- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၂)
ဆက်စပ်နေသည့် မေးခွန်းတစ်ရပ်မှာ ရိုဟင်ဂျာလက်နက်ကိုင်များ၏ မဟာမိတ်အဖွဲ့သည် မြန်မာပြည်ထဲမှ ၎င်းတို့၏ ဇာတိမြေကို ပြန်လည် သိမ်းယူနိုင်မည်လား ဆိုသည့်အချက် ဖြစ်သည်။ ဤအချက်မှာ မောင်တောကို အာရက္ခတပ်တော်ထံမှ စစ်ရေးအရ တိုက်ယူနိုင်မှသာ ဖြစ်လာနိုင်သည့် အခြေအနေရှိသည်။
11 Feb 2025
ရိုဟင်ဂျာအဖွဲ့များနှင့် ပါကစ္စတန်အကြား အတိတ်က ဆက်နွယ်ပတ်သက်မှုများ
ရိုဟင်ဂျာတပ်ဖွဲ့များနှင့် အစွန်းရောက် အစ္စလာမစ် အဖွဲ့များအကြား ဆက်စပ်မှုများကို ပြီးခဲ့သော နှစ်များအတွင်း ကြားသိလာရသည်။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သည့် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) ၏ အစီရင်ခံစာ တစ်စောင်၌ RSO နှင့် အာရကန်ရိုဟင်ဂျာ အစ္စလာမစ်တပ်ဦး (ARIF) တပ်ဖွဲ့ဝင်များသည် 'ပြောက်ကျားစစ်သင်တန်း' တစ်ခုကို လစ်ဗျားနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် အစွန်းရောက် မွတ်ဆလင် အဖွဲ့အစည်းဖြစ်သည့် (Jamaat-ul Mujahideen Bangladesh - JMB) ကလည်း RSO ကို သင်တန်းပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
မီဒီယာများပေါ်၌ ပုံမှန်လိုလို တွေ့နေရသော ဤကဲ့သို့ အစီရင်ခံစာများသည် ရိုဟင်ဂျာအုပ်စုများနှင့် ဂျီဟက်အဖွဲ့များအကြား ဆက်နွယ်ပတ်သက်မှုများကို မီးမောင်းထိုးပြနေသည်။
၂၀၂၁ ခုနှစ်က သတင်းတစ်ရပ်တွင်လည်း ပါကစ္စတန်အခြေစိုက် ဂျီဟက်အဖွဲ့ဖြစ်သော Lashkar-e-Taiba (LeT) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနှင့် ဘန်ဒါဘန်းခရိုင်တို့ရှိ ရိုဟင်ဂျာအုပ်စုများကို ကူညီထောက်ပံ့မှုများ ရှိခဲ့သည်ကို ရည်ညွှန်းဖော်ပြထားသည်။
ထို့အပြင် ရိုဟင်ဂျာလက်နက်ကိုင် နောက်တစ်ဖွဲ့ဖြစ်သည့် Aqa Mul Mujahideen (AMM) သည်လည်း LeT နှင့် အနီးကပ်ဆက်ဆံရေး ရှိသလို တာလီဘန်(ပါကစ္စတန်)နှင့်လည်း လက်နက်ကိုင် သင်တန်းများ ပြုလုပ်သည်ဟုပါ သတင်းတွင် ဖော်ပြထားသည်။
တောင်အာရှနှင့် အာဖဂန်နစ္စတန်မှ အစွန်းရောက် အစ္စလာမစ် အကြမ်းဖက်အုပ်စုများနှင့် အနီးကပ်ဆက်ဆံရေး ရှိသည့် ပါကစ္စတန်ထောက်လှမ်းရေး ISI သည် ဤဖြစ်ထွန်းပြောင်းလဲမှုများကို မသိဘဲနေမည် မဟုတ်ပေ။
ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုများနှင့် ပါကစ္စတန်အကြား ဆက်ဆံရေးများ အပေါ် အိန္ဒိယအစိုးရ၏ အမြင်သည် ဘင်္ဂလားဒေ့ရှ် ယခင်အစိုးရနှင့် ထပ်တူကျသည်။ ထို့ကြောင့်ပင် ရှိတ်ဟာဆီနာအစိုးရသည်လည်း ARSA ကို ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ဟန်ရှိသည်။
