- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ယူကရိန်းမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခွင့် ရှိသည်ဟု ကရင်မလင် ပြော
ယူကရိန်းသည် တချိန်ချိန်၌ ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ရှိနိုင်မည်လားဟူသည့် မေးခွန်းကို ကရင်မလင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် က “ဒါက ဘယ်နိုင်ငံမဆို အချုပ်အခြာအာဏာပိုင်တဲ့ အခွင့်အရေးပဲ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
20 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၀
ဥရောပသမဂ္ဂ(အီးယူ)သို့ ဝင်ရောက်လိုခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန် ယူကရိန်းတွင် အချုပ်အခြာအာဏာ အခွင့်အရေး အပြည့်အဝရှိကြောင်းနှင့် ယခုမေးခွန်းအတွက် မည်သို့ ချဉ်းကပ်ရမည်ဆိုခြင်းကို မော်စကိုဘက်က ကိဗ်ကို ညွှန်ကြားချက်ပေးရန် ရည်ရွယ်ထားခြင်း မရှိကြောင်း ကရင်မလင်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
ယူကရိန်းသည် တချိန်ချိန်၌ ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ရှိနိုင်မည်လားဟူသည့် မေးခွန်းကို ကရင်မလင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် က “ဒါက ဘယ်နိုင်ငံမဆို အချုပ်အခြာအာဏာပိုင်တဲ့ အခွင့်အရေးပဲ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပေါင်းစည်းရေးနဲ့ စီးပွားရေးပေါင်းစည်းရေး လုပ်ငန်းစဉ်တွေအကြောင်းကို ကျွန်တော်တို့တွေ ပြောနေတာဖြစ်ပါတယ်။ ဘယ်နိုင်ငံကိုမှ ဘယ်သူကမှ အမိန့်ပေးလို့မရဘူးလို့ ကျွန်တော် ပြောလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အဲ့ဒီလို လုပ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။
သို့သော် ယူကရိန်းဘက်က စစ်ရေးမဟာမိတ်များ ပူးပေါင်းပါဝင်လာမည်ဆိုပါကမူ ရုရှား၏ရပ်တည်ချက်မှာ ခြားနားသွားနိုင်ကြောင်း ပက်စ်ကော့ဗ်က ထပ်လောင်းပြောကြားခဲ့သည်။
“ကာကွယ်ရေး ဒါမှမဟုတ် စစ်ရေးမဟာမိတ်တွေနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာတော့ လုံးဝခြားနားတဲ့ ရပ်တည်ချက် ရှိပါတယ်” ဟု NATO ဟု အတိအကျ အထူးပြုညွှန်းဆိုခြင်းမပြုဘဲ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
စစ်အေးခေတ်ရန်သူဟောင်း နှစ်ဦးကြား အမြင့်ဆုံးအဆင့် တွေ့ဆုံဆွေးနွေးပွဲအတွက် အင်္ဂါနေ့က ရီယတ်ဒ်မြို့တွင် အမေရိကန်နှင့် ရုရှားအရာရှိများ စတင်တွေ့ဆုံစဉ်၌ ယခုမှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် ရုရှားတို့သည် ယူကရိန်းတွင် သုံးနှစ်ကြာဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်ကို အဆုံးသတ်ရန်နှင့် အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ထူထောင်ရန် နည်းလမ်းများကို ဆွေးနွေးဖွယ်ရှိနေသည်ဟု မျှော်လင့်ရသည်။
အမေရိကန်နှင့် ရုရှားအရာရှိများ၏ တွေ့ဆုံဆွေးနွေးပွဲများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား၌ ထိပ်သီးအဆင့်ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် လမ်းကြောင်းခင်းပေးဖွယ် ရှိနေသည်။
ဆွေးနွေးပွဲ မတက်ရောက်ခဲ့သည့် ယူကရိန်းကမူ သူ့ကိုယ်စား ငြိမ်းချမ်းရေး သဘောတူညီချက်များ ဆောင်ရွက်၍မရဟု ပြောကြားထားသည်။
“အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ ကျွန်တော်တို့မပါဝင်ဘဲ လုပ်ဆောင်တဲ့ သဘောတူညီချက်တွေကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ပါဘူး” ဟု ယူကရိန်းသမ္မတ ဗိုလိုဒိုင်းမား ဇီလင်စကီးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားထားသည်။