- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
- ကုလ၏ လူမျိုးစုံ ကျား၊မစုံ LGBT ဦးစားပေး အယူအဆများကို အမေရိကန်သတိပေး
- " အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"
- ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်
မီးဖြတ်၏၊ ပြဿနာက မပြတ်
ပြည်နယ်လျှပ်စစ်အာဏာပိုင် (PEA) အနေဖြင့် ထိုင်းနိုင်ငံသည် လူမှောင်ခိုကူးမှုနှင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ကြားခံလမ်းကြောင်း ဖြစ်လာနေကြောင်း လူထုနှင့် နိုင်ငံတကာက အကျယ်တဝင့် ထောက်ပြပြောဆိုလာသည်အထိ စောင့်မနေဘဲ လွန်ခဲ့သည့် လပေါင်းများစွာတည်းက အဘယ်ကြောင့် လျှပ်စစ်မီး မဖြတ်တောက်ခဲ့သနည်း ဆိုသည်ကတော့ ပဟေဠိဆန်နေဆဲ ဖြစ်သည်။
13 Feb 2025
![မူရင်းဓာတ်ပုံ - ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့အနီးရှိ နယ်စပ်တစ်နေရာ၌ မြန်မာဘက်သို့ ဖြန့်ချိထားသည့် ဓာတ်အားလိုင်းကို ဖြတ်တောက်ရန် လျှပ်စစ်ဝန်ထမ်းများ ဆောင်ရွက်နေကြစဉ်။ ဓာတ်ပုံ - တာ့ခ်ခရိုင် ပြန်ကြားရေးရုံး](https://assets.dmediag.com/2025/2/M-T-Feb-13.jpg)
ကောင်းလေစွ။ ထိုင်းအေဂျင်စီများအကြား သီတင်းနှစ်ပတ်ခန့် အပြန်အလှန် ဘော်လီဘော ပုတ်နေခဲ့ကြပြီးနောက် အဆုံးတွင် ထိုင်းအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်၌ မြန်မာနယ်စပ်မြို့ ငါးမြို့သို့ ဖြန့်ဝေနေသည့် လျှပ်စစ်မီးကို ဖြတ်တောက်လိုက်လေပြီ။
သို့သော် ထောက်ပံ့ရေးဖြတ်တောက်မှုသည် အခါနှောင်းလွန်းခဲ့သလို ပြည့်စုံလုံလောက်မှုလည်း မရှိပါပေ။ နောက်ဆက်တွဲ အရေးပေါ်အစီအစဉ် တစုံတရာ မရှိဘဲ အကောင်အထည် ဖော်ခဲ့သည့် ဤလုပ်ရပ်ကြောင့် ဆေးရုံများအပြင် နယ်စပ်တလျှောက် တရားဝင်ကုန်သွယ်ရေးမှာပါ သက်ရောက်မှုများ ရှိလာခဲ့သည်။
ပြည်နယ်လျှပ်စစ်အာဏာပိုင် (PEA) အနေဖြင့် ထိုင်းနိုင်ငံသည် လူမှောင်ခိုကူးမှုနှင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ကြားခံလမ်းကြောင်း ဖြစ်လာနေကြောင်း လူထုနှင့် နိုင်ငံတကာက အကျယ်တဝင့် ထောက်ပြပြောဆိုလာသည်အထိ စောင့်မနေဘဲ လွန်ခဲ့သည့် လပေါင်းများစွာတည်းက အဘယ်ကြောင့် လျှပ်စစ်မီး မဖြတ်တောက်ခဲ့သနည်း ဆိုသည်ကတော့ ပဟေဠိဆန်နေဆဲ ဖြစ်သည်။
PEA သည် ယမန်နှစ်က လျှပ်စစ်မီး ခဏတဖြုတ် ဖြတ်တောက်ခဲ့ပြီး နောက်တွင် သူ့ကန်ထရိုက်တာများကို ပြန်ဖြန့်ဝေခဲ့သည်ကို ပြန်စဉ်းစားရမည် ဖြစ်သည်။
ယခုနောက်ဆုံး မီးဖြတ်မှုအား ထိုင်းနယ်စပ် ဧရိယာတလျှောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး ခရီးရှည်ကြီး၏ ခြေလှမ်းငယ်တစ်ရပ်အဖြစ် ရှုမြင်သင့်သည်။
