နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းရန် လိုအပ်နေ

နံ့သာကျွန်းတွင် မျိုးသုဥ်းလုနီးပါး ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်များဖြစ်သော ရေညှောင့်နှုတ်ဝိုင်းငှက်၊ နော်မန်ခြေစိမ်း၊ နှုတ်သီးကောက်ကြီး၊ နော့၊ နှုတ်သီးရှည်မြှီးမည်း စသည့်ငှက်များအပြင် ပင်လယ်လိပ်၊ ဧရာဝတီလင်းပိုင်တို့ ကျက်စားကြောင်း သိရသည်။

By Admin 15 Jul 2024

နံ့သာကျွန်းတွင် မိုခါကြောင့်ပျက်စီးသွားသည့် ဒီရေတောများအား ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။
နံ့သာကျွန်းတွင် မိုခါကြောင့်ပျက်စီးသွားသည့် ဒီရေတောများအား ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၅

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဉယျာဉ်ကို ထိန်းသိမ်းရန် အရေးလိုအပ်နေပြီး မထိန်းသိမ်းပါက ကျွန်းတစ်ခုလုံး ပျက်စီးသွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြသည်။ 

ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်ကြောင့် နံ့သာကျွန်းတွင် ဒီရေတောသစ်ပင်များ အားလုံးနီးပါး သေကြေပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ အစားထိုး မစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။ 

“မိုခါကြောင့် ဒီရေတောအားလုံး ပျက်စီးသွားတယ်။ အဲဒီကတည်းက ဒီရေပင်တွေ အစားထိုး မစိုက်ပျိုးနိုင်သေးဘူး။ သစ်တောကလည်း အပင်တွေစိုက်ပျိုးတာ မရှိဘူး။ အပင်တွေမရှိတဲ့အတွက် အရင်နှစ်တွေကလို ကျက်စားဖို့လာတဲ့ ငှက်မျိုးစိတ်တွေလည်း သိပ်မတွေ့တော့ဘူး” ဟု ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌ ကိုရန်နောင်စိုးက ပြောသည်။ 

လက်ရှိတွင် စစ်ရေးပဋိပက္ခနှင့် လုံခြုံရေးအခြေအနေများကြောင့် နံ့သာကျွန်း ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ရပ်တန့်နေရကြောင်း သူက ပြောသည်။

နံ့သာကျွန်း အဏ္ဏဝါဉယျာဉ်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

နံ့သာကျွန်းသည် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြားမှာရှိပြီး ရေမြေဧရိယာ ၂၂,၉၇၉ ဧက ကျယ်ဝန်းသည်။

နံ့သာကျွန်းတွင် မျိုးသုဥ်းလုနီးပါး ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်များဖြစ်သော ရေညှောင့်နှုတ်ဝိုင်းငှက်၊ နော်မန်ခြေစိမ်း၊ နှုတ်သီးကောက်ကြီး၊ နော့၊ နှုတ်သီးရှည်မြှီးမည်း စသည့်ငှက်များအပြင် ပင်လယ်လိပ်၊ ဧရာဝတီလင်းပိုင်တို့ ကျက်စားကြောင်း သိရသည်။

“အဲဒီကျွန်းမှာဆောင်းခိုတဲ့ ကမ္ဘာ့အရှားပါးဆုံးနဲ့ မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ရေညှောင့်နှုတ်ဝိုင်းငှက်တွေ ကျက်စားတဲ့အတွက် သဘာဝထိန်းသိမ်းရေးတန်ဖိုး တော်တော်မြင့်တယ်လို့ ပြောရမယ်။ ကျက်စားမြေတွေမရှိလို အဲဒီငှက်တွေ မလာတော့ဘူးဆိုရင် အဓိက ဇီဝမျိုးစုံမျိုးကွဲတွေ ပျက်သုဉ်းသွားတဲ့ သဘောဖြစ်သွားတယ်” ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအသင်း(RCA) ဥက္ကဌ ဒေါက်တာ ခင်မောင်ကြည်က ပြောသည်။

အဆိုပါကျွန်းပျက်စီးသွားပါက အနီးအနားရှိ စစ်တွေ၊ ရသေ့တောင်မြို့နယ်က ကျေးရွာများမှာလည်း သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံရနိုင်ကြောင်း ဒေသခံများက ပြောသည်။

နံ့သာကျွန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှာ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက အဏ္ဏဝါအမျိုးသားဉယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ရမ်ဆာကွင်ဗင်းရှင်း၏ စံသတ်မှတ်ချက် ကိုးခုအနက် ငါးချက်နှင့်ကိုက်ညီသဖြင့် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ (Ramsar State) အဖြစ်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလတွင် သတ်မှတ်ခံခဲ့ရသည်။ 

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာရှိ “ကျွန်းနံ့သာ”ကိုလည်း မြန်မာနိုင်ငံ၏ တတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် ယခုနှစ် ဇွန်လ ၁၂ ရက်က သတ်မှတ်လိုက်ခဲ့သည်။

ဗီဒီယိုများ