AA နှင့် ချင်းအဖွဲ့များ တိုက်ပွဲဖြစ်သည်ဟုဆိုကာ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင် 

“ချင်းလက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်ဖို့ကို အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် AA ဘက်က အကြောင်းပြန်တာ မရှိတာကြောင့် နောက်ထပ်ထုတ်ပြန်ချက်မထုတ်မချင်း ကုန်ပစ္စည်းတင်ပို့တာတွေ မလုပ်ကြဖို့ ပိတ်ပင်လိုက်တယ်” 

By Admin 25 Jun 2024

ကုန်သွယ်ရေးလမ်းကြောင်းတွင် စောင့်ကြပ်နေသည့် CYLA အဖွဲ့ဝင်အချို့။ 
ကုန်သွယ်ရေးလမ်းကြောင်းတွင် စောင့်ကြပ်နေသည့် CYLA အဖွဲ့ဝင်အချို့။ 

DMG ၊ ဇွန် ၂၅ 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှတစ်ဆင့် ချင်းပြည်နယ်၊ ပလက်ဝကိုဖြတ်၍ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်သွင်းနေသည့် လမ်းကြောင်းများကို ပိတ်ပင်လိုက်ကြောင်း ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA) က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည်။ 

Central Young Lai Association – CYLA သည် မီဇိုရမ်ပြည်နယ်တွင် အခြေစိုက်သည့် လူငယ်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း ဩဇာညောင်းသည့် အဖွဲ့လည်းဖြစ်သည်။ 

အိန္ဒိယဘက်မှ အခြေခံစားသောက်ကုန်များ တင်သွင်းခြင်းသည် ရခိုင်ပြည်သူများ စားဝတ်နေရေးဖူလှုံရန်အတွက် ဖြစ်သော်လည်း အဆိုပါကုန်ပစ္စည်းများကို AA က ချင်းလက်နက်ကိုင်များနှင့် တိုက်ခိုက်ရာတွင် ရိက္ခာအဖြစ် အသုံးပြုနေသည်ဟု CYLA က ထုတ်ပြန်သည်။ 

“ချင်းလက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်ဖို့ကို အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် AA ဘက်က အကြောင်းပြန်တာ မရှိတာကြောင့် နောက်ထပ်ထုတ်ပြန်ချက်မထုတ်မချင်း ကုန်ပစ္စည်းတင်ပို့တာတွေ မလုပ်ကြဖို့ ပိတ်ပင်လိုက်တယ်” ဟု CYLA က ဆိုသည်။ 

ချင်းပြည်နယ်၊ မတူပီတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)သည် ချင်းညီနောင်အဖွဲ့နှင့်အတူ တိုက်ခိုက်နေခြင်းကို ချင်းအမျိုးသားတပ်မတော်(CAN/CNF)က မကျေမနပ်ဖြစ်နေ၍ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ပေးရန် CYLA ထံ တောင်းဆိုခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့လိုက်သဖြင့် ရခိုင်ပြည်မှ ရာနှင့်ချီသည့် ကုန်သည်များ၏ ကုန်ကားများမှာ လမ်းခုလပ်တွင် သောင်တင်နေသည်ဟု မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေသည့် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

“ကုန်ကားရာနဲ့ချီပြီး ပိတ်မိနေတယ်။ လောတလိုင်မြို့ဝဂိတ်ကကျော်သွားတဲ့ ကားတွေကိုလည်း နောက်ဂိတ်တွေက ပိတ်ထားတယ်လို့ သိရတယ်။ ဒီအတိုင်းသာ ပိတ်ထားမယ်ဆိုရင် ကုန်သည်တွေမှာ ကုန်ကျစရိတ်တွေကြီးပြီး တော်တော်လေးကို နစ်နာမှုရှိနိုင်တယ်” ဟု သူက ပြောသည်။

လက်ရှိပိတ်ပင်လိုက်သည့် ကုန်သွယ်ရေးလမ်းကြောင်းသည် ရခိုင်ဒေသသို့ အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါး၊ လောင်စာဆီများကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။ 

ပုဏ္ဏားကျွန်းမြို့မှ လူမှုရေးလှုပ်ရှားသူ လူငယ်တစ်ဦးက “အခုလမ်းကြောင်းကို ပိတ်တာက ချင်းပြည်နယ်အတွင်းက စစ်ရေးတွေနဲ့သက်ဆိုင်နေတယ်။ ကုန်သွယ်ရေးကို ပိတ်လိုက်၊ ဖွင့်လိုက်လုပ်နေရင် နှစ်ဖက်ဆက်ဆံရေးက အနည်းနဲ့အများ ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ကြဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ကုန်သွယ်ရေးလမ်းကြောင်း ပိတ်လိုက်ခြင်းနှင့် ပတ်သတ်ပြီး ULA/AA တာဝန်ရှိသူများနှင့် CYLA တို့အကြား ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု သတင်းများထွက်နေသော်လည်း DMG က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို ပြီးခဲ့သည့် မေ ၂၅ ရက်က CYLA က ပထမအကြိမ်ပိတ်ခဲ့ပြီး ULA/AA ခေါင်းဆောင်များနှင့် CYLA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြပြီးနောက် ဇွန်လ ၁၂ ရက်တွင် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က ဇန်နဝါရီလအတွင်း သိမ်းပိုက်လိုက်ပြီးနောက် အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်နေကြခြင်းဖြစ်သည်။ 

ဗီဒီယိုများ