မဏိပူရပြည်နယ် ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဦးဆောင်သည့် ဘီဂျေပီပါတီဝင်လည်း ဖြစ်သူ ဘီရန်ဆင်းသည် ပြည်နယ်မြို့တော်အင်ဖာတွင် မြို့တော်ဝန်ထံသို့ ၎င်း၏ နုတ်ထွက်စာကို တင်ခဲ့ခြင်း ဖြစ်သည်။

By Admin 10 Feb 2025

ဓာတ်ပုံ - The Daily Star
ဓာတ်ပုံ - The Daily Star

လူမျိုးရေးအဓိကရုဏ်းများ လပေါင်းများစွာ ဖြစ်ပွားလာခဲ့ပြီး လူပေါင်း ၂၅၀ ထက်မနည်း သေဆုံးခဲ့ရပြီဖြစ်သည့် မဏိပူရပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်သူ အန်ဘီရန်ဆင်းသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဦးဆောင်သည့် ဘီဂျေပီပါတီဝင်လည်း ဖြစ်သူ ဘီရန်ဆင်းသည် ပြည်နယ်မြို့တော်အင်ဖာတွင် မြို့တော်ဝန်ထံသို့ ၎င်း၏ နုတ်ထွက်စာကို တင်ခဲ့ခြင်း ဖြစ်သည်။

ကသည်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဘီရန်ဆင်းသည် သူ့မဟာမိတ်များထံတွင်လည်း ဖိအားပေးခံနေရသည်မှာ ကြာပြီဖြစ်သည်။ မဏိပူရရှိ လူမျိုးရေး အဓိကရုဏ်းများအပေါ် သူ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ ဘီဂျေပီပါတီဝင် လွှတ်တော်အမတ်များက သူ့ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ယခင်တည်းက ရှိခဲ့သည်။

၎င်း၏ နုတ်ထွက်စာတွင် ဘီရန်ဆင်းက မဏိပူရပြည်နယ်၏ အကျိုးစီးပွားကို ကာကွယ်ရန် ကြိုးပမ်းပေးခဲ့သည့်အတွက် ဖက်ဒရယ်စိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားထားသလို နယ်စပ်ခိုးဝင်မှုများကို ထိန်းချုပ်ရန်နှင့် "တရားမဝင်ရွေ့ပြောင်းများ" ကို နေရပ်ပြန်ပို့ရန်လည်း ဆက်လက်လုပ်ဆောင်စေလိုကြောင်း တိုက်တွန်းထားသည်။

မဏိပူရ ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လူမျိုးရေး အဓိကရုဏ်းများသည် ၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာကြသည့် ဒုက္ခသည်များနှင့်လည်း တစိတ်တပိုင်း ပတ်သက်နေသည်ဟု ဘီရန်ဆင်းနှင့် အိန္ဒိယဖက်ဒရယ် အစိုးရတို့က အပြစ်တင်ပြောကြားထားသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် မဏိပူရ ပြည်နယ်သည် မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၂၄၉ မိုင်ခန့် ထိစပ်နေသော ဒေသဖြစ်သည်။ ဤဒေသတွင် နေထိုင်ကြသည့် လူများစု ကသည်းလူမျိုးများနှင့် ကူကီး(ချင်း) လူမျိုးများအကြား ၂၀၂၃ ခုနှစ် မေလတည်းက အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအထိ အဆိုပါဖြစ်ရပ်များအကြား သေဆုံးခဲ့ရသူသည် ၂၅၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။

နေရပ်ရွှေ့ပြောင်း တိမ်းရှောင်ရသူ ၆၀၀၀၀ ခန့်ရှိသလို လက်ရှိအထိလည်း ပဋိပက္ခများ ကြိုကြားကြိုကြား ဆက်ရှိနေဆဲ ဖြစ်သည်။

ကူကီးများက ဘီရန်ဆင်းသည် ကသည်းလူမျိုးများအပေါ် မျက်နှာလိုက်သည်ဟု ပဋိပက္ခ စဖြစ်ချိန်တည်းက တောက်လျှောက် စွပ်စွဲ ပြောဆိုလာခဲ့သလို ရာထူးမှ နုတ်ထွက်ရန်လည်း တောင်းဆိုလာခဲ့ကြသည်။