- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ (Power China) ကို တရုတ်ကြေးစား လက်နက်ကိုင်များသည် ဖေဖော်ဝါရီလကုန်ပိုင်းမှ စကာ ရောက်ရှိနေခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း ယင်းစက်ရုံအတွင်း ဝင်/ထွက် သွားလာမှုများ ရှိနေသည်။
15 Mar 2025

DMG ၊ မတ် ၁၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများကို လုံခြုံရေးပေးရန် တရုတ်လက်နက်ကိုင် ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦး ရောက်ရှိနေပြီး အဆိုပါတပ်ဖွဲ့ဝင်များကို ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ Power China စက်ရုံတွင် အခြေချထားကြောင်း သိရသည်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ (Power China) ကို တရုတ်ကြေးစား လက်နက်ကိုင်များသည် ဖေဖော်ဝါရီလကုန်ပိုင်းမှ စကာ ရောက်ရှိနေခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း ယင်းစက်ရုံအတွင်း ဝင်/ထွက် သွားလာမှုများ ရှိနေသည်။
" သူတို့ ရောက်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ကား (စစ်ကား) တွေလည်း အဲဒီစက်ရုံကို လာရောက်တာမျိုး တွေ့ရပါတယ်။ အပြင်ကို ခြေကျင် ထွက်လည်တာမျိုးတော့ မတွေ့ရဘူး။ ဒါပေမဲ့ ယူနီဖောင်းတွေဝတ်ပြီး မော်တော်ကားတွေနဲ့ အပြင်ကို ထွက်တာမျိုးတွေတော့ ရှိတယ်" ဟု ဂုံးချွိန်ကျေးရွာသားတစ်ဦးက ပြောသည်။
Power China စက်ရုံအနီးတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် လျှပ်စစ်ဖြန့်ဖြူးရေး စက်ရုံ ( V Power )နှင့် ဓာတ်ငွေ့သန့်စင်စက်ရုံ (OGT)တို့ ရှိသည်။ ထို့အပြင် ယင်းစက်ရုံများနှင့် ဆက်စပ်သည့် စက်ယန္တရားထားရှိရာ နေရာများနှင့် အခြားသော အဆောက်အအုံများလည်း များစွာရှိသည်။
အဆိုပါ စက်ရုံအဆောက်အအုံများကို ကျည်ကာမှန်များ တပ်ဆင်ခြင်းနှင့် CCTV ကင်မရာများ တပ်ဆင်ခြင်းအပါအဝင် လုံခြုံဆိုင်ရာများစီမံမှုများကို ကြေးစားတပ်ဖွဲ့ဝင်များ ပြုလုပ်နေပြီး ဒေသခံများ၏ ပြောကြားချက်အရ လက်နက်ကိုင်ဆောင်ထားခြင်းမျိုးမတွေ့ရကြောင်း ဆိုသည်။
"လက်နက်တွေကိုင်ပြီး သွားလာတာမျိုးတော့ ကျနော်တို့ မတွေ့ရသေးဘူး။ ဒါပေမဲ့ စစ်သားတွေလိုမျိုး ယူနီဖောင်းကို ဝတ်ပြီး စက်ရုံက ဝန်ထမ်းတွေကို စီစစ်တာတွေ၊ ပြီးတော့ စက်ရုံတွေကို လုံခြုံရေး စစ်ဆေးတာတွေမျိုးတော့ရှိတယ်" ဟု Power China စက်ရုံနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံက ရင်းနီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံ ပိုက်လိုင်း၊ မဒေးကျွန်းရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စသည့် စီမံကိန်းများအပြင် တရုတ်၏ ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) တည်ရှိသည်။
ကြေးစားတပ်ဖွဲ့ဝင်များ ကျောက်ဖြူကို ရောက်ရှိနေခြင်းမှာ တရုတ်၏ စီမံကိန်းများကို ကာကွယ်ရန်ဟု သိရသော်လည်း အခြားတစ်ဖက်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) အပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ ရှိလာနိုင်မလားဆိုသည်နှင့် ပတ်သက်၍လည်း ဒေသခံများကြား ဝေဖန်မှုများရှိနေသည်။
"စီမံကိန်းတွေကို အကာအကွယ်ပေးဖို့အတွက် ရောက်လာတာမျိုးဆိုရင်တော့ ပြသနာမရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီကို ပံ့ပိုးတာမျိုး လုပ်လာခဲ့မယ်ဆိုရင်တော့ AA အတွက်ရော ရခိုင်ပြည်သူတွေ အတွက်ပါ ဒီတိုက်ပွဲက ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်" ဟု ကျောက်ဖြူမြို့ခံ လူငယ်တစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ၏ အကြီးဆုံး ရေတပ်တစ်ခုဖြစ်သည့် ဓညဝတီရေတပ်ဌာန ချုပ်အနီးတွင် စစ်ကောင်စီနှင့် AA တို့ကြား ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး AA က စစ်ကောင်စီ၏ စခန်းကုန်းအချို့ကို သိမ်းပိုက်ရရှိထားသည်။