ထိုင်းပြည်ထဲရေးဝန်ကြီး အနုတင်ချန်ဗီရာကူးက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ လျှပ်စစ်မီးဖြန့်ဖြူးရေး ပွိုင့်နေရာ ငါးခု၏ နောက်ဆုံးအခြေအနေအား အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကို ဇန်နဝါရီလ ၃၁ ရက်နေ့၌ မေးမြန်းခဲ့ပြီးနောက် ဤအရေးယူမှု အသက်ဝင်ခဲ့ခြင်း ဖြစ်သည်။
ဤမေးမြန်းမှုအပြီးတွင် ငွေလိမ်ဂိုဏ်း အများအပြား တည်ရှိရာနေရာ ငါးခုကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့သည်။ ဤနေရာများမှာ မြဝတီရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) နှင့် ဘန်ဟွေမောင်း (Ban Huay Muang)၊ ဘုရားသုံးဆူမြို့၊ တာချီလိတ်ရှိ ဘန်မောင်းဒိုင် (Ban Mueang Daeng)နှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) တို့ဖြစ်သည်။
ဆိုခဲ့ပါ နယ်စပ်မြို့နေရာများ၌ လျှပ်စစ်မီး အသုံးပြုမှု ပမာဏသည် ပုံမှန်မဟုတ်ဘဲ အလွန်များပြားနေကြောင်းကို သက်ဆိုင်ရာ အေဂျင်စီများ သိထားသည်မှာ ကာလတစ်ခု ကြာခဲ့ပြီ ဆိုသည်ကတော့ လူတိုင်းသိသည့် လျှို့ဝှက်ချက် ဖြစ်သည်။ ဓာတ်အားသုံးစွဲမှု ယခုလို မြင့်မားနေခြင်းသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် ကွန်ရက်များ၊ ငွေမည်းခဝါချမှုများ၊ ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများနှင့် အခြားသော ရာဇဝတ်မှု လုပ်ရပ်များကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း အေဂျင်စီများ သိထားပြီး ဖြစ်သည်။
ယခုတော့ ထိုင်းနယ်စပ် ဗျုရိုကရေစီ ယန္တရားသည် အဘယ်ကြောင့် ဤအဆင့်ထိ တောက်လျှောက် ခြေလှမ်းကျွံလာပြီး အရေးယူရန် ပျက်ကွက်ခဲ့သနည်း ဟူသည့် မေးခွန်းတစ်ရပ် ကျန်နေခဲ့သည်။ ဝန်ကြီးအနုတင်၏စာကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ဝန်ကြီးများရုံးတွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနောက် မြန်မြန်ဆန်ဆန်ပင် စွမ်းအင်ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက် မကျမီ ရှေ့ပိုင်း၌ PEA ၊ NSC နှင့် တာဝန်ရှိသည့် အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု မရှိသည့် ထုံးတမ်းစဉ်လာဖြင့် ခေါင်းရှောင်နေကြခြင်းသည် ရှိနှင့်ပြီးသား ပြဿနာအိုးကြီးတွင် ပြဿနာအသစ်များ ထပ်ပေါင်းထည့်သလို ဖြစ်သွားစေခဲ့သည်။ အမျိုးသားလုံခြုံရေးကို ထိပါးသည့် ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန်အတွက် အေဂျင်စီတိုင်းက စံချိန်စံညွှန်း အမျိုးမျိုး တင်ပြနေခဲ့ကြပုံပေါ်သည်။ ဤသည်မှာ စိတ်ဓာတ်ကျစရာပင် ဖြစ်သည်။
