ရှီကျင့်ဖျင်-ပူတင်-ထရမ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲအတွက် အမေရိကန်သမ္မတ မျက်စိကျနေ

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီးသည့် နောက်တွင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

By Admin 14 Feb 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ၎င်း၏ သမ္မတဘဝ ဒုတိယသက်တမ်းတွင် မိမိကိုယ်ကိုယ် အမွှမ်းတင် သတ်မှတ်ခဲ့သည်။ (ဓာတ်ပုံ - AFP)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ၎င်း၏ သမ္မတဘဝ ဒုတိယသက်တမ်းတွင် မိမိကိုယ်ကိုယ် အမွှမ်းတင် သတ်မှတ်ခဲ့သည်။ (ဓာတ်ပုံ - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှား၊ တရုတ်ခေါင်းဆောင်များနှင့် တစ်နေ့တည်းတွင် သုံးပွင့်ဆိုင်တွေ့ဆုံရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီးသည့် နောက်တွင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ရုရှားကို အဖွဲ့မှနေ၍ ရပ်ဆိုင်းပစ်လိုက်သော G7 အဖွဲ့အတွင်းသို့ ရုရှားကို ပြန်ထည့်ရန် လိုလားကြောင်းလည်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

"သူ့ကို ထုတ်ပယ်ခဲ့တာဟာ အမှားတစ်ခုလို့ ကျွန်တော် ထင်ပါတယ်"ဟု ထရမ့်က ပူတင်ကို ရည်ညွှန်း ပြောကြားခဲ့သည်။

သမ္မတဒုတိယသက်တမ်းတွင် ၎င်းကိုယ်၎င်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပုံဖော်ထားသော ထရမ့်သည် အခြေအနေများ ငြိမ်သက်သွားချိန်၌ ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ရည်ရွယ်စဉ်းစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။

"အားလုံးကို ရှင်းရှင်းလင်းပြောရရင် တရုတ်ရဲ့သမ္မတ ရှီကျင့်ဖျင်၊ ရုရှားရဲ့သမ္မတ ပူတင်တို့နဲ့ ပထမဆုံးသော တွေ့ဆုံဆွေးနွေးမှုတစ်ခု လုပ်နိုင်ဖို့ ကျွန်တော် အလိုရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ စစ်အသုံးစရိတ်ကို ထက်ဝက်ဖြတ်တောက်ပစ်လိုက်လို့ရအောင် ကျွန်တော်ပြောဖို့ ဆန္ဒရှိပါတယ်" ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကြာသပတေးနေ့က အိန္ဒိယဝန်ကြီးချုပ် နာဟင်ဒရာ မိုဒီ ကို လက်ခံတွေ့ဆုံခဲ့ပြီး အင်အားကြီးနိုင်ငံသုံးခု(အမေရိကန်၊ ရုရှားနှင့် တရုတ်)ကိုလည်း ၎င်းတို့၏နျူကလီးယားလက်နက်များ စတင်ဖြတ်တောက်ရန် တောင်းဆိုသွားခဲ့သည်။

"ကျွန်တော်တို့အတွက် အသစ်စက်စက် နျူကလီးယားလက်နက်တွေ တည်ဆောက်ဖို့ရာ အကြောင်းပြချက် ရှိမနေပါဘူး" ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

"သူ(သမ္မတ ပူတင်)က ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ သူ မလိုချင်ဘူးဆိုရင်လည်း သူက ကျွန်တော့်ကို ပြောပြမယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ထရမ့်က ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့အပေါ် ၎င်း၏မှတ်ချက်များသည် အမေရိကန်၏ မူဝါဒကို ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပြီးသည့်နောက်၌ ငလျင်လှုပ်ခတ်မှုသဖွယ် အသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ကျင့်သုံးခဲ့သော အမေရိကန်၏မူဝါဒသည် ရုရှားနှင့်ဆက်ဆံရေးကို အေးစက်သွားစေသည်အထိ တွန်းပို့ခဲ့သည့်အပြင် ရုရှားနှင့် တရုတ်တို့ကို ရန်သူများအဖြစ် အကြီးအကျယ် ရှုမြင်စေရန် စေ့ဆော်ခဲ့သည်။