ဘင်္ဂလားဒေ့ရှ်မှ ဆုရသတင်းသမား တစ်ဦးဖြစ်သူ ဆာလင်းဆာမက်က "ဂျီဟက်အဖွဲ့များအား လမ်းကြောင်းပြကူညီပေးနေသည့် ပါကစ္စတန်၏ ထိတ်လန့်ဖွယ်ရာ ထောက်လှမ်းရေးဌာန ISI ကို မြန်မာက အပြစ်တင်သည်။
ARSA အဖွဲ့ ကြီးထွားလာမှု၊ အဖွဲ့၏ ဘဏ္ဍာရေး၊ အထောက်အပံ့များနှင့် အယူဝါဒတို့ကို စီမံကြိုးကိုင်နေသည်မှာ ISI ဖြစ်သည်ဟု မြန်မာက ယူဆသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကလည်း ထိုအတိုင်း ယူဆကြသည်" ဟု ၂၀၂၄ ခုနှစ်က ရေးသားခဲ့သည်။
သတင်းရင်းမြစ်များ၏ နောက်ထပ်ယူဆချက် တစ်ခုမှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများ၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများသည် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သော အန်ဆာအူလာ ဘင်္ဂလာ အဖွဲ့ (Ansarullah Bangla Team - ABT) က စတင်ပါဝင် ပတ်သက်လာခြင်း ဟူသည့်အချက် ဖြစ်သည်။
ဤအဖွဲ့သည် အိန္ဒိယဒေသ အယ်ကိုင်းဒါးအဖွဲ့ခွဲ (Al-Qaeda in the Indian Subcontinent - AQIS) နှင့် ပူးပေါင်းဆောင်ရွက်ကြောင်း ကိုယ်တိုင် ထုတ်ဖော်ပြောကြားထားသည်။ AQIS သည် ISI ၏ မျက်နှာစာတစ်ခုဖြစ်ကာ LeT နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိကြောင်းကို ဒေလီရဲတပ်ဖွဲ့၏ ၂၀၁၆ ခုနှစ်က တရားစွဲဆိုချက် တစ်ရပ်တွင် ဖော်ပြထားသည်။
ဤအဖွဲ့ကို အဓိက ဦးဆောင်ညွှန်ကြားသူ တစ်ဦးမှာ ဖာဟက်အူလာဂိုရီ ဆိုသူဖြစ်ကာ သူသည် LeT ၏ ဝါရင့်အဖွဲ့ဝင် တစ်ဦးဖြစ်သလို ဂူဂျာရက်ပြည်နယ် ဂန်ဒီနာဂါမြို့ရှိ အက်ရှာဒမ်ဘုရားကျောင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိသူလည်း ဖြစ်သည်။
မဟာမိတ်အဖွဲ့သစ်၏ ဂယက်ရိုက်ခတ်မှုများ
ဆက်စပ်နေသည့် မေးခွန်းတစ်ရပ်မှာ ရိုဟင်ဂျာလက်နက်ကိုင်များ၏ မဟာမိတ်အဖွဲ့သည် မြန်မာပြည်ထဲမှ ၎င်းတို့၏ ဇာတိမြေကို ပြန်လည် သိမ်းယူနိုင်မည်လား ဆိုသည့်အချက် ဖြစ်သည်။ ဤအချက်မှာ မောင်တောကို အာရက္ခတပ်တော်ထံမှ စစ်ရေးအရ တိုက်ယူနိုင်မှသာ ဖြစ်လာနိုင်သည့် အခြေအနေရှိသည်။
အာရက္ခတပ်တော်တွင် အရန်အင်အား ၁၀,၀၀၀ အပါအဝင် စစ်သည်အင်အား ၄၀,၀၀၀ နှင့် ၅၀,၀၀၀ အကြား ရှိမည်ဟု ခန့်မှန်းရသည်။ AA သည် ရခိုင်နှင့် ချင်းတောင်ပိုင်းအပြင် မြန်မာနိုင်ငံရှိ အခြားနေရာများ၌လည်း တပ်အင်အားကို ဖြန့်ကြက်ထားပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်များ၌ပါ မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေကြသော တော်လှန်ရေးတပ်များကို ပူးပေါင်းကူညီ လျက်ရှိသည်။
သို့အတွက်ကြောင့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်က ကြီးမားသော အရှုံးများဖြင့် ရင်ဆိုင်ရနိုင်ခြေမှာ မှုန်ဝါးဝါးသာ ရှိသည်။ မောင်တောနယ်စပ်တလျှောက်ရှိ ထောက်ခံမှုရနေဆဲ နေရာများတွင် ရိုဟင်ဂျာတပ်များက တိုက်-ပြေး ပြောက်ကျားစနစ် ကျင့်သုံးခြင်းမျိုးတော့ ဖြစ်လာနိုင်ခြေ ရှိသည်။
