- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
တိုက်ပွဲကြောင့် ကျောက်ဖြူမြို့ခံအများအပြား ပြည်မဘက်သို့ တိမ်းရှောင်
တိုက်ပွဲဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီက ကျောက်ဖြူမြို့/အဝင်အထွက် ဂိတ်များကို ကန့်သတ်ပိတ်ဆို့ကာ လုံခြုံရေးတိုးမြှင့်ထားသဖြင့် မြို့ခံများမှ လေကြောင်းမှတစ်ဆင့် တိမ်းရှောင်နေကြရပြီး အများစုမှာ ရန်ကုန်သို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။
11 Mar 2025

DMG ၊ မတ် ၁၁
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ နှစ်ဖက်တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်လာနေသဖြင့် မြို့ခံများမှာ ယခုရက်ပိုင်းအတွင်း လေကြောင်းမှတစ်ဆင့် ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်မှု များပြားနေကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီက ကျောက်ဖြူမြို့/အဝင်အထွက် ဂိတ်များကို ကန့်သတ်ပိတ်ဆို့ကာ လုံခြုံရေးတိုးမြှင့်ထားသဖြင့် မြို့ခံများမှ လေကြောင်းမှတစ်ဆင့် တိမ်းရှောင်နေကြရပြီး အများစုမှာ ရန်ကုန်သို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။
"တိုက်ပွဲတွေက တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတော့ ရှေ့ဆက် ဘာဖြစ်လာမလဲ ကြိုမသိဘူး။ ကျနော်တို့မှာ မိသားစုလိုက် ထွက်လာကြတာ။ ဒီရက်ပိုင်း ထွက်သူတွေ အရမ်းများတယ်။ တချို့ဆိုရင် အရင်ထွက်နိုင်ဖို့ လေယာဉ်လက်မှတ်အတွက် ငွေပိုပေးကြတာတွေ ရှိတယ်" ဟု ကျောက်ဖြူမြို့မှ ရန်ကုန်သို့ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။
ကျောက်ဖြူ - ရန်ကုန် လေကြောင်းလိုင်း လေယာဉ်လက်မှတ် အရောင်းဌာနများကို မြို့နယ်ထွေအုပ်က ချုပ်ကိုင်ထားပြီး ပြည်မထွက်သူများကိုလည်း ခိုင်လုံသည့်အထောက်အထားများဖြင့် သွားခွင့်ပေးကြောင်း သိရသည်။
လက်ရှိ ကျောက်ဖြူမှ ရန်ကုန်သို့ထွက်ခွာမှု မြင့်တက်နေခြင်းနှင့်အတူ လေယာဉ်လက်မှတ် ဈေးနှုန်းမှာလည်း မြင့်တက်နေပြီး လေယာဉ်လက်မှတ်တစ်စောင်ကို ငွေကျပ် ၅ သိန်းကျော်ကနေ ၁၀ သိန်းဝန်းကျင် ရှိနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ကျောက်ဖြူ ဒေသခံတစ်ဦးက "ရန်ကုန်ကိုထွက်မယ့် လေယာဉ်လက်မှတ်က ဟိုနေ့က အသိတစ်ယောက်ဆိုရင် ခုနှစ်သိန်း ပေးခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ အမြန်ထွက်မယ့်သူတွေက ငွေပိုပေးပြီး သွားကြတယ်။ အခု အမြန်ဈေးဆို ဆယ်သိန်းနားအထိ ရှိတယ်" ဟု ပြောသည်။
ကျောက်ဖြူမြို့မှ ထွက်ခွာသူများမှာ စစ်ကောင်စီဝန်ထမ်းများအပါအဝင် ငွေကြေးတတ်နိုင်သူများဖြစ်ကြပြီး ငွေကြေးမတတ်နိုင်သူများမှာ လေကြောင်းမှ ထွက်ခွာ၍ မရသည့်အပြင် အခြားလမ်းကြောင်းများမှာလည်း တိမ်းရှောင်ခွင့်မရသဖြင့် အခက်အခဲများဖြစ်နေကြရသည်။
"လေယာဉ်လက်မှတ်က ငွေရှိရုံနဲ့တင် မရသေးဘူး။ ထွက်ခွာခွင့်ကျမှ ထွက်လို့ရတာ။ လက်မှတ်တွေ ဈေးကြီးနေချိန် မိသားစုလိုက် ထွက်ဖို့က မလွယ်ဘူး။ အဲဒါကြောင့် အခြေအနေ ကြည့်နေရတယ်" ဟု နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၂၀ ကျော်က ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။