ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ စည်းရုံးရေးလုပ်နေ

အာရက္ခတပ်တော် (AA) ကို မောင်တောဒေသကနေ တိုက်ထုတ်ရမည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းက လူများကို မွတ်ဆလင်လက်နက်ကိုင်အုပ်စုများက စည်းရုံးရေးဆင်းကာ ဟောပြောပွဲများ မကြာခဏ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

By Admin 08 Feb 2025

ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းတွင် စည်းရုံးရေးများလုပ်ဆောင်နေသည့် ဒိလ်မာမတ်နှင့် အပေါင်းအပါများအား တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ယက်
ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းတွင် စည်းရုံးရေးများလုပ်ဆောင်နေသည့် ဒိလ်မာမတ်နှင့် အပေါင်းအပါများအား တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ယက်

DMG ၊ ဖေဖော်ဝါရီ ၈

အာရက္ခတပ်တော် (AA) ကို မောင်တောဒေသကနေ တိုက်ထုတ်ရမည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းက လူများကို မွတ်ဆလင်လက်နက်ကိုင်အုပ်စုများက စည်းရုံးရေးဆင်းကာ ဟောပြောပွဲများ မကြာခဏ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယင်းစည်းရုံးရေးလုပ်ငန်းများကို စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်အုပ်စုများကြား ညှိနှိုင်းကွပ်ကဲရေးမှူး ဒိလ်မာမတ်ဆိုသူက ဦးဆောင်ပြီး တစ်လလျှင် ၂ ကြိမ်နှုန်းဖြင့် လုပ်နေခြင်းဖြစ်ကြောင်း ဒုက္ခသည်များက DMG ကို ပြောသည်။

" ဒိလ်မာမတ် ဦးဆောင်ပြီးတော့ ကော်မတီဝင်တွေက 'မောင်တောမြို့ဟာ မွတ်ဆလင်တွေပိုင်တဲ့ မြေ' ဒါကို AA က မတရားသိမ်းထားတယ်။ သူတို့ (AA) က မင်းတို့ နေရပ်ပြန်ရင်ဘာမှ လုပ်ပိုင်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် AA ကို မောင်တောကနေ တိုက်ထုတ်ရမယ်ဆိုပြီးတော့ စည်းရုံးနေတာ " ဟု ကူတူပါလောင် ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စည်းရုံးရေးတွင် ARSA ၊ RSO၊ ARA နှင့် အသစ်ထပ်ပေါ်လာသည့် Rohingya Islami Mahaz (RIM) အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

ဒိလ်မာမတ် ဆိုသူမှာ မောင်တော၊ နခခ(၅) ကို အာရက္ခတပ်တော်က မသိမ်းပိုက်မီ ၂ လခန့်တွင် စစ်ကောင်စီအရာရှိ ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဒုက္ခသည်စခန်းများတွင် စစ်သားများစုဆောင်ရန် စေလွှတ်ခံရသူ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မွတ်ဆလင်များမှာ စစ်ကောင်စီထံ စစ်မှုထမ်းရန် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများထံ ပို့ဆောင်ခံနေရကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်က Fortify Rights အဖွဲ့ က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အဆိုပါ စည်းရုံးမှုများတွင် လူမျိုးရေးဘာသာရေး သွေးထိုးလှုံ့ဆော်မှုများပါနေသဖြင့် ဒုက္ခသည်များက လက်မခံသူများပြားကြောင်း ပြောဆိုကြသည်။

ကူတူပါလောင်ဒုက္ခသည်စခန်းမှ နောက်ထပ်အမျိုးသားတစ်ဦးကလည်း " ဒုက္ခသည်စခန်းအသီးသီးမှာ လူမျိုးရေး ဘာသာရေး သွေးထိုးလှုံဆော်မှုတွေ၊ စည်းရုံးမှုတွေ လုပ်တယ်။ ကျနော်တို့က ဒါကို လက်မခံဘူး။ ဒါပေမဲ့ သူတို့က လက်နက်နဲ့ဆိုတော့ ဘာမှ ပြန်ပြောလို့မရဘူး။ ကျနော်တို့ ဘယ်သူ့ကိုမှ မတိုက်ချင်ဘူး " ဟု ပြောသည်။

ဒုက္ခသည်စခန်းများတွင် ထိုသို့ စည်းရုံးရေးများကို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ လစ်လျှူရှုထားကြောင်း ပြောကြသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသ အရေးအခင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေရခြင်းဖြစ်သည်။

ဒုက္ခသည် အမျိုးသမီးတစ်ဦးက " ကျမတို့က ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်။ ဒီလို ပြန်နိုင်ဖို့အတွက်လည်း လက်ရှိ မောင်တောကို သိမ်းပိုက်ထားတဲ့ AA အနေနဲ့ လုပ်ဆောင်ပေးစေချင်တယ်။ အခုဆိုရင် ကျမတို့ ဒုက္ခသည်စခန်းမှာ နေလာတာ ၇ နှစ်ကျော်သွားပြီ။ စခန်းမှာဆိုတော့ စားဝတ်နေရေးကအစ အခက်အခဲရှိတာပေါ့ " ဟု ပြောသည်။

စစ်ကောင်စီသည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် မွတ်ဆလင်လက်နက်ကိုင်အုပ်စု RSO၊ ARSA၊ ARA အပြင် ၎င်းတို့ သင်တန်းပေးထားသည့် မွတ်ဆလင်များနှင့်ပူးပေါင်းပြီး AA ထိုးစစ်ကို ခုခံခဲ့သော်လည်း အရေးနိမ့်ခဲ့ရသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ARSA ၊ RSO၊ ARA အုပ်စုတို့သည် နယ်စပ်ဒေက ပြည်သူများကို မကြာခဏ တိုက်ခိုက်သတ်ဖြတ်မှုများ ရှိနေသည်။