နောက်ဆုံး၌ အရပ်သား ပြည်သူလူထုသာ တိုက်ပွဲများကြားတွင် ပိတ်မိပြီး ရခိုင်ပြည်ထဲမှ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာတိမ်းရှောင်ရခြင်း ပိုများလာနိုင်သည်။
ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာ မျက်နှာစာတွင် တစိုက်မတ်မတ် ပြောဆိုတိုက်တွန်းမှုများ ပြုလုပ်လာသည့်နောက်တွင် ကုလသမဂ္ဂသည် ရိုဟင်ဂျာ အကျပ်အတည်းကို အချိန်ကာလ တစ်ခုသတ်မှတ် ဖြေရှင်းနိုင်ရေးအတွက် 'ရာထူးကြီးအဆင့် အစည်းအဝေး' တစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း နှစ်နိုင်ငံ နယ်စပ်တလျှောက် မငြိမ်သက်မှုများ ရှိနေသရွေ့ ယခုလို သီးသန့်ဆွေးနွေးမှုမျိုး အောင်မြင်မည်မှာ သံသယဖြစ်ဖွယ်ရာ ရှိသည်။ အကြမ်းဖက်အဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်ရှိနေခြင်းက ဒုက္ခသည် ပြန်လည်နေရာချထားရေးအပေါ် အာရက္ခတပ်တော်၏ ရပ်တည်ချက်ကို တင်းမာစေမည် ဖြစ်သည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး DGFI သည် ဒုက္ခသည်များကို မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ရေး အလားအလာများ ရှာဖွေရန်အတွက် အာရက္ခတပ်တော်နှင့် ဆက်သွယ်ကာ ဆွေနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
DGFI က တက်တက်ကြွကြွ ပါဝင်ပတ်သက်နေသည့် ရိုဟင်ဂျာလက်နက်ကိုင်တပ်များ၏ မဟာမိတ်အဖွဲ့သစ် ပေါ်ထွက်လာပြီးနောက်တွင် ထိုကဲ့သို့ ဆွေးနွေးမှုများ ဆက်ရှိနိုင်ဦးမည်လား ဟူသည်ကတော့ စောင့်ကြည့်ရမည် ဖြစ်သည်။
အိန္ဒိယအစိုးရ အရာရှိအချို့ကတော့ ISI ၏ ပင်မ ရည်ရွယ်ချက်မှာ အိန္ဒိယတွင် ဆူပူလှုပ်ရှားမှုများ ပြုလုပ်ရန် ဖြစ်သည့်အတွက် မြန်မာပြည်မှ ရိုဟင်ဂျာအရေးကို ထင်သလောက် အားပေးကူညီမည် မဟုတ်ဟု အခိုင်အမာ ယူဆကြသည်။
"ဒုက္ခသည်စခန်းတွေကို ဒုစရိုက်နယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်တာနဲ့ အစွန်းရောက် အစ္စလာမ်ဝါဒီတွေ အသုံးချနိုင်အောင် လုပ်လိုက်တာက ပါကစ္စတန်အတွက် အိန္ဒိယမှာ စစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်။ သူတို့ (ရိုဟင်ဂျာ) ဟာ ISI နဲ့ သူ့အပေါင်းပါ AQIS လိုအဖွဲ့တွေအတွက် အလွန်အမင်း ထိလွယ်ရှလွယ်ရှိတဲ့ အသေခံလူသားတွေ ဖြစ်နေတာ" ဟု အရာရှိတစ်ဦးက ဆိုသည်။