ဥပမာဆိုရလျှင် အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ ယာယီ အထွေထွေအတွင်းရေးမှူး ထရိုင်ရက် ဗီရီယာဆီရီကူးက "မြန်မာနိုင်ငံဘက်မှ အသုံးပြုသူများသည် အင်တာနက်ကို အသုံးပြုပြီး ရာဇဝတ်မှုများ ကျူးလွန်နေခြင်း ဟုတ်၊မဟုတ် ရှင်းရှင်းလင်းလင်း မသိရ" သည့်အတွက် NBTC အနေဖြင့် အင်တာနက်ကို ရုတ်ခြည်း ဖြတ်တောက်ပစ်လိုက်၍ မရကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြောကြားသည်ဟု ဆိုခြင်းမျိုး ဖြစ်သည်။
အစိုးရတွင်းအေဂျင်စီများအားလုံး ခေါင်းချင်းဆိုင်ပြီး ဖြစ်စဉ်တစ်ခုတည်းတွင် အာရုံစိုက်ကာ အသေးစိတ်အစီအစဉ် ချမှတ်ဆောင်ရွက်ရေးသည် အခရာကျသည်။ ယခုအထိကတော့ ၎င်းတို့၏ အကွဲကွဲအပြားပြား ချဉ်းကပ်မှုများကြောင့် ဟာကွက်များမှတဆင့် ရာဇဝတ်မှုများ စိမ့်ဝင်ထိုးဖောက်ခွင့် ရရှိနေကြဆဲ ဖြစ်သည်။
လူကုန်ကူးမှု မြင့်တက်လာခြင်းသည် ထိုင်း လူဝင်မှုကြီးကြပ်ရေး ဗျူရိုက TM6 ဖောင်ကို ဆိုင်းငံ့လိုက်ခြင်း၏ တစိတ်တပိုင်း ရလဒ်လည်း ဖြစ်သည်။ TM6 သည် ထိုင်းသို့ မဝင်မီတည်းက အချက်အလက်များ ဖြည့်သွင်းရသည့် ဖောင်စနစ်ဖြစ်ကာ ယခင်က ကျင်သုံးခဲ့သည်။
လဝကသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ကျပ်သိပ်မှုများ လျှော့ချရန်နှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရန်အတွက် ဤဖောင်ကို ဆိုင်းငံ့ထားသည်မှာ သုံးနှစ်ဆက်တိုက် ရှိပြီဖြစ်သည်။ TM6 ဆိုင်းငံ့ခြင်းက ပြဿနာသစ်များ ဖန်တီးလိုက်သလို အာဏာပိုင်များအတွက်လည်း ရာဇဝတ်မှုများ ဖြစ်ပွားလာချိန်တွင် လက်သည်တရားခံများ၏ တည်နေရာကို ခြေရာခံရန် ပိုမိုခက်ခဲသွားသည်။
လူဝင်မှုဗျူရိုသည် ထိုင်းသို့ ဆိုက်ရောက်မှုကို ဒီဂျစ်တယ်စနစ်ဖြင့် ကတ်အသုံးပြု မှတ်တမ်းတင်ရန် မျှော်လင့်ထားသည်။ ဆက်စပ်နေသည့် အေဂျင်စီများ အားလုံးကို ဤနည်းအားဖြင့် ဖန်တီးထားသည့် အထူးအက်ပလီကေးရှင်း မှတစ်ဆင့် ချိတ်ဆက်ထားမည် ဖြစ်သည်။ အာဏာပိုင်များအနေဖြင့် TM6 ကို ယခုနှစ် ဧပြီလတွင် ပြန်လည်ကျင့်သုံးမည့် တချိန်တည်း၌ ဆိုခဲ့ပါ အက်ပလီကေးရှင်းကိုလည်း မေလတွင် စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများ အားကောင်းလာခြင်းသည် နေပြည်တော်စစ်အစိုးရက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာပိုင်နက်ကို ထိန်းချုပ်နိုင်စွမ်း မရှိမှုနှင့်လည်း ဆက်စပ်နေသည်။ ၂၀၂၃ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်တည်းက မြန်မာစစ်ကောင်စီသည် နယ်မြေများကို တော်လှန်ရေး တပ်ဖွဲ့များထံ လက်လွတ် ဆုံးရှုံးလျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများသည် ထိုင်းကပြောတိုင်း တသဝေမတိမ်း ခေါင်းညိတ်လိုက်နာမည့် အနေအထား မဟုတ်တော့ပေ။
အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းနှင့် ဆက်စပ်၍ ယခုအရေးကို လေ့လာပြီး ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ဖြေရှင်းချက်များ အကြံပြုရန် NSC ကို တာဝန်ပေးထားသည်။
