လားရှိုးမြို့ကို စစ်ကောင်စီက ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ

ယနေ့ နံနက် ၄ နာရီတွင် လားရှိုးမြို့ကို ဂျက်တိုက်လေယာဉ်ဖြင့် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရကာ အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။

By Admin 27 Sep 2024

လားရှိုးမြို့ကို စက်တင်ဘာ ၂၇ ရက် လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ။ ဓာတ်ပုံ - The Kokang
လားရှိုးမြို့ကို စက်တင်ဘာ ၂၇ ရက် လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ။ ဓာတ်ပုံ - The Kokang

DMG ၊ စက်တင်ဘာ ၂၇

ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထိန်းချုပ်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှု နေ့စဉ်တိုးလျက်ရှိသည်။ 

ယနေ့ စက်တင်ဘာ ၂၇ ရက် နံနက် ၄ နာရီတွင် လားရှိုးမြို့ကို ဂျက်တိုက်လေယာဉ်ဖြင့် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရကာ အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။ 

စက်တင်ဘာ ၂၅ ရက် လေကြောင်းဗုံးကြဲမှုကြောင့်လည်း လားရှိုးနည်းပညာတက္ကသိုလ်နှင့် အထက်တန်းကျောင်း ပျက်စီးသွားခဲ့ပြီး စက်တင်ဘာ ၁၄ ရက်ကလည်း အမျိုးသမီး ၁ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

လားရှိုးမြို့ကို စက်တင်ဘာလ တတိယသီတင်းပတ်မှစ၍ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုအပြင် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အများအပြားရှိနေသည်။ 

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းခြေတဲ့ ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ဖို့အတွက် ဆောင်ရွက်နေသူတွေရဲ့  ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမှာ သေချာပါတယ်”  MNDAA က ပြောဆိုထားသည်။ 

စစ်ကောင်စီ၏ အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကို ၁၀၂၇ ဒုတိယလှိုင်းအတွင်း ဩဂုတ် ၃ ရက်တွင် MNDAA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။ 

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်က်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အတားအဆီးဖြစ်နေသည်ဟု MNDAA က ပြောသည်။ 

MNDAA သည် ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ဖောင်းဆိုင်၊ လားရှိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ခါမ်းပါတ်၊ မုံးကိုး၊ ကွမ်းလုံ၊ မော်ထိုက်မြို့တို့ကို ထိန်းချုပ်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်‌ ဆောင်ရွက်လျက်ရှိသည်။ 

လက်ရှိတွင် MNDAA သည် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ဖြင့် ပဋိပက္ခများကို အဖြေရှာသွားမည်ဟု ထုတ်ပြောထားပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေများကို ကြားဝင်စေ့စပ် ဖြေရှင်းပေးရန်လည်း တရုတ်ကို တောင်းဆိုထားသည်။