- ကုလ၏ လူမျိုးစုံ ကျား၊မစုံ LGBT ဦးစားပေး အယူအဆများကို အမေရိကန်သတိပေး
- " အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"
- ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်
- ရေကြည် အမြောက်တပ်အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ
- မြောက်ဦးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲမှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးခဲ့ရ
တိုက်ပွဲ စလာတဲ့ စစ်တွေမှာ ဘာတွေဖြစ်နေလဲ
စစ်ကောင်စီသည် စစ်တွေမြို့ပတ်လည်ရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီက စစ်ရေယာဉ်များ တိုးချဲ့ချထားခြင်း၊ ကမ်းနားလမ်း တစ်လျှောက်တွင် ၆ ပေ အမြင့်ရှိသည့် ခြံစည်းရိုးများ ကာရံခြင်း၊ နယ်စပ်ကျေးရွာများကို လက်နက်ကြီးဖြင့် လှမ်းပစ်ခြင်းများလည်း ဆက်တိုက်ရှိနေသည်။
14 Feb 2025
![စစ်တွေမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - ပုံဟောင်း](https://assets.dmediag.com/2025/2/sittwe Feb14.jpg)
DMG ၊ ဖေဖော်ဝါရီ ၁၄
ရခိုင်မြောက်ပိုင်းတွင် နောက်ဆုံးလက်ကျန်ဖြစ်သည့် မြို့တော်စစ်တွေ၏ အခြေစိုက် စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် (AA) က ယခုရက်ပိုင်းအတွင်း စတင်တိုက်ခိုက်လာနေပြီး မြို့ခံများမှာလည်း စိုးရိမ်ကြောက်လန့်စိတ် မြင့်တက်နေသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က လကြာရှည်စွာ ဝိုင်းရံပိတ်ဆို့ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေပိုင်းမှ စတင်ကာ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်နှင့် ကျားမသောက်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီကလည်း စစ်တွေမြို့ပတ်လည်ရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီက စစ်ရေယာဉ်များ တိုးချဲ့ချထားခြင်း၊ ကမ်းနားလမ်း တစ်လျှောက်တွင် ၆ ပေ အမြင့်ရှိသည့် ခြံစည်းရိုးများ ကာရံခြင်း၊ နယ်စပ်ကျေးရွာများကို လက်နက်ကြီးဖြင့် လှမ်းပစ်ခြင်းများလည်း ဆက်တိုက်ရှိနေသည်။
ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီက ပေါက်တောနှင့် ပုဏ္ဏားကျွန်းနယ်အစပ်ရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားလာသည်နှင့်အမျှ မြို့တွင်းနေ ဒေသခံများမှာ လုံခြုံရေး ပိုမိုစိုးရိမ်လာကြပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အခက်အခဲရှိနေကြကြောင်း ပြောဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ စစ်ကောင်စီက စစ်တွေမြို့ပတ်လည်ရှိ ကုန်းလမ်း၊ ရေလမ်း ဝင်ပေါက် အားလုံးကို ကန့်သတ်ပိတ်ပင်ကာ ဒေသခံ သောင်းနှင့်ချီကို မြို့တွင်း၌ ပိတ်လောင်ထားသည်မှာ ယခုဆိုလျှင် တစ်နှစ်ကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။
ဒေသခံများမှာ စစ်ကောင်စီထံမှ ကူညီထောက်ပံ့မှုမရရှိသကဲ့သို့၊ အလုပ်အကိုင်နှင့် ဝင်ငွေမရှိဘဲ နေထိုင်ရချိန် ကြာမြင့်လာသည်နှင့်အမျှ မိသားစု နေထိုင်စားသောက်ရေး ပိုမိုခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။
" အများကြီး ငတ်မွတ်နေကြတာရှိတယ်။ တချို့ဆိုရင် အာဟာရ ပြတ်လို့ လေဖြတ်နေတဲ့ သူတွေလည်း ရှိတယ်။ အခု စစ်တွေမြို့ထဲမှာ ပိတ်မိနေတဲ့ သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ဆိုလို့ရှိ ရင်တော့ အများကြီးခက်ခဲတယ်။ အဓိက အကြောင်းရင်းကတော့ ငွေကြေးပါ"ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်တွေမြို့ခံ အများစု သွားလာနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ ထားသော်လည်း လေကြောင်းလိုင်းကို ဖွင့်ပေးထားသည်။
