- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
- ကုလ၏ လူမျိုးစုံ ကျား၊မစုံ LGBT ဦးစားပေး အယူအဆများကို အမေရိကန်သတိပေး
- " အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"
- ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်
ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်
ကလေးငယ်များကို စွန့်ပစ်မှုများ၊ မွေးစားရန် လိုက်လံပေးကမ်းမှုများ ကင်းမဲ့စေရန်နှင့် ကလေးတိုင်း ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရန်၊ အပ်နှံထားသည့် ကလေးကို ပြုစုစောင့်ရှောက်နိုင်ချိန်တွင် ပြန်လာယူ၍ မိဘနှင့် ကလေး ပြန်လည် ပေါင်းစပ်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု PYA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
15 Feb 2025
![ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။](https://assets.dmediag.com/2025/2/arakan-refugee-Oct-24.jpg)
DMG ၊ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာကို ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) မှ ဦးဆောင်၍ ယခုနှစ် မတ်လအတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း PYA မှ ယနေ့တွင် ထုတ်ပြန်သည်။
ကလေးငယ်များကို စွန့်ပစ်မှုများ၊ မွေးစားရန် လိုက်လံပေးကမ်းမှုများ ကင်းမဲ့စေရန်နှင့် ကလေးတိုင်း ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရန်၊ အပ်နှံထားသည့် ကလေးကို ပြုစုစောင့်ရှောက်နိုင်ချိန်တွင် ပြန်လာယူ၍ မိဘနှင့် ကလေး ပြန်လည် ပေါင်းစပ်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု PYA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
"ကလေးတွေကို မတ်လကနေစပြီး လက်ခံသွားဖို့ ရှိပါတယ်။ လူဦးရေ ကန့်သတ်ထားလို့တော့ မရှိပါဘူး။ အလှူငွေ ရရှိမှုပေါ်မူတည်ပြီး လက်ခံသွားမှာပါ။ လက်ရှိမှာ အလှူငွေတွေက မရရှိသေးဘူး။ ဒါပေမယ့် ကြိုးစားပြီးတော့ ဖွင့်မယ်လို့ စီစဉ်ထားပါတယ်" ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။
လက်ရှိတွင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ရန် မတည်အလှူရှင်များ လိုအပ်လျှက်ရှိနေကြောင်း ဆိုသည်။
ရခိုင်ဒေသအတွင်း အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ သားသမီးများကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် မတတ်နိုင်သူများအနေဖြင့် ကလေးငယ်များကိုမစွန့်ပစ်ဘဲ အသင်းထံ လာရောက်အပ်နိုင်ကြောင်း PYA က ထုတ်ပြန်ထားသည်။
မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက " လက်ရှိမြေပြင်မှာဆိုရင် စားဝတ်နေရေးကြောင့် ကလေးတွေကို မမွေးစားနိုင်လို့ သူများဆီ ပေးတဲ့သူတွေလည်း ရှိတယ်။ အခုလို ဂေဟာဖွင့်လိုက်တာက ကလေးတွေ အနာဂတ်အတွက် စိုးရိမ်ရတဲ့ အခြေအနေကို ဟန့်တားပေးလိုက်သလိုမျိုးပဲ။ ကလေးတွေရဲ့ ဘဝ ရပ်တည်ရေးအတွက် အထောက်အပံ့တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာမှ ကလေးမိခင်တစ်ဦးသည် ငွေကြေးအခက်အခဲကြောင့် ၎င်း၏ ကလေးငယ်ကို အခြားသူတစ်ဦးအား မွေးစားရန် ပေးကမ်းခဲ့သည်။
ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ခံထားရခြင်း၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတို့ကြောင့် ဒေသခံအချို့မှာ ကလေးငယ်များကို မွေးစားရန် လိုက်လံပေးကမ်းမှုများ ရှိနေသည်။