- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင် မြစ်ချောင်းများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မြင့်တက်နေ
ရေချိုအရင်းအမြစ်ရှိသည့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မြင့်တက်နေပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသဖြင့် အချိန်မီတားဆီးရန် လိုအပ်နေသည်။
11 Nov 2024
DMG ၊ နိုဝင်ဘာ ၁၁
ရခိုင်က မြစ်ချောင်းများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များပြားလာမှုကို ကန့်သတ်တားဆီးရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ကြရန် ထောက်ပြမှုများ ရှိနေသည်။
ရေချိုအရင်းအမြစ်ရှိသည့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မြင့်တက်နေပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသဖြင့် အချိန်မီတားဆီးရန် လိုအပ်နေကြောင်း ဒေသတွင်း တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
ကုလားတန်မြစ်ရေကို ကျောက်တော်မြို့အပါအဝင် မြစ်ကြောင်းတစ်လျှောက် ကျေးရွာများမှ ဒေသခံများက သုံးစွဲနေကြပြီး မြစ်အတွင်းသို့ အမှိုက်စွန့်ပစ်မှုများလာ၍ ကျန်းမာရေစိုးရိမ်ချက်များ ရှိနေကြသည်။
“သောက်သုံးရေအတွက် ဒီမြစ်ကိုပဲ မှီခိုနေကြရတာဆိုတော့ ရေမသန့်ရှင်းရင် လူတွေအတွက် ဆိုးကျိုးတွေ များလာမယ်။ အခုက စစ်ရှောင်တွေလည်းရှိနေတော့ လူဦးရေပိုထူလာတော့ ထိန်းချုပ်ဖို့ ပိုခက်တယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
အလားတူ လေးမြို့မြစ်အတွင်း၌လည်း ပလက်စတစ်အပါအဝင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ပိုများလာနေပြီး ကြာရှည်လာသည်နှင့်အမျှ ရေသယံဇာတ ပျက်စီးလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
“လေးမြို့မြစ်ထဲ အမှိုက်ပစ်ကြတာက ရွာတိုင်းလိုလိုပါပဲ။ အထူသဖြင့် ပလက်စတစ်တွေက ပိုဆိုးတယ်။ ရေထုညစ်ညမ်းပြီး ငါးတွေရှားလာတယ်။ သောက်သုံးတဲ့လူတွေရော တိရစ္ဆာန်တွေအတွက်ပါ ဝမ်းရောဂါ အဖြစ်များလာနိုင်တယ်” ဟု လေးမြို့ချောင်း ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်တွင် စည်းစနစ်ကျသည့် အမှိုက်သိမ်းဆည်းမှု စနစ်မရှိခြင်း၊ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ အသိပညာ အားနည်းခြင်းတို့ကြောင့် အမှိုက်များကို နီးစပ်ရာမြစ်ချောင်းများသို့ လွယ်လင့်တကူ စွန့်ပစ်နေကြသည်။
စစ်ရေးပဋိပက္ခကြောင့် လူမှုအဖွဲ့အစည်းများမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း ပြောဆိုကြသည်။
ကျောက်တော်လူငယ်များအစည်းအရုံးမှ အမှုဆောင်ဒါရိုက်တာ မသင်းအိဒါလီက “အမှိုက်ကို မြစ်တွင်းစွန့်တာ တွေအပြင် အမှိုက်စို၊ အမှိုက်ခြောက်ခွဲတာတွေကို အရင်က အဖွဲ့အစည်းအနေနဲ့ လုပ်တာတွေရှိတယ်။ ဒါပေမဲ့ အခုတော့ အရင်လို မလုပ်နိုင်သေးဘူး။ ULA/AA အနေနဲ့လည်း ဒါတွေကို လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်စေချင်တယ်” ဟု ပြောသည်။
အမှိုက်များကို ရေထဲသို့စွန့်ပစ်မှုကြောင့် ရေထုညစ်ညမ်းခြင်း၊ ရေနေသတ္တဝါများ မျိုးပွားနှုန်းကျင်ဆင်းခြင်း/ ရှားပါးလာခြင်းအပြင် ဘက်တီးရီးယားပိုးမွှားများကြောင့် စားသုံးသော လူသားများအတွက် အစာအိမ်နှင့် ကျောက်ကပ်ရောဂါတို့ ဖြစ်ပွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် သုတေသနစာတမ်းများတွင် ဖော်ပြသည်။
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသကို လာရောက်သုတေသန ပြုခဲ့သည့် နော်ဝေးနိုင်ငံမှ ဒေါက်တာ Fridtjof Nansen အဖွဲ့၏ စစ်တမ်းအရ ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ရေထဲ၌ ပလတ်စတစ်အမှုန့် (Microplastics) ပါဝင်မှု ပိုမိုများပြားလာသည့်အပေါ် သတိပြုကြရန်လိုအပ်နေကြောင်း ထောက်ပြထားသည်။