ထရမ့်နှင့် ဇီလင်စကီး စကားကတောက်ကဆကြောင့် ရုရှားကျူးကျော်စစ်မှာ ယူကရိန်း အခက်ကြုံရနိုင်

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ဆုံပွဲမှာ စိတ်ပျက်ဖွယ်ရာ အဆုံးသတ်သွားပြီဖြစ်သည်။

By Admin 01 Mar 2025

 ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု သမ္မတအိမ်ဖြူတော်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တွေ့ရသည့် ဇီလင်စကီးနှင့် ထရမ့်။ ဓာတ်ပုံ - AFP
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု သမ္မတအိမ်ဖြူတော်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တွေ့ရသည့် ဇီလင်စကီးနှင့် ထရမ့်။ ဓာတ်ပုံ - AFP

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ဆုံပွဲမှာ စိတ်ပျက်ဖွယ်ရာ အဆုံးသတ်သွားပြီဖြစ်သည်။ အိမ်ဖြူတော်၌ ခေါင်းဆောင်နှစ်ဦးသည် ရုရှားကျူးကျော်စစ် အရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့သတင်းမီဒီယာများရှေ့တွင် အကြီးအကျယ် စကားများခဲ့ကြခြင်း ဖြစ်သည်။

အိမ်ဖြူတော်ရှိ သမ္မတရုံးခန်းတွင် ပြုလုပ်မည့် ဤတွေ့ဆုံမှုအား ဇီလင်စကီးက အမေရိကန်ကို သမ္မတပူတင်နှင့် တစ်ဘက်တည်း မဖြစ်စေရေးအတွက် ဆွဲဆောင်သိမ်းသွင်းနိုင်မည့် အခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင်ခဲ့သည်။

သို့သော်လည်း သမ္မတထရမ့်နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့ကမူ ဇီလင်စကီးကို အကြီးအကျယ် မကျေမနပ် ဖြစ်သွားကြသလို ဇီလင်စကီးသည် အရိုအသေမဲ့သည်ဟုလည်း ပြောခဲ့ကြသည်။

ယူကရိန်းခေါင်းဆောင်ကို ထွက်သွားရန်ပါ ပြောခဲ့ကြကြောင်း အမေရိကန်အစိုးရအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရောက်ရှိလာသည့် သံတမန်များ နေ့လယ်စာစားရန် ပြင်ဆင်နေကြသည့် အချိန်၌ပင် ၎င်းတို့ကို ပြန်ခိုင်းလိုက်တော့ဟု ထရမ့်က လက်ထောက်နှစ်ဦးကို ညွှန်ကြားခိုင်းစေခဲ့ခြင်းဟု အိမ်ဖြူတော်အရာရှိ တစ်ဦးက ပြောကြားသည်။

ဆွေးနွေးပွဲအတွင်း ဇီလင်စကီးအား ထရမ့်နှင့် ဂျေဒီဗန့်စ်တို့က ကရားရေလွှတ် စကားဆက်တိုက် ဖိပြောခဲ့သည်ကို ဗီဒီယိုဖိုင်များတွင် တွေ့ရသည်။

"မင်းမှာ အသာစီးရနေတဲ့ အနေအထားမရှိဘူး။ ငါတို့နဲ့မှ အကွက်ရွှေ့ခွင့် ရလာတာ" ဟု သမ္မတထရမ့်က ပြောသည်။

"ကျွန်တော် ဘာအကွက်မှ ကစားနေတာ မရှိဘူး။ ကျွန်တော် အလေးထားပြီး ပြောနေတာပါ သမ္မတကြီး" ဟု ဇီလင်စကီးက တုံ့ပြန်ခဲ့သည်။

"မင်းက အကွက်ရွေ့နေတာ။ သန်းပေါင်းမျာစွာသော ပြည်သူတွေရဲ့ အသက်တွေကို လောင်းကြေးထပ်နေတာ။ မင်းဟာ တတိယကမ္ဘာစစ်နဲ့ လောင်းကြေးထပ်နေတာ" ဟုလည်း ထရမ့်က အတင်းဖိပြောခဲ့သည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။

ယူကရိန်းမြေရှားသတ္တုများ တူးဖော်ရေးအတွက် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးမည့် သဘောတူညီချက်များလည်း အထမမြောက်ခဲ့ပေ။ ဤသဘောတူညီချက်သည် အမေရိကန်နှင့် ဆက်ဆံရေးကို ပိုမို အဆင်ပြေ ချောမွေ့စေမည်ဟု ကိယက်ဗ်နှင့် ဥရောပနိုင်ငံများက ယူဆထားခဲ့ကြသည်။

သမ္မတရာထူး တာဝန်ယူ ချိန်တည်းက ထရမ့်သည် ရုရှားကို မျက်နှာသာပေးလျက်ရှိသည့်အတွက် အစဉ်အလာ ဥရောပမဟာမိတ်များမှာ အထိတ်တလန့် ဖြစ်ခဲ့ရသလို ယူကရိန်းမှာလည်း အကြီးအကျယ် အားနည်းသွားရသည်။ သောကြာနေ့ အငြင်းပွားမှုမှာ အဆိုပါ ပြောင်းလဲမှုကို လူသိရှင်ကြား မြင်တွေ့လိုက်ရခြင်းလည်း ဖြစ်သည်။