ဓာတ်အားဖြတ်တောက်အပြီးတွင် နယ်ခြားစောင့်တပ် (BGF) သည် ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ပို၍ လိုုလိုလားလား ရှိလာသည်။ ဓာတ်အားအဆင်မပြေမှု ကြုံရပြီး နောက်တစ်ရက်၌ပင် BGF သည် လူကုန်ကူးခံရသူ ၆၁ ဦးကို ထိုင်းအာဏာပိုင်များသို့ လွှဲပြောင်းပေးသည်။ ၎င်းတို့ထဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ အီသီယိုပီးယားနှင့် ပါကစ္စတန်နိုင်ငံသားများ ပါဝင်သည်။
မြန်မာ့အကျပ်အတည်းကြီး ရှိနေသရွေ့ မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြားမှ ပဋိပက္ခလည်း ပြင်းထန်နေဦးမည် ဖြစ်ကာ နယ်စပ်ဧရိယာတလျှောက်တွင်လည်း အာဏာလေဟာနယ် ဆက်ရှိနေဦးမည်သာ ဖြစ်သည်။
ငွေလိမ်လုပ်ငန်းများနှင့် အခြားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိပ်ကွပ်ရန်အတွက် နေပြည်တော်နှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဖိအား ဆက်ပေးထားရန် အထူးလိုအပ်သည်။ အွန်လိုင်းငွေလိမ်မှုများကို တိုက်ဖျက်ရာတွင် တရုတ်သည်လည်း ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ပြောရမည်ဖြစ်သည်။
ဘေဂျင်းသည် မြဝတီရှိ ငွေလိမ်လုပ်ငန်းများ အခက်အခဲ ဖြစ်စေရန်အတွက် လျှပ်စစ်မီး၊ ရေနှင့် အင်တာနက်ဖြတ်တောက်ရန် ဘန်ကောက်အား တိုက်တွန်းလျက်ရှိသည်။ ရှေ့တွင်လည်း ဘေဂျင်းသည် တရုတ်လူမျိုး ရာပေါင်းများစွာကို နိုင်ငံ၏ မြောက်ပိုင်းနယ်စပ်သို့ သိမ်းသွင်းခေါ်ယူနေသည့် ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် မြန်မာကို ဖိအားပေးခဲ့သည်။
ဤငွေလိမ်ဂိုဏ်းအများစုသည် ထိုစဉ်ကတည်းက တောင်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး လူကုန်ကူးခံထားရသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားသား အလုပ်သမားများကိုလည်း ၎င်းတို့နှင့်အတူ ခေါ်ယူလာကြသည်။
မြဝတီမြို့သည် လူကုန်ကူးခံရသော နိုင်ငံတကာ အလုပ်သမားများ ပါဝင်နေသည့် အကြီးစား လုပ်ငန်းများကြောင့် အဓိကပစ်မှတ် ဖြစ်လျက်ရှိသည်။
ပြီးခဲ့သော သီတင်းပတ်က ဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်ထရာ ဘေဂျင်းသို့ မသွားမီ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ်တို့မတွေ့ခင် လက်ဆုပ်လက်ကိုင်ရှိသည့် တိုးတက်ဖြစ်ထွန်းမှု ရှိရမည်ဟု ထိုင်းနှင့်တရုတ်တို့ သဘောတူခဲ့ကြသည်။
