သမ္မတဘိုင်ဒန်ကို စစ်ရေးအစီအစဉ်ရှင်းပြရန် ယူကရိန်းသမ္မတ အမေရိကန်သို့ ရောက်ရှိ

သမ္မတဇီလင်စကီးသည် အောင်ပွဲအစီအမံဟု သူခေါ်ဆိုသည့် စစ်ရေးအဆိုပြုချက်များကို သမ္မတဂျိုးဘိုင်ဒင် အပါအဝင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော ကာမာလာ ဟားရစ်နှင့် ဒေါ်နယ်ထရမ့်တို့ကိုလည်း တင်ပြရှင်းလင်းသွားမည် ဖြစ်သည်။

By Admin 23 Sep 2024

ယူကရိန်းသမ္မတ ဇီလင်စကီး လိုက်ပါစီးနင်းလာသော ယာဉ်တန်း ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဆခရန်တန်မြို့ရှိ ဆခရန်တန် တပ်မတော်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံသို့ စက်တင်ဘာလ ၂၂ ရက်နေ့က ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - AP)
ယူကရိန်းသမ္မတ ဇီလင်စကီး လိုက်ပါစီးနင်းလာသော ယာဉ်တန်း ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဆခရန်တန်မြို့ရှိ ဆခရန်တန် တပ်မတော်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံသို့ စက်တင်ဘာလ ၂၂ ရက်နေ့က ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - AP)

ယူကရိန်းသမ္မတ ဇီလင်စကီးသည် ရုရှားနှင့် စစ်ကာလ ၂ နှစ်ခွဲ ကျော်လွန်လာပြီဖြစ်သည့် စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ၎င်းဘက်က စစ်ရေးအစီအစဉ်ကိုတင်ပြရန် အရေးကြီး အလည်အပတ်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတဇီလင်စကီးသည် အောင်ပွဲအစီအမံဟု သူခေါ်ဆိုသည့် စစ်ရေးအဆိုပြုချက်များကို သမ္မတဂျိုးဘိုင်ဒန် အပါအဝင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော ကာမာလာ ဟားရစ်နှင့် ဒေါ်နယ်ထရမ့်တို့ကိုလည်း တင်ပြရှင်းလင်းသွားမည် ဖြစ်သည်။

နွေရာသီကာလတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများပြီးသွားခဲ့ပြီးသည့်နောက် ရုရှားတပ်များက ယူကရိန်းနိုင်ငံအရှေ့ပိုင်းနှင့် ယူကရိန်းမြို့တော် ကီယက်ဗ်တို့ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်လာခဲ့ပြီးတွင် ယူကရိန်းသမ္မတဘက်က ယခု အမေရိကန် အလည်အပတ်ခရီးစဉ်ကို အရေးတကြီး အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် တာဝေးပစ်လက်နက်များကို အသုံးပြုခွင့်ပေးရန် ယူကရိန်းဘက်က အနောက်အင်အားစုနိုင်ငံများကို သီတင်းပတ်ပေါင်းများစွာ ဖိအားပေး တောင်းဆိုခဲ့သော်လည်း ယင်းအတွက် တုံ့ပြန်ချက်များမှာ အနောက်အင်အားစုနိုင်ငံများဘက်က ထွက်ပေါ်လာခြင်း မရှိသေးပေ။

ယူကရိန်းသမ္မတ ဇီလင်စကီးသည် ယင်းကိစ္စရပ်အတွက် ယခုခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒင် စိတ်ပြောင်းလဲသွားစေရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားရှိနေပြီး အမေရိကန်ပြည်ထောင်စုသို့ ၎င်းရောက်ရှိနေပြီဖြစ်ကြောင်းကို “ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါပြီ။ ယူကရိန်းရဲ့အောင်ပွဲအတွက် အစီအမံတွေကို ကျွန်တော်တို့ရဲ့မိတ်ဖက်တွေနဲ့ စားပွဲဝိုင်းထက်မှာ ဆွေးနွေးသွားတော့မှာပါ”ဟု သမ္မတ ဇီလင်စကီးက လူမှုကွန်ရက် စာမျက်နှာများထက်တွင် ရေးသားဖော်ပြထားသည်။

သမ္မတ ဇီလင်စကီးသည် ဝါရှင်တန်နှင့် နယူးယောက်သို့ သွားရောက်မည့် ခရီးစဉ်နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားခဲ့ပြီး ယခုအထူးခရီးစဉ်အတွက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ဇီလင်စကီးက အသိပေးထားသည်။

သမ္မတ ဇီလင်စကီးက လာမည့်သီတင်းပတ်များအတွင်းတွင် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသော လပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲများကို မည်သို့မည်ပုံ မည်သည့်နည်းလမ်းများဖြင့် အဆုံးသတ်နိုင်မည်ဆိုခြင်းကို ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ပြောကြားထားပြီး ယခုကိစ္စရပ်နှင့်စပ်လျဉ်း၍ ကမ္ဘာ့ခေါင်းဆောင်များ၏အထင်အမြင်၊ ယူဆချက်နှင့် လုပ်ပိုင်ခွင့်များကိုလည်း ၎င်းက တောင်းဆိုခဲ့သည်။

“အမြင့်ဆုံးရာထူးတွေမှာရှိနေကြတဲ့ လက်ရှိမျိုးဆက်သစ် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ထင်မြင်ယူဆ သုံးသပ်ချက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်သွားပါမယ်”ဟု သမ္မတ ဇီလင်စကီးက ထပ်လောင်း အသိပေးထားသည်။

သမ္မတ ဇီလင်စကီး၏ ခရီးစဉ်မတိုင်မီတွင် ထွက်ပေါ်လာခဲ့သော မှတ်ချက်များအရ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တာဝေးပစ်လက်နက်များ အသုံးပြုပစ်ခတ်ရန် ယူကရိန်းကို ခွင့်ပြုချက်မပေးခဲ့သည်မှာ စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာမည်ကို စိုးကြောက်သောကြောင့်ဖြစ်သည်ဟု သိရှိရပြီး ၎င်းအနေနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဘက်က အသုံးပြုခွင့်ပေးရေးအပေါ် စိတ်ပြန်လည်လာစေရန် အတွက် လက်မလျှော့တမ်း၊ မျှော်လင့်ချက် မစွန့်လွှတ်စတမ်း ကြိုးပမ်းသွားမည်ဟု သမ္မတ ဇီလင်စကီးက ပြောကြားထားသည်။

“သမ္မတ ဘိုင်ဒင်နဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးသမိုင်းကြောင်းထဲမှာ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့၊ ခက်ခက်ခဲခဲကို အပြန်အလှန် ပြောကြားထားတဲ့ ဆုံးဖြတ်ချက်တချို့ ရှိခဲ့ဖူးပါတယ်”ဟု သမ္မတ ဇီလင်စကီးက ဆက်လက် မှတ်ချက်ပေးထားသည်။ 

မော်စကိုကမူ နေတိုးနိုင်ငံများ ယခုကဲ့သို့ ပြုမူကျင့်ကြံနေသည်ကို ရုရှားနှင့် “စစ်ခင်း” နေခြင်းအဖြစ်သာ ရှုမြင်ကြောင်း ပြောကြားထားသည်။