စစ်တွေနှင့် ကျောက်ဖြူတွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း AA ပြော

ရခိုင်ပြည် မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား နှစ်ဘက်တိုက်ပွဲများ ဆက်တိုက်ရှိနေကြောင်း အာရက္ခတပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

By Admin 03 Mar 2025

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် စစ်တွေမှ ပုဏ္ဏားကျွန်းသို့ စစ်ကူလာသော‌သံချပ်ကားအား အာရက္ခတပ်တော်မှ ပစ်ခတ်ဖျက်ဆီးခဲ့ပုံ။ ဓာတ်ပုံ - AA Info Desk
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် စစ်တွေမှ ပုဏ္ဏားကျွန်းသို့ စစ်ကူလာသော‌သံချပ်ကားအား အာရက္ခတပ်တော်မှ ပစ်ခတ်ဖျက်ဆီးခဲ့ပုံ။ ဓာတ်ပုံ - AA Info Desk

DMG ၊ မတ် ၃

ရခိုင်ပြည် မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား နှစ်ဘက်တိုက်ပွဲများ ဆက်တိုက်ရှိနေကြောင်း အာရက္ခတပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က မတ်လ ၂ ရက်တွင် ပြောသည်။

စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာ အနီးတဝိုက်တွင် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည်။

" ဝါဘိုကျေးရွာ ပတ်ဝန်းကျင်တဝိုက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ တောက်လျှောက် ရှိနေပါတယ်" ဟု ဦးခိုင်သုခ က ပြောသည်။

နှစ်ဘက်ပစ်ခတ်မှုများ ဆက်တိုက်ရှိနေသည့် နေရာများနှင့် နီးစပ်သည့် ဝါဘိုကျေးရွာနှင့် မင်းလှကျေးရွာတို့ကို စစ်ကောင်စီမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများရှိကြောင်း သိရသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "နှစ်ဘက်စလုံး လက်နက်ကြီးတွေ အပြန်အလှန်ပစ်ကြတယ်။ စစ်ကောင်စီကတော့ လေကြောင်းက ခဏခဏ လာတယ်။ ရွာတွေကို ဗုံးကြဲတယ် " ဟု ပြောသည်။

စစ်တွေမြို့အနီးရှိ ဇော်မဒတ်၊ ကန့်ကော်ကျွန်း အခြေစိုက်စခန်းများနှင့် တောကန်ကျေးရွာအခြစိုက် တပ်စခန်းများကို စစ်ကောင်စီမှ စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်ထားသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီမှ အင်အားအများအပြားသုံး ထိုးစစ်ဆင်ကာ လက်နက်ကြီးဖြင့် ပစ်ကူခြင်း၊ လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

" ကျောက်ဖြူဘက်မှာတော့ လွန်ခဲ့တဲ့ ခြောက်ရက်လောက်ကစပြီး‌တော့ စည်မော်၊ ကြတ္တိန်၊ ရှောက်ချောင်း၊ စိုင်ခြုံရွာတွေဘက်ကို စစ်ကောင်စီဘက်က အင်အာ အများအပြား သုံးပြီးတော့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်လာတဲ့အတွက် အဲဒီကျေးရွာတွေ တဝိုက်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေတာ ရှိပါတယ် " ဦးခိုင်သုခ က ပြောသည်။

အဆိုပါ ကျေးရွာများသည် စစ်ကောင်စီ၏ ဓညဝတီ ရေတပ်ဌာနချုပ်အနီးက ကျေးရွာများဖြစ်ပြီး ရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ဓညဝတီရေတပ် အနီးတိုက်ပွဲများနှင့်အတူ သစ်ပုတ်တောင်ရွာက ဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ထွက်မပြေးရန် စစ်ကောင်စီက ခြိမ်းခြောက်ပြီး ရွာအတွင်း ပိတ်လှောင်ထားကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီက လုံခြုံ‌ရေးအကြောင်းပြကာ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ မြို့အဝင်/မြို့ထွက်များကို တင်းကျပ်စွာကန့်သတ်ထားသောကြောင့် စစ်ဘေးတိမ်းရှောင်လိုကြသည့် ဒေသခံအများအပြား ပိတ်မိနေကြသည်။

လက်ရှိ အာရက္ခတပ်တော် ထိုးစစ်ဆင်နေသည့် နေရာများမှာ ရခိုင်ပြည်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု စီမံကိန်းများရှိသည့် မြို့များဖြစ်သည်။ စစ်တွေတွင် အိန္ဒိယ ကုလားတန်စီမံကိန်းရှိပြီး၊ ကျောက်ဖြူတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စသည့် စီမံကိန်းကြီးများ ရှိနေသည်။

ရခိုင်တွင် စစ်ကောင်စီမှ ထိန်းချုပ်ထားသည့် မြို့သုံးမြို့သာ ကျန်နေပြီး လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူတို့တွင် တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းမှ ခုခံတိုက်ခိုက်ခြင်းများကို အဓိက အားထားနေသည်။