ဤဆုံးဖြတ်ချက်သည် ၎င်းတို့၏ နီးကပ်သော ဆက်ဆံရေးအတွက် အမြင်ကောင်းအောင် ပံ့ပိုးပေးနိုင်ခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုက လာမည့်လများအတွင်း၊ အထူးသဖြင့် ထောက်လှမ်းရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေးတွင် ပိုမို အရှိန်ရလာမည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာအတွက်ကား သတင်းခေါင်းစီးများသည် လူကုန်ကူးမှုအရေး၌ နိုင်ငံ၏ အရှိန်မြှင့် ဆောင်ရွက်ချက်များကို စွန်းထင်းစေလျက်ရှိသည်။
ယခင်အစိုးရသည် လူကုန်ကူးမှုနှင့် အလုပ်သမားကျွန်ပြုခိုင်းစေမှု အရေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုလက်ခံမှုနှင့် တရားဝင်မှု ရရှိစေရန်အတွက် ၎င်း၏ မှတ်တမ်း အဆင့်တက် တိုးတက်လာစေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။ လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေသည့် ရာထူးကြီး စစ်အရာရှိများ အပါအဝင် အမှားလုပ်သူများကို တရားစွဲဆို အရေးယူခဲ့ခြင်းအတွက် ပရာယုအုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်ပြုရမည် ဖြစ်သည်။
ထွက်ရှိလာမည့် လူကုန်ကူးမှုအစီရင်ခံစာသည် ၂၀၂၁ ခုနှစ်တည်းက အဆင့် ၂ တွင် ရှိနေသည့် ထိုင်းနိုင်ငံကို အဆင့် ၂ အတွက် လျာထားသည့် စောင့်ကြည့်စာရင်းသို့ ကျသွားစေမည့်သဘော ရှိသည်။
ထို့အပြင် ငွေလိမ်လုပ်ငန်း အရှုပ်တော်ပုံသည်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ထိုင်းနိုင်ငံက ယခုနှစ်အစမှသည် ၂၀၂၇ ခုနှစ်အထိ တစ်နေရာယူရမည့် အချိန်၌ မနှစ်မြို့ဖွယ်ရာ ကွက်တိ ရောက်လာခြင်း ဖြစ်သည်။ လူကုန်ကူးမှုသည် နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းတွင် နောက်ဆုံးအမဲစက်ကြီး ဖြစ်လာလျက်ရှိသည်။
ဖွေထိုင်း နိုင်ငံရေးသမားများသည် ထိုင်းနယ်စပ်တလျှောက်ရှိ BGF နှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ဆက်လက် ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းစစ်တပ်နှင့်အတူ လက်တွဲဆောင်ရွက်ရမည် ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် အုပ်စုများထိန်းချုပ်ထားသော နယ်မြေများ၌ ယခုလို တရားမဝင် လုပ်ရပ်များ ရှိနေခြင်းကို သည်းခံမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသကြရမည် ဖြစ်သည်။
အလားတူစွာ ခရိုင်အရာရှိများနှင့် လုပ်ထုံးလုပ်နည်းများသည်လည်း ဓာတ်အားဖြတ်တောက်မှုကြောင့် နယ်စပ်တဘက်ခြမ်း မြန်မာဘက်တွင် နေထိုင်ကြသူများ ထိုင်းသို့ ဝင်ရောက်လာကြမည်ကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ရှိနေကြရမည် ဖြစ်ပေသည်။
ရာဗီချန်ဒရာကူးမား
ဘန်ကောက်ပို့စ် ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Border power cut, but problems remain ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် ကာဗီချုံကစ်တာဗွန် (Kavi Chongkittavorn) သည် ဒေသတွင်းရေးရာ ဝါရင့်သတင်းသမားတစ်ဦး ဖြစ်သည်။