စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများကြောင့် စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ခန့်က နှင်ထုတ်ခံလိုက်ရသည့် ဒေသခံများမှာ စားဝတ်နေရေးအပါအဝင် အခြားအခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

By Admin 15 Feb 2025

စစ်ကောင်စီ နှင်ထုတ်မှုကြောင့် တိမ်းရှောင်လာရသည့် စစ်တွေမြို့နယ်က ဒေသခံများကို ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
စစ်ကောင်စီ နှင်ထုတ်မှုကြောင့် တိမ်းရှောင်လာရသည့် စစ်တွေမြို့နယ်က ဒေသခံများကို ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၁၅

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများကြောင့် စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ခန့်က နှင်ထုတ်ခံလိုက်ရသည့် ဒေသခံများမှာ စားဝတ်နေရေးအပါအဝင် အခြားအခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

နှင်ထုတ်ခံရသည့် ဒေသခံထောင်နှင့်ချီမှာ စစ်တွေမြို့ပေါ်က ဓမ္မာရာမ၊ တေဇရာမ၊ တပ်ဦးကျောင်း စသည့် ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးနေအိမ်နှင့် အခြားနေရာအသီးသီးတွင် နေထိုင်ကြသည်။

လက်ရှိတွင် အချိန်ကြာမြင့်လာသဖြင့် ဒေသခံများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး ကူညီထောက်ပံ့မှု နည်းပါးခြင်းအပြင် ကုန်းဈေးနှုန်းမြင့်တက်မှုဒဏ်နှင့် ကြုံတွေ့နေရ၍ အခက်အခဲဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။

" သူတို့က စစ်ဘေးရှောင် စာရင်းမဝင်လို့ တခြားသူတွေထက် အကူညီရတာ နည်းကြတယ်။ ဒါကြောင့် ပိုပြီး ခက်ခဲတယ်။ ရွာထဲကနေ ၂ ရက်အတွင်း အပြီးဖယ်ရှားရတာဆိုတော့ ရိက္ခာနည်းနည်းပဲပါလာပြီး အကုန်လုံး အိမ်မှာပဲ ကျန်ခဲ့ကြတယ်။ ထိုင်စားရင်းနဲ့ အားလုံးကုန်လာတာကြောင့် ခက်ခဲလာတယ် " ဟု ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ခိုလှုံနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက စစ်ကောင်စီသည် စစ်တွေမြို့နယ်ရှိ ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်း ပြင်၊ ပျားလယ်ချောင်း၊ ကြွီတဲ၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ၁၂ ရွာမှ ဒေသခံများကို ကျေးရွာထဲမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဗျိုင်းဖြူရွာ(ဆတ်ရိုးကျ)၊ ကျေးတော၊ ရွှေပြည်သာ စသည့်ကျေးရွာသားများကိုလည်း နှင်ထုတ်ခဲ့သည်။ အလားတူ ဒီဇင်ဘာလတွင် ပါဒလိပ်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ကျားမသောက်၊ သိန်းတန်၊ ရာတန်၊ နာရီကန် စသည့် ကျေးရွာ ၉ ရွာမှ ဒေသခံများကို ထပ်မံ အတင်းအဓမ္မ နှင်ထုတ်ခဲ့သည်။

လက်ရှိတွင် ဆောင်းရာသီကာလအတွင်း အအေးဓာတ်ပိုများသည့်အတွက် ဘုန်းတော်ကြီးကျောင်းနေ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို အများစုမှာ နာမကျန်းဖြစ်နေကြသည် ပြောဆိုကြသည်။

" အခုကာလက ဆောင်းရာသီလည်း ဖြစ်တော့ အအေးဓာတ်ကို ဆိုးဆိုးရွားရွာ ခံစားနေရတယ်။ အပေါ်က တာပေါ်လိပ်စနဲ့ အမိုးအကာလုပ်ထားပြီး အခင်းကလည်း တာပေါ်လိပ်စကို ဒီအတိုင်း ကိုယ်အဆင်ပြေသလို ခင်းပြီး နေကြတာ။ ဆိုတော့ ကလေး၊ လူကြီးတွေက ချောင်းဆိုး၊ နာစီး၊ ဖျားကြတာ အများကြီးရှိတယ် " ဟု ကျားမသောက် ကျေးရွာသားတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲဖြစ်လာနေသဖြင့် ဒေသခံများမှာ မြို့တွင်းမှ ထွက်ခွာချင်သော်လည်း ဘေးလွတ်ရာဆီ တိမ်းရှောင်ရန် ငွေကြေးနှင့် လမ်းခရီးအခက်အခဲတို့ကြောင့် ပိတ်မိနေရသည်ဟု ပြောဆိုကြသည်။

ထိုသို့ အခက်အခဲရှိနေသည့်အတွက် ကျေးရွာအတွင်းမှ နှင်ထုတ်ခံရသည့် ဒေသခံများမှာ လူသားချင်း စာနာမှုအကူအညီရရှိရန် မျှော်လင့်နေကြသည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများကို ချန်လှပ်ကာ ရခိုင်ကျေးရွာအားလုံးက ဒေသခံများကို နှင်ထုတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

" မြို့ပတ်လည်မှာတော့ ကျေးရွာ တစ်ဆယ်လောက်ပဲ ကျန်တော့တယ်။ ကျနော်တို့ရွာ အပါအဝင် အနီးအနားက ကျေးရွာအားလုံးကို အသုတ်လိုက် အကုန်လုံး နှင်ထုတ်ခဲ့တာလေ။ ဒီမှာ မနေကြနဲ့ သွားကြတော့။ ၂ ရက်နဲ့ အပြီးပြောင်းကြဆိုတာနဲ့ သူတို့မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတော့ဘူး " ဟု သင်ပုန်းတန်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် နှင်ထုတ်ခံရသည့် ကျေးရွာများရှိ ဒေသခံများပိုင် အိုးအိမ်များကို စစ်ကောင်စီနှင့် အပေါင်းပါ မွတ်ဆလင်များက ဖျက်ဆီးကာ သစ်နှင့် အခြားတန်ဖိုးရှိပစ္စည်းများ ရောင်းစားမှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပတ်ဝန်းကျင်ကို ခံစစ်ပြင်ဆင်ထားပြီး ဒေသခံများကို မြို့တွင်း၌ လှောင်ပိတ်ထားကြောင်း ပြောဆိုကြသည်။