စစ်တွေတိုက်ပွဲအတွက် စစ်ကောင်စီ လေကြောင်းဖြင့် လက်နက်ခဲယမ်းဖြည့်နေ

ယခု မတ်လဆန်းပိုင်းမှ စ၍ စစ်တွေလေဆိပ်ကို အသုံးပြုကာ လက်နက်ခဲယမ်းဖြည့်တင်းနေခြင်း ဖြစ်ပြီး လက်နက်ခဲယမ်းများကို ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) သို့ စစ်ကားများဖြင့် ညအချိန်များ၌ ပို့ဆောင်နေကြောင်း သိရသည်။ 

By Admin 10 Mar 2025

ဓာတ်ပုံ - Myanmar Defence Weapons
ဓာတ်ပုံ - Myanmar Defence Weapons

DMG ၊ မတ် ၁၀

ရခိုင်မြောက်ပိုင်းက တစ်ခုတည်းသော လက်ကျန်မြို့လည်းဖြစ်၊ ရခိုင်ပြည်၏ မြို့တော်လည်းဖြစ်သည့် စစ်တွေမြို့ မကျဆုံးရန် စစ်ကောင်စီသည် လက်နက်အင်အား၊ စစ်အင်အားများကို တောက်လျှောက် ဖြည့်တင်းကာ ခံစစ်ကို အခိုင်အမာပြင်ဆင်လျက် ရှိသည်။

ယခု မတ်လဆန်းပိုင်းမှ စ၍ စစ်တွေလေဆိပ်ကို အသုံးပြုကာ လက်နက်ခဲယမ်းဖြည့်တင်းနေခြင်း ဖြစ်ပြီး လက်နက်ခဲယမ်းများကို ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) သို့ စစ်ကားများဖြင့် ညအချိန်များ၌ ပို့ဆောင်နေကြောင်း သိရသည်။ 

"လေဆိပ်ကနေ ညနေပိုင်းတွေမှာ စစ်ကားတွေနဲ့ ပစ္စည်းတွေ ပြောင်းနေကြတာ ရှိတယ်။ လူတွေတော့ သိပ်များများစားစား မပါဘူး။ လုံခြုံရေး လိုက်ပါလာသူတွေလောက်ပဲ ပါတယ်။ လေယာဉ်တွေလည်း ဒီရက်ပိုင်း ပုံမှန်ထက် ဆင်းသက်နေတာ တွေ့ရတယ်" ဟု မြေပြင်အခြေအနေသိရှိသူ စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း စစ်တွေမြို့ပြင်ရှိ တပ်စခန်းများတွင် စစ်ကောင်စီက စစ်အင်အားများ ထပ်တိုးဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အထူးသဖြင့် ဇော်မဒတ်၊ ကံ့ကော်ကျွန်းအခြေစိုက်စခန်းများနှင့် တောကန်ကျေးရွာအခြေစိုက် တပ်စခန်းများတွင် စစ်အင်းအားအလုံးအရင်းဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှ စ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး မြေပြင်တိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ ဒကစ အတွင်းရှိ လက်နက်ရုံသို့ ကျရောက်ပေါက်ကွဲသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

"စစ်ကောင်စီမှာ လက်နက်ခဲယမ်းတွေ ပျက်စီးမှု ရှိနိုင်တယ်။ အဲဒီပျက်စီးသွားတဲ့ လက်နက်ခဲယမ်းတွေနဲ့ နောက်ထပ် ခုခံတိုက်ခိုက်ဖို့ ခဲယမ်းတွေ ဖြည့်တင်းတာမျိုးလည်း ဖြစ်နိုင်တယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရခိုင်က မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ကျန်ရှိနေသည့် မြို့နယ် သုံးခုနက် စစ်တွေနှင့် ကျောက်ဖြူမြို့တို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်လျက် ရှိသည်။

စစ်တွေနှင့် ကျောက်ဖြူတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံများရှိပြီး စစ်ရေး၊ စီးပွားရေးဗျူဟာအရ နှစ်ဖက်စလုံးအတွက် လွန်စွာအရေးပါသဖြင့် စစ်ရေးအခြေအနေများမှာလည်း စိတ်ဝင်စားဖွယ်ရှိနေသည်။