ပွိုင့်ကမ်းခြေတွင် သဲတူးနေခြင်းအား အရေးယူရန် လိုအပ်နေ

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့တွင် နေအိမ်အများအပြား ပျက်စီးသွားမှုကို ပြန်လည်ပြုပြင်ရန် ကမ်းခြေမှသဲများကို ဘေးတွဲ၊ သုံးဘီး၊ တုတ်တုတ်၊ ဟိုက်ဂျက် အပါအဝင် ကားကြီးများဖြင့် တူးယူနေကြောင်း ကမ်းခြေအနီးဒေသံများက ပြောသည်။

By Admin 21 Jul 2023

သဲတူယူခြင်းကြောင့် ကမ်းခြေတွင် ချိုင့်ခွက်အဖြစ် ကျန်နေခဲ့မှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
သဲတူယူခြင်းကြောင့် ကမ်းခြေတွင် ချိုင့်ခွက်အဖြစ် ကျန်နေခဲ့မှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၁

ရခိုင်ပြည်၏ အထင်ကရနေရာတစ်ခုဖြစ်သော စစ်တွေပွိုင့်ကမ်းခြေတွင် မုန်တိုင်းအလွန်ကာလ သဲတူးယူမှု များပြားနေသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ကိုင်တွယ်အရေးယူခြင်း အားနည်းနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ပွိုင့်ကမ်းခြေတွင် သဲတူးယူမှုနေ့စဉ်ရှိနေကြီး အင်းခွက်၊ ကျင်းကြီးများ ဖြစ်ပေါ်နေသဖြင့် ကမ်းခြေတစ်ခုလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“ကမ်းခြေမှာ နီရဲနေတဲ့ ကဏန်းကောင်လေးတွေကို အခုမမြင်ရတော့ဘူး။ အခုလိုသာ ဆက်လုပ်နေကြမယ်ဆိုရင် ဇီဝမျိုးကွဲတွေ သေကြေပျောက်ဆုံးတာတွေ ရှိလာမယ်။ ဆိုးရွားတဲ့ ရာသီဥတုဒဏ်တွေကိုလည်း ခံလာရမယ်။ သက်ဆိုင်ရာက အရေးယူတာတွေလည်း မတွေ့ရဘူး။ ထိန်းကွပ်မှုအားနည်းတဲ့အတွက် အခုလိုလုပ်နေကြတာ” ဟု စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဦးမိုးကျော်က ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့တွင် နေအိမ်အများအပြား ပျက်စီးသွားမှုကို ပြန်လည်ပြုပြင်ရန် ကမ်းခြေမှသဲများကို ဘေးတွဲ၊ သုံးဘီး၊ တုတ်တုတ်၊ ဟိုက်ဂျက် အပါအဝင် ကားကြီးများဖြင့် တူးယူနေကြောင်း ကမ်းခြေအနီးဒေသံများက ပြောသည်။

ပွိုင့်ကမ်းခြေတွင် သဲတူးယူနေသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။

သဲများအား နေ့စဉ်တူးယူနေသည့်အတွက် ကမ်းခြေမှာ တဖြည်းဖြည်းနိမ့်ဆင်းလာနေပြီး သဘာဝဘေးအန္တရာယ်ကို ဆိုးရွားစွာ ခံစားလာရနိုင်သည်ဟု စစ်တွေမြို့၊ ဖိုးသာရပ်ကွက်မှ ဒေါ်အေးစိန်သန်းက ပြောသည်။

“မုန်တိုင်းအလွန်ကာလမှာ ကားကြီးတွေနဲ့ သယ်ယူကြတာကို တွေ့တယ်။ ဒါကို အစိုးရ(စစ်ကောင်စီ)ကလည်း အရေးယူမှုတွေ မရှိဘူး။ ကမ်းပါးတွေလည်း ပြိုကျပြီး စိုးရိမ်စရာတွေ ဖြစ်လာမယ်။ စည်ပင်က အလုပ်လုပ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

သဲတူးယူနေမှုများကို တားဆီးနိုင်ရန်အတွက် အာဏာပိုင်များအပါအဝင် ပြည်သူအားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရန် လိုအပ်ပြီး ဗွီနိုင်းများစိုက်ထူခြင်း၊ အသိပညာပေးခြင်းများ လုပ်ဆောင်သင့်ကာ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း ထောက်ပြနေကြသည်။

“ခဏခဏ တွေ့နေရတယ်။ အရင်တုန်းကလည်း ဒီအတိုင်း တူးယူနေကြတယ်။ ဒါပေမယ့် အရေးယူမှုက လုံးဝ မရှိ သလောက်ပဲ။ ကမ်းခြေက ချောက်နက်တွေနဲ့ ဖြစ်နေပြီ” ဟု ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဌ ဒေါ်ကျော့စိန်က ပြောသည်။

ကမ်းခြေ၌ သဲတူးယူနေမှုများအား အရေးယူဆောင်ရွက်နေသည့်အခြေအနေအား သိလို၍ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို DMG က ဆက်သွယ်မေးမြန်းရာ သဲမတူးကြရန် အသိပညာပေးခြင်းများ ကွင်းဆင်းလုပ်ဆောင်နေကြောင်း ပြောသည်။

“ အရေးယူနေတဲ့ အဆင့်အထိတော့ မရှိသေးဘူး။ အတတ်နိုင်ဆုံး မတူးယူကြဖို့တော့ ပညာပေးတာတွေ၊ ကွင်းဆင်း လုပ်ဆောင်တာတွေတော့ ရှိပါတယ်။ အဓိကကတော့ ပွိုင့်ကမ်းခြေဆိုပြီးတော့ တရားဝင်ထုတ်ပြန်ထားတဲ့ အမိန့်တစ်စုံတစ်ရာလည်း လိုတယ်လေ” ဟု ၎င်းက ပြောသည်။

ပွိုင့်ကမ်းခြေသည် ဒေသခံများအပြင် ပြည်တွင်းနှင့် နိုင်ငံခြားခရီးသွားများ လာရောက်အပန်းဖြေသည့် နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များတွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကားတတ်သည်။

#R005

ဗီဒီယိုများ