စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့

အရပ်သားများအပေါ် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို လက်ခံနိုင်ဖွယ်မရှိသော ပိတ်ဆို့အရေးယူမှုအသစ် ထပ်တိုးချမှတ်လိုက်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

By Admin 30 Oct 2024

ဓာတ်ပုံ - CINCDS
ဓာတ်ပုံ - CINCDS

DMG ၊ အောက်တိုဘာ ၃၀

နိုင်ငံတဝန်းတွင် လေကြောင်းအသုံးပြုပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသော စစ်ကောင်စီကို လေယာဉ်ဆီနှင့် စက်ကရိယာများပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန်နိုင်ငံက အရေးယူပိတ်ဆို့လိုက်သည်။

အရပ်သားများအပေါ် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို လက်ခံနိုင်ဖွယ်မရှိသော ပိတ်ဆို့အရေးယူမှုအသစ် ထပ်တိုးချမှတ်လိုက်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

ဗြိတိန်အစိုးရ အင်ဒို - ပစိဖိတ်ရေးရာဝန်ကြီး Catherine West က " နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်တာဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ" ဟု ထည့်သွင်းပြောဆိုထားသည်။

အရေးယူပိတ်ဆို့လိုက်သည့် ကုမ္ပဏီများမှာ Asia Sun Group Company Limited၊ Swan Energy Company Limited၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) တို့ဖြစ်သည်။

ထိုသို့ ပိတ်ဆို့လိုက်ခြင်းကြောင့် အရပ်သားများအပေါ် ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုစွမ်းရည်ကို ကန့်သတ်ရန် အထောက်အကူပြုကြောင်းလည်း ဗြိတိန်အစိုးရက ဆိုသည်။

ဩဂုတ်လအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ အကြိမ်ရေအတွက်အများဆုံးဖြစ်ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရကြောင့်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ကြမ်းဖက်မှုများကိုအဆုံးသတ်ပြီး ပြည်သူများမျှော်မှန်းထားသည့် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် ကူညီထောက်ပံ့မှုနှင့်အတူ အခိုင်အမာရပ်တည်နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"လူထုအနေနဲ့ကတော့ နွေဦးတော်လှန်ရေး အစပိုင်းကတည်းက နိုင်ငံတကာမိသားစုရဲ့ အကူအညီ၊ အကာကွယ်တွေ ရရှိနိုင်ဖို့ မျှော်လင့်ချက်တွေ ထားရှိခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် R2P ဆောင်ရွက်ပေးဖို့၊ လေကြောင်းမပျံသန်းရလို့ သတ်မှတ်ပေးဖို့ ဆိုတာမျိုးတွေကို အားကိုးတကြီး တောင်းဆိုနေကြတာဖြစ်တယ်" ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့်သုတေသန အကြံပေးတစ်ဦးဖြစ်သူ ကိုမိုးထက်နေက DMG နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။

နိုင်ငံတစ်ဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ဆေးရုံးဆေးခန်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် စစ်ဘေးရှောင်များနေထိုင်ရာ အ‌ဆောက်အအုံများကိုပါ တိုက်ခိုက်နေ၍ ကျီးလန့်စာစား ဖြစ်နေကြရသည်။

"ကျမတို့ရွာဘက်မှာ တိုက်ပွဲမရှိတော့ဘူး။ ဒါပေမဲ့ ကျမတို့ အိမ်မပြန်ရဲသေးဘူး။ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်။ အခုလို စစ်ရှောင်နေရတော့ စားဝတ်နေရေးက အစအဆင်မပြေဘူး။ အိမ်ပြန်ချင်ပေမယ့် အသက်အန္တရာယ်ကြောင့် မပြန်နိုင်ဘူး" ဟု ရခိုင်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ မေလမှ ဩဂုတ်လထိ ၄ လတာကာလအတွင်း လေကြောင်းပစ်ခတ်မှုဖြစ်စဉ်ပေါင်း ၈၂၀ ခုရှိခဲ့ပြီး ထိုအရေအတွက်မှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး ၇ ခု နှုန်းကျရှိနေကြောင်း ဖော်ပြထားသည်။