- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်ကောင်စီ ခေါင်းဆောင်ပိုင်းများကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ စစ်ကောင်စီ ခေါင်းဆောင်ပိုင်း ၁၃ ဦးနှင့် ဌာနဆိုင်ရာအဖွဲ့ ၃ ဖွဲ့ကို ကနေဒါနိုင်ငံ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ယမန်နေ့ (မတ် ၇ ရက်)တွင် ကြေညာလိုက်သည်။
08 Mar 2025

DMG ၊ မတ် ၈
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ စစ်ကောင်စီ ခေါင်းဆောင်ပိုင်း ၁၃ ဦးနှင့် ဌာနဆိုင်ရာအဖွဲ့ ၃ ဖွဲ့ကို ကနေဒါနိုင်ငံ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ယမန်နေ့ (မတ် ၇ ရက်)တွင် ကြေညာလိုက်သည်။
စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီးများဖြစ်သည့် ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဗိုလ်ချုပ်ကိုလေး၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်၊ ဦးထင်ကျော်သူ တို့ကို ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
၎င်းအပြင် အဖွဲ့အစည်း ၃ ခုအဖြစ် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ်နှင့် အမှတ် ၃၃ ခြေလျင်တပ်ရင်း တို့ပါဝင်သည်။
" ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာစစ်တပ်က အကြီးအကဲတွေဟာ စနစ်တကျ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် အမြစ်တွယ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ မြန်မာပြည်မှာ ပိုဆိုးရွားလာတဲ့ အကျပ်အတည်းတွေအတွက် တာဝန်ရှိတာကြောင့် ဒဏ်ခတ်အရေးယူတာဖြစ်တယ်" ဟု Melanie Joy က ပြောသည်။
ထိုသို့ပိတ်ဆို့ အရေးယူမှုများသည် စစ်ကောင်စီ ကျူးလွန်ခဲ့သည့် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်မငြိမ်မှုများကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိ အခြေအနေသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ကာ မတည်ငြိမ်မှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးလာခဲ့သည်ဟု ကနေဒါက ဆိုသည်။
နိုင်ငံများအားလုံးအား စစ်ကောင်စီအပေါ် အရေးယူမှုများ ဆောင်ရွက်ရန်၊ စစ်ဆင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ရပ်ဆိုင်းရန်၊ လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်း ကိရိယာများ၊ နည်းပညာ အကူအညီများ လွှဲပြောင်းပေးခြင်းတို့ကို ရပ်ဆိုင်းရန်လည်း နိုင်ငံတကာကို ကနေဒါနိုင်ငံက တောင်းဆိုထားသည်။
မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ငြိမ်းချမ်းရေးရရှိရေးအတွက် ကနေဒါနိုင်ငံသည် နိုင်ငံတကာ မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရေစီ အုပ်ချုပ်မှု ပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။
ကနေဒါသည် လက်ရှိအချိန်အထိ မြန်မာစစ်ကောင်စီနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ် ၁၄၉ ဦးနှင့် အဖွဲ့အစည်း ၉၂ ခုကို အရေးယူထားပြီဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီလက်ချက်ကြောင့် ယခုနှစ် မတ်လ ပထမ အပတ်အတွင်း အရပ်သားသေဆုံးသူ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁၁ ဦးတို့ရှိခဲ့ပြီး အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း အရပ်သားသေဆုံးသူ ၆,၄၀၀ နီးပါးထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
နိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်ကောင်စီ ခေါင်းဆောင်ပိုင်များကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။