နဂိုတည်းက တင်းမာနေသည့် တွေ့ဆုံပွဲမှာ ဒုသမ္မတ ဂျေဒီဗန့်စ်က ပြဿနာကို ဖြေရှင်းရန် သံခင်းတမန်ခင်း လိုအပ်သည်ဟု ပြောလိုက်ရာမှ ပေါက်ကွဲသွားခြင်း ဖြစ်သည်။ ဂျေဒီဗန့်စ်၏ အမေးကို ဇီလင်စကီးက ပူတင်သည် ယုံကြည်ရသူမဟုတ်ဟု လက်ပိုက်ဖြေကြားခဲ့သလို ဗန့်သည် ယူကရိန်းသို့ တစ်ခါမှ မရောက်ဖူးဟုလည်း တုံ့ပြန်ပြောကြားခဲ့သည်။

ယူကရိန်းအတွက် ပေးနေသည့် အကူအညီများကို ရပ်ဆိုင်းမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သေးသည်။

"မင်းအနေနဲ့ သဘောတူညီချက် တစ်ရပ် ယူရင်ယူ၊ မယူရင် ငါတို့တော့ ထွက်ပြီ။ ငါတို့ထွက်ရင် မင်း အသည်းအသန် တိုက်ပွဲဝင်ရတော့မှာ။ သိပ်လှလှပပ ဖြစ်မယ်လို့တော့ ငါတော့ မထင်ဘူး" ဟုလည်း သူက ဇီလင်စကီးကို ပြောကြားခဲ့သည်။

အစည်းအဝေးအပြီး၌ ထရမ့်က ဇီလင်စကီးသည် အမေရိကန်ပြည်ထောင်စုအပေါ် မလေးမစား ပြုမူသည်ဟု သူပိုင် Truth ဆိုရှယ်မီဒီယာပေါ်၌ စွပ်စွဲရေးသားခဲ့သည်။

သမ္မတဇီလင်စကီးသည် ငြိမ်းချမ်းရေးအတွက် အဆင်သင့် မဖြစ်သေးဟု ထရမ့်က ရေးသလို "ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်ချိန်မှာ သူပြန်လာနိုင်ပါတယ်" ဟုလည်း ရေးသားခဲ့သည်။

"သူ့အနေနဲ့ ကျွန်တော် ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ပဲ ပြောရမှာ။ ပူတင်ဘာဖြစ်တယ် ပူတင်ညာဖြစ်တယ် ပြောနေစရာ မလိုဘူး" ဟု ထရမ့်က ဆိုသည်။

Fox News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဇီလင်စကီးအား သောကြာနေ့ပေါက်ကွဲမှုကြောင့် ထရမ့်နှင့် ဆက်ဆံရေး ပျက်စီးသွားနိုင်သလားဟု မေးမြန်းရာ၌ "သေချာတာပေါ့" ဟု ဖြေကြားသည်။

"ဒီအတွက် ကျွန်တော် စိတ်မကောင်းပါဘူး" ဟုလည်း ယူကရိန်းသမ္မတက ဖြေကြားခဲ့သည်။

စိတ်ရှုပ်ထွေးနေကြသည့် ယူကရိန်းပြည်သူများကတော့ သမ္မတကို ထောက်ခံအားပေးနေကြသည့် တချိန်တည်း၌ ယူကရိန်းတို့ မှီခိုနေရသည့် အမေရိကန် စစ်ရေးအကူအညီများ အခက်ကြုံလာရမည့်အပေါ် စိုးရိမ်လျက်ရှိသည်။

ဥရောပခေါင်းဆောင်များသည်လည်း ဇီလင်စကီးကို အားပေးစကားများ ပြောကြားမှုများရှိသည်။

ဂျာမနီ အဓိပတိလောင်း ဖရက်ဒရစ်မာ့ဇ်က "ဆိုးရွားလှတဲ့ ဒီစစ်ပွဲကြီးမှာ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူကို ရောထွေးလိုမရပါဘူး" ဟု ဆိုသည်။

ဇီလင်စကီးသည် ပြင်သစ်သမ္မတ အီမာဗျူဝယ်မက်ခရွန်၊ နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရူတေး၊ အီးယူကောင်စီ ဥက္ကဌ အန်တိုနီယို ကော့စတာတို့နှင့်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောခဲ့သည်ဟု ယူကရိန်းသံအဖွဲ့ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ယခုဖြစ်ရပ်အပေါ် ထရမ့်၏ ရီပါပလစ်ကန်ပါတီတွင်း၌ သဘောထားများ အမျိုးမျိုး ကွဲလွဲနေကြသည်။ ဒီမိုကရက်တို့ကတော့ အစည်းအဝေးကို ကိုင်တွယ်ခဲ့သည့် ပုံစံနှင့် ပတ်သက်၍ ထရမ့်အပေါ် ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချနေကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ရုရှားသမ္မတဟောင်း ဒီမိထရိ မက်ဗီဒက်ကမူ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အူမြူးနေပုံရပြီး ယူကရိန်းခေါင်းဆောင်တော့ "ပက်ပက်စက်စက် ကြိမ်းမောင်း" ခံလိုက်ရပြီဟု တယ်လီဂရမ်တွင် ရေးသားထားသည်။