်ကွဲနေတာကြောင့် ဘယ်သူမှ အပြင်ကို မထွက်ရဲတော့ဘူး” ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။ 

အသက် (၁၇) အရွယ် ကိုဘူကာသည် ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်က ကျောက်ဆင်တောင်အနီးတွင် မြေမြှုပ်မိုင်း နင်းမိသဖြင့် ညာဘက်ဒူးကောက်ဝတ် ပြတ်ထွက်ကာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီနှင့် မတ်လအစောပိုင်းကလည်း မိုင်းပေါက်ကွဲမှုကြောင့် အိမ်မွေးတိရိစ္ဆာန်များ ဒဏ်ရာရရှိကြသဖြင့် ဒုက္ခသည်စခန်း ပတ်ပတ်လည်တွင် မိုင်းအန္တာရာယ်ကို ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။ 

“အခုမိုင်းထောင်ထားတဲ့ နေရာတွေဟာ လွန်ခဲ့တဲ့ မိုးရာသီအထိ မြို့ဘက်ကို အလွယ်တကူသွားနိုင်ခဲ့တာမို့ ဈေးရောင်း၊ ဈေးဝယ် အတွက်လည်း အဆင်ပြေခဲ့တယ်။ အခု မိုင်းအန္တယ်ကြောင့် လုပ်ကိုင်၊ စားသောက်ဖို့ နေရာမရှိတော့ဘဲ စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံနေရတယ်” ဟု နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

လူဦးရေ ၁,၀၀၀ ကျော် နေထိုင်သော ကျောက်တစ်လုံး ဒုက္ခသည်စခန်းသည် စစ်ကောင်စီ၏ ခမရ  ၅၄၂ တပ်ရင်း နှင့် ခမရ ၅၄၃ တပ်ရင်းကြားတွင် တည်ရှိသည်။ အဆိုပါ စခန်းတွင် ပြီးခဲ့သည့် ၂၀၂၄ နှစ်ဆန်းပိုင်းက အမျိုးသား ၁၀၀ ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ခဲ့သည်။

ယင်းနောက် စစ်မှုထမ်းခေါ်ယူခြင်းမှ ကင်းလွတ်ရန် မွတ်ဆလင်အချို့သည် ULA/ AA ထိန်းချုပ်နယ်မြေများကို ထွက်ပြေးကြသဖြင့် ကျောက်တစ်လုံးစခန်းကို လုံခြုံရေးတင်းကျပ်ကာ စခန်းအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားခဲ့ခြင်းဖြစ်သည်။ 

“အပြင်ကို ထွက်မယ်ဆိုရင် စစ်တပ်မှာ သတင်းပေးရတယ်။ ဒါပေမဲ့ လူတိုင်းထွက်ခွင့် ရတာမျိုး မဟုတ်ဘူး။ ထွက်တဲ့အခါမှာလည်း ဂိတ်တွေမှာရှိတဲ့ ရဲနဲ့ စစ်သားတွေကို လာဘ်ထိုးရတာရှိတယ်။ ပြောရမယ်ဆိုရင် ကျနော် တို့လူမျိုးတွေကို ပိတ်လှောင်ပြီးတော့ ဒုက္ခတွေ ခံခိုင်းထားတယ်” ဟု နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်း ငလပွေ့၊ တောင်ရင်း၊ စေတီယျရပ်ကွက်နှင့် အေင်စေတီ၊ စိုင်ခြုံ၊ ဂုံး ချိန်၊ အုန်းတော၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ မင်းတပ်တောင်၊ နှမ်းဖဲတောင်၊ ကုလာဘာ စသည့် ကျေးရွာ ၂၀ ခန့်တွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနှင့် အရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားသည်။  ထို့အတူ စစ်ကောင်စီ၏ တပ်ရင်းနှစ်ခုကြား ပိတ်မိနေသော မွတ်ဆလင်ဒုက္ခသည်များမှာ  စစ်ဘေးအန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ်တို့ ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

DMG စာရင်းအရ ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ကျောက်ဖြူမြို့နယ်အတွင်းရှိ ဂုံးချွိန်၊ စိုင်ခြုံ၊ အုန်းတော၊ ကုလာဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင် ကျေးရွာတို့အနီးတို့တွင် မြေမြှုပ်မိုင်းနင်း၍ သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးထက်မနည်း ရှိကြောင်းသိရသည်။