- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ဖြိုခွင်းခံရသည့် ငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသူ ထောင်ပေါင်းများစွာ ထိုင်း - မြန်မာနယ်စပ်တွင် ပိတ်မိနေ
ရာဇဝတ်ဂိုဏ်းများက ဦးဆောင်ကာ လည်ပတ်လုပ်ကိုင်နေသော မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် လွတ်မြောက်လာသော ထောင်နှင့်ချီသည့် နိုင်ငံခြားသားများမှာ ထိုင်းနယ်စပ်တွင် ပိတ်မိနေသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၅
ရာဇဝတ်ဂိုဏ်းများက ဦးဆောင်ကာ လည်ပတ်လုပ်ကိုင်နေသော မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် လွတ်မြောက်လာသော ထောင်နှင့်ချီသည့် နိုင်ငံခြားသားများမှာ ထိုင်းနယ်စပ်တွင် ပိတ်မိနေသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားတပ်မတော် (KNA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (DKBA) တို့သည် အွန်လိုင်းလိမ်လည်မှု စင်တာများမှ ဝန်ထမ်း ၇,၀၀၀ ဝန်းကျင်ကို ထိန်းသိမ်းထားသော်လည်း ထိုင်းနိုင်ငံဘက်ဆီသို့ ၎င်းတို့ကို မပို့ဆောင်နိုင်သေးကြောင်း ထိုင်းလုံခြုံရေးအရာရှိနှင့် အကူအညီပေးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသော လုပ်သားနှစ်ဦးက ပြောသည်။
“အများအပြားဟာ ခြေချော်လက်ချော်တွေဖြစ်ပြီး ပိတ်မိနေကြပါတယ်။ ထိုင်းနိုင်ငံဘက်ကနေ တာဝန်ယူမှု တာဝန်ခံမှုနဲ့ တုံ့ပြန်မှု ကင်းမဲ့နေတာကလည်း ကြီးမားလှတဲ့ထိခိုက်မှုတွေကို ဖြစ်စေပါတယ်။ ဒါက ဘာနဲ့တူနေသလဲဆိုရင် သားကောင်ဘဝကို ရောက်ရှိခဲ့ရသူတွေဟာ နောက်တစ်ကြိမ်ထပ်ပြီး သားကောင်ဘဝကို ကျရောက်ရတာနဲ့ တူနေပါတယ်” ဟု လက်ရှိတွင် နယ်စပ်၌ ထိုင်းဘက်ခြမ်းတွင် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသောလုပ်သားတစ်ဦးက ပြောကြားသည်။
သံရုံးများ သို့မဟုတ် မူလနိုင်ငံများဘက်က အဆင်သင့်ဖြစ်မှုအပေါ် အခြေခံ၍ လွတ်မြောက်လာသူများကို လွှဲပြောင်းပေးနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်လုပ်ငန်းစဉ်များကို အေဂျင်စီများဘက်က လက်ရှိတွင် အစီအစဉ်ရေးဆွဲနေကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါ အလုပ်သမားများအနက်မှ အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြပြီး အခြားသောနိုင်ငံများမှ နိုင်ငံသားအရေအတွက်ကမူ ၁,၀၀၀ ဝန်းကျင်ခန့် ပါဝင်ကြောင်း အကူအညီပေးရေး လုပ်သားများက ဆိုသည်။
အွန်လိုင်းလိမ်လည်မှု စင်တာများမှ လုပ်သားဟောင်း အများအပြားကို ဆိုးရွားလွန်းလှသော အခြေအနေတစ်ရပ်ဖြင့် ထိန်းသိမ်းထားရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်များသည် မိလ္လာစနစ်နှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ချို့တဲ့ခြင်းအတွက် စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။
နိုင်ငံခြားသံရုံးများဘက်က ဖြတ်ကျော်ဝင်ရောက်လာသောသူများကို နေရပ်ပြန်မပို့မချင်း ထိုင်းနိုင်ငံဘက်က လူပိုလက်ခံပေးနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဖမ်သမ်း ဝီချရာချိုင်းက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြောကြားသည်။
ထိုင်းနိုင်ငံသည် ယခုလအတွင်း၌ လိမ်လည်မှုစင်တာတွင် အလုပ် လုပ်ကိုင်ခဲ့သော အလုပ်သမား ၂၆၀ ကို လက်ခံပေးခဲ့ပြီး ၎င်းတို့အနက်မှ ထက်ဝက်ကျော်သည် ထိုင်းနိုင်ငံတွင်း၌ သံရုံးမရှိသော အီသီယိုးပီးယားမှဖြစ်သည်။