ရိုဟင်ဂျာများအကြားရှိ အစွန်းရောက်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအကြားရှိ အစွန်းရောက်များသည် အိန္ဒိယနိုင်ငံသို့ စိမ့်ဝင်ပြီး မြေအောက်အဖွဲ့များ ဖန်တီးနေသည်ကတော့ သံသယဖြစ်စရာ မလိုပေ။ ဤသို့ စုပြုံဝင်ရောက်မှုသည် အေးဂျင့်များနှင့် မှောင်ခိုသမားများက စနစ်တကျ စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သော သုံးနှစ်က အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က စစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို အိန္ဒိယသို့ အဆင့်ငါးဆင့်ဖြင့် လူမှောင်ခိုကူးနေသည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
အစ္စလာမစ် အကြမ်းဖက် အဖွဲ့ခွဲများ (Terror Modules) ကိုလည်း အိန္ဒိယတွင် မကြခဏ စစ်ဆေးတွေ့ရှိရပြီး ဤအဖွဲ့များတွင် ဘင်္ဂလားဒေ့ရှ် လူမျိုးများက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကဆိုလျှင် အန်ဆာအူလာ ဘင်္ဂလာ (ABT) အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး အပါအဝင် လူရှစ်ယောက်ကို ဖမ်းမိခဲ့သည်။
စိမ့်ဝင်လာသူများသည် အကြောင်းရင်းခံ အများအပြားမှ အကျိုးအမြတ် ရနေကြခြင်း ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ လစ်ဟာနေသော ဧရိယာများ၊ ရာဇဝတ်ဂိုဏ်းများ တည်ရှိမှု၊ နိုင်ငံတဝန်း ပြည်နယ်အများအပြားရှိ တရားမဝင် ရွေ့ပြောင်းများနှင့် ဆက်နွယ်ပတ်သက်မှုများ ပါဝင်သည်။
အိန္ဒိယအစိုးရသည် ၎င်းတို့ကို စိစစ်ရန်အတွက် တင်းကျပ်သော ကာကွယ်ရေးအစီအမံများနှင့် ရေတို-ရေရှည် မူဝါဒများ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်။
ကော့ဘဇားခရိုင်သည် ဒုက္ခသည်စခန်းများ၏ ထိတ်လန့်စိတ်ပျက်ဖွယ်ရာ အခြေအနေများဖြင့် ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်လျက်ရှိသည်။ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချရန် သို့မဟုတ် အရှေ့တောင်အာရှသို့ အန္တရာယ်များသော ရေလမ်းခရီးမှ ထွက်ခွာရန် ကုန်ကျမည့် ငွေကြေးပမာဏကို တတ်နိုင်သူမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
အများစုအတွက် ပိုလွယ်ကူသည့် ရွေးချယ်စရာကား အိန္ဒိယသို့ ဝင်ရောက်ရန်ဖြစ်သည်။ အဖမ်းခံရပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ခံရနိုင်ခြေ သို့မဟုတ် ထိန်းသိမ်းရေးစင်တာများတွင် အကျဉ်းချခံရနိုင်ခြေ ရှိသော်ငြားလည်း ဤနည်းက ပိုလွယ်သည့် လမ်းကြောင်း ဖြစ်လေသည်။
First Post ဝဘ်ဆိုက်တွင် ဖော်ပြထားသော How Pakistan's ISI is helping Rohingya armed groups to forge a united front in Bangladesh ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
ဆောင်းပါးရှင် Rajeev Bhattacharyya သည် အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ် အခြေစိုက် အကြီးတန်းသတင်းထောက် တစ်ဦး ဖြစ်သည်။ ဆောင်းပါးပါ သဘောထားအမြင်များနှင့် အသုံးအနှုန်းများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။