ရခိုင်နယ်စပ် တက္ကနာတွင် ကုန်ဆိပ်အသစ်ဆောက်ပြီး လက်ရှိနေရာကို ရေတပ်အတွက် အသုံးပြုနိုင်ခြေ ဘင်္ဂလားဒေ့ရှ် လေ့လာ

အိမ်နီးချင်း ရခိုင်ဒေသ၏ အရေးပါမှုကို ထည့်သွင်းတွက်ချက်ပြီး ဘင်္ဂလာ-ရခိုင် နယ်စပ် တက္ကနာမြို့နယ်ရှိ ဂွမ်ဒေါင်း (Ghumdhum) စီရင်စုတွင် ကုန်းတွင်းဆိပ်ကမ်းတစ်ခု တည်ဆောက်ကာ လက်ရှိ ကုန်ဆိပ်နေရာကို ရေတပ်အတွက် အသုံးပြုရန် ဘင်္ဂလားဒေ့ရှ်အစိုးရက လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 07 Feb 2025

ပုံစာ - တက္ကနာရှိ ရှင်မဖြူ ဆိပ်ခံတံတား (Shah Porir Dwip Jettyghat) တွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - Prothom Alo

ဘင်္ဂလားဒေ့ရှ် ရေကြောင်းလိုင်းအကြံပေး အငြိမ်းစားဗိုလ်ချုပ်ကြီး ဒေါက်တာ ဆာခါဝပ်ဟူစိန်၏ ပြောကြားချက်ကို ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၆ ရက် ကြာသပတေးနေ့က စစ်တကောင်းဆိပ်ကမ်းတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဆာခါဝပ်ဟူစိန်က မြန်မာဘက်တွင် အပြောင်းအလဲများ ရှိနေသော်လည်း ရခိုင်နှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားရေးသည် ဘင်္ဂလားဒေ့ရှ်အတွက် ဦးစားပေးအဖြစ် ရှိနေဆဲဟု ပြောကြားသည်။

"ရခိုင်ရဲ့ ဗျူဟာမြောက် အရေးပါမှုကို ထည့်တွက်ပြီး တက္ကနာ ဂွမ်ဒေါင်းစီရင်စုမှာ ကုန်းတွင်းဆိပ်ကမ်းတစ်ခု ဆောက်လုပ်ဖို့ အစိုးရက စီစဉ်နေပါတယ်။ တက္ကနာဆိပ်ကမ်းကိုလည်း ရေတပ်ဆိပ်ကမ်းအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်နိုင်မဖြစ်နိုင် လေ့လာနေပါတယ်" ဟု သူကပြောသည်။

အစိုးရအနေဖြင့် ကုန်းတွင်းဆိပ်ကမ်း အများအပြား၏ လုပ်ငန်းလည်ပတ်မှုများကို ဆန်းစစ်နေကာ ၎င်းတို့ထဲမှ အချို့မှာ အကျိုးအမြတ်မရှိ ဖြစ်နေသည်ဟု သူကပြောသည်။

"အကျိုးအမြတ်မရှိတဲ့ ကုန်ဆိပ်တွေကို ပိတ်သိမ်းလိုက်လို့ ရနိုင်မလားဆိုတာ ကျွန်တော်တို့ လေ့လာနေပါတယ်" ဟုလည်း ဒေါက်တာ ဆာခါဝပ်ဟူစိန်က ပြောကြောင်း ဒါကာထရီဗျူးန် သတင်းတွင် ဖော်ပြထားသည်။

ယခုလအစောပိုင်းက ဒေလီစတား သတင်းတစ်ရပ်၌လည်း တက္ကနာဆိပ်ကမ်းမှ တစ်ဆင့် လည်ပတ်သည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေးသည် မောင်တောဒေသကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ကသောင်းကနင်း ဖြစ်နေရသည်ဟု ရေးသားထားသည်။

တချိန်က အားကောင်းခဲ့သည့် ကုန်သွယ်ရေးလမ်းကြောင်းသည် အာရက္ခတပ်တော်က ကုန်သင်္ဘောများကို ထိန်းသိမ်းစစ်ဆေးခြင်း၊ နယ်စပ်တင်းမာမှုများ မြင့်တက်နေခြင်း၊ သွင်းကုန်ထုတ်ကုန်များ နည်းပါးလာခြင်း တို့ကြောင့် မကြာမီ ရပ်တန့်သွားနိုင်သည်ဟု ကုန်သည်များက သတိပေးနေကြကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြသည်။

မြန်မာဘက်မှ ကုန်စည်များကို တက္ကနာဆိပ်ကမ်းမှ တစ်ဆင့် တင်သွင်းမှုသည် ပြီးခဲ့သော ၂ နှစ်အတွင်း သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းသည့် ကုန်စည်တန်ချိန် နှစ်သိန်းနီးပါး ရှိခဲ့သော်လည်း ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၇ သောင်းခန့်သာ ရှိခဲ့သည်။

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွင်းလည်း တန်ချိန် တစ်သောင်းခန့်သာ တင်သွင်းနိုင်သေးကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။