- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် ယနေ့ (မတ် ၁၁ ရက်) တွင် နှစ်ဖက်လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုနှင့်အတူ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
11 Mar 2025

DMG ၊ မတ် ၁၁
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် ယနေ့ (မတ် ၁၁ ရက်) တွင် နှစ်ဖက်လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုနှင့်အတူ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယနေ့၊ နံနက် ၁၁ နာရီခန့်တွင် AA က စစ်ကောင်စီ တပ်စခန်းအချို့ကို လက်နက်ကြီးဖြင့် လှမ်းပစ်ပြီးနောက် စစ်ကောင်စီဘက်က ဒေသခံများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းအပြင် အတွဲလိုက်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ ရွှေမင်းဂံ ဆိပ်ကမ်းနှင့် ပါဒလိပ်အခြေစိုက်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ဆက်တိုက်ပစ်ခတ်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" အပြန်အလှန် တိုက်ပွဲဖြစ်နေကြတာပါ။ စစ်ကောင်စီက လေကြောင်းနဲ့ပါ ပစ်ခတ်နေတာ။ ရေချမ်းပြင်နဲ့ ပါဒလိပ်မှာ အခြေစိုက်ထားတဲ့ အမြောက်တပ်တွေကလည်း ပစ်ခတ်တာရှိပါတယ် " ဟု သူက ဆိုသည်။
ယနေ့၊ နေ့လယ် ၂ နာရီခန့်တွင်လည်း စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချခဲ့၍ လူနေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ပုဏ္ဏားကျွန်းမြို့ ၊ ဦးရာဇ်တောင်စေတီတော် တောင်ခြေရင်းသို့ ရောက်ပေါက်ကွဲခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" အတွဲလိုက်ဒုံးနဲ့ လှမ်းပစ်တာ။ တောင်ခြေရင်းကိုတော့ ဗုံးသီး၄ လုံးကျ ရောက်ပေါက်ကွဲတယ်။ လူထိခိုက် သေဆုံးမှုကိုတော့ မသိရသေးဘူး " ဟု ၎င်းက ပြောသည်။
နှစ်ဖက်တိုက်ပွဲပြင်းထန်လာသည်နှင့် တစ်ပြိုင်နက် စစ်တွေမြို့နယ်တွင် စစ်ကောင်စီသည် လက်နက်အင်အား၊ စစ်အင်အားများကို လေကြောင်းမှတစ်ဆင့် ဖြည့်တင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့သည် ယခုနှစ်ဆန်းပိုင်းမှ စ၍ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။