မြို့သိမ်းတိုက်ပွဲ အရှိန်မြင့်လာသည်နှင့်အမျှ မြို့တွင်းနေ ဒေသခံများမှာ ပိုမိုခက်ခဲလာပြီး အသက်အန္တရာယ် စိုးရိမ်စရာဖြစ်လာသည်ဟု ပြောဆိုကြသည်။
" မြို့ပြင်မှာ တိုက်ပွဲဖြစ်လာတာကြောင့် ပိုပြီး စိုးရိမ်လာကြတယ်။ တိမ်းရှောင်နေဖို့ တောင်ကုန်းလည်း မရှိဘူး။ အကုန်လုံးက မြေပြန့်ဖြစ်တယ်။ တကယ့် တကယ်ဖြစ်လာပြီ ဆိုရင်တော့ အကုန်လုံးခက်ခဲမှာ" ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်တွေမြို့ ဒေသခံများမှာ လမ်းခရီးကန့်သတ်ပိတ်ဆို့ထားခြင်းနှင့်အတူ ဆေးဝါးနှင့် အခြေခံစားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်းအားလုံး ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရသည်။
ထိုအထဲတွင် စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုကြောင့် ကျေးရွာအတွင်းမှ နှင်ထုတ်ခံလိုက်ရသည့် စစ်တွေမြို့ နယ်ရှိ ကျေးရွာအများအပြားမှ ဒေသခံများမှာ ပို၍ အခက်အခဲဖြစ်နေကြသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွင် အရပ်သားများကို ပဋိပက္ခဖြစ်ပွားနေသည့် နေရာ မှ ဖယ်ရှားပေးသင့်သည်ဟု ပါရှိသည်။
သို့သော်လည်း စစ်ကောင်စီက မြို့တွင်းပိတ်မိနေသည့် ဒေသခံတွေကို မြို့တွင်းမှ ထွက်ခွာခွင့်မပြုဘဲ ပိတ်လှောင်ထားဆဲ ဖြစ်သည်။
" ဘေးလွတ်ရာကို ရှောင်ချင်တယ်။ အခုလည်း မြို့ထဲမှာ မနေချင်ကြဘူး။ တခြားမြို့ ဖက်တွေကို ထွက်သွားလို့ မရဘူး။ သွားရင်လည်း ဖမ်းဆီးခံရတယ်။ ရန်ကုန်တစ်ခုကိုပဲ သွားလို့ရတယ်။ အဲဒါကြောင့် ပိတ်မိနေကြတာ။ ထွက်ရင်လည်း ဖမ်းဆီးတယ်" ဟု နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။
တစ်ဖက် ရခိုင်ဒေသ စစ်ရေးအချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည် ရေလမ်း ထွက်ပေါက်ဖြစ်သည့် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်အစပ်မှ ကျေးရွာသားများကို နှင်ထုတ်ပြီး တပ်စခန်းများတိုးချဲ့ အထိုင်ချထားသည်။
နှင်ထုတ်ခံထားရသည့် ဒေသခံများ စစ်တွေမြို့တွင်းမှ ဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုး နေအိမ်များတွင် နေထိုင်နေကြပြီး စားသောက်ရေးအတွက်လည်း အခက်အခဲရှိနေကြောင်း သိရသည်။
နေအိမ်ဖယ်ရှားခံရသူများမှာ ကျေးရွာအတွင်း ကျန်ရှိခဲ့သည့် အိမ်များကိုလည်း စစ်ကောင်စီက ဖြိုဖျက် ရောင်းချခြင်းရှိ နေသကဲ့သို့ ကတုတ်ကျင်းများအတွက် အသုံးပြုနေခြင်းလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
" တိုက်ပွဲကာလမှာ အကုန်လုံးက ဒုက္ခရောက်နေကြတာ။ အခုလို ထပ်ဖြစ်တော့ ပိုပြီး ခံစားရတယ်။ သူများ အသိုက်အအုံကို ဖြိုဖျက်ရောင်းစားတယ်ဆိုတာက မဖြစ်သင့်ဘူး " ဟု သင်းပုန်းတန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့တစ်ခုတည်းကိုသာ ပိတ်လှောင်ထားခြင်းမဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ်ထားဆဲ ဖြစ်သည့် ကျောက်ဖြူနှင့် မာန်အောင်မြို့တို့မှ ဒေသခံများကိုလည်း ပိတ်လှောင်ထားဆဲ ဖြစ်သည်။
ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်(AA)က ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်းနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။