ကုလ၏ လူမျိုးစုံ ကျား၊မစုံ LGBT ဦးစားပေး အယူအဆများကို အမေရိကန်သတိပေး

ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်ကြသော UNICEF နှင့် UN Women အဖွဲ့တို့က လူမျိုးစုံလင်မှု၊ တန်းတူညီမျှမှု၊ လူတိုင်းအကျုံးဝင်မှုနှင့် ကျား၊မ တန်းတူညီမျှရေး အိုင်ဒီယော်လော်ဂျီတို့အား ဦးစားပေး အာရုံစိုက်နေကြသည့်အပေါ် အမေရိကန်က သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 15 Feb 2025

LGBTQ အရေး ထောက်ခံသူများ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် လွှတ်တော်အဆောက်အအုံသို့ ချီတက်ဆန္ဒပြစဉ်။ ဓာတ်ပုံ - Getty Images
LGBTQ အရေး ထောက်ခံသူများ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် လွှတ်တော်အဆောက်အအုံသို့ ချီတက်ဆန္ဒပြစဉ်။ ဓာတ်ပုံ - Getty Images

ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်ကြသော UNICEF နှင့် UN Women အဖွဲ့တို့က လူမျိုးစုံလင်မှု၊ တန်းတူညီမျှမှု၊ လူတိုင်းအကျုံးဝင်မှုနှင့် ကျား၊မ တန်းတူညီမျှရေး အိုင်ဒီယော်လော်ဂျီတို့အား ဦးစားပေး အာရုံစိုက်နေကြသည့်အပေါ် အမေရိကန်က သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် ဂျွန်နသန်ရှရီယာက လူမျိုးစုံလင်မှု၊ တန်းတူညီမျှမှု၊ လူတိုင်းအကျုံးဝင်မှု (DEI) လက်လှမ်းမီရေး အစီအစဉ်များ ဆောင်ရွက်နေသည့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကုလသမဂ္ဂ အမျိုးသမီးများ ကျား၊မ တန်းတူညီမျှရေးနှင့် လုပ်ပိုင်ခွင့် မြှင့်တင်ပေးရေး (UN Women) စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးတွင် ပြီးခဲ့သောသီတင်းပတ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

UNICEF နှင့် UN Women စီမံခန့်ခွဲရေး ဘုတ်အဖွဲ့သည် "အလုပ်ကြိုးစားမှု၊ တတ်သိမှု၊ တန်းတူညီမျှမှုတို့အား သွေးခွဲပြီး အန္တရာယ်များသော ဦးစားပေးတန်းတင်သည့်လုပ်ရပ် Preferential Hierarchy များနှင့် အစားထိုးကာ အမေရိကန်ဥပဒေများ၏ စကားလုံးနှင့် စိတ်ဓာတ်ကို ချိုးဖောက်နေသည်" ဟု ဂျွန်နသန်ရှာရီယာက ပြောကြားသည်။

"ဒါ့အပြင် အမေရိကန်ရဲ့ မူဝါဒဟာ ကျား၊မ နှစ်မျိုးပဲ အသိအမှတ်ပြုရေး ဖြစ်ပါတယ်။ လိင်ကွဲပြားမှု အိုင်ဒီယိုလော်ဂျီတွေကို အားပေးမြှင့်တင်ရေး မဟုတ်ပါဘူး" ဟုလည်း သူကပြောသလို "ဒီအသုံးအနှုန်းတွေကို UNICEF ရဲ့ လုပ်ငန်းခွင် စာရွက်စာတမ်းတွေမှာ အသုံးပြုနေတာဟာ အလွန်ပဲ စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ အန္တရာယ်များတဲ့ ဒီလို အိုင်ဒီယော်လော်ဂျီတွေနဲ့ နောက်ဆက်တွဲရလဒ်တွေရဲ့ရန်ကနေ ကလေးတွေကို အကာအကွယ် ပေးရပါမယ်" ဟုလည်း ရှာရီယာက ပြောကြားသည်။

အမေရိကန်သည် UNICEF ကို ၂၀၂၃ ခုနှစ်အတွင်း အများဆုံး အလှူငွေထည့်ဝင်ခဲ့သည့် နိုင်ငံဖြစ်ကာ လှူဒါန်းငွေ စုစုပေါင်း ၁.၄ ဘီလျံအထက်တွင် ရှိခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကျား၊မ အကာအကွယ်ပေးရေးနှင့် လူတိုင်းအကျုံးဝင်ရေး ဌာနမှ ထုတ်ပြန်ချက်တစ်ရပ်၌ မကြာသေးမီက အိမ်ဖြူတော်မှ ဆက်ဆံရေး အပြောင်းအလဲ ရှိခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ လုပ်ငန်းများ၌ မတူကွဲပြားမှုများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများတွင် စကားအသုံးအနှုန်းများကို သတိပြုကြရန် တိုက်တွန်းထားကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

"အထူးသဖြင့် လုပ်ငန်းနယ်ပယ် အသုံးအနှုန်းများထက် ရှင်းလင်းပြတ်သားသည့် စကားလုံးများဖြင့် ဆက်လက်လုပ်ဆောင်ကြရန် မိမိတို့ အကြံပြုလိုသည်" ဟု အဆိုပါ တိုက်တွန်းစာ၌ ဖော်ပြထားသည်။

လိင်စိတ်ကွဲပြားမှုနှင့် ဆက်စပ်သည့် အသုံးအနှုန်းဖြစ်သော LGBTQI+ ၊ SOGIESC စသည့် စကားလုံးများကို ရှောင်ရန် သတိပေးထားသလို မတူကွဲပြားမှု၊ တန်းတူညီမျှမှု၊ လူတိုင်းအကျုံးဝင်မှု သို့မဟုတ် လူတိုင်း လက်လှမ်းမီမှု အစရှိသည့် စကားလုံးများကို ထုတ်ပြန်ချက်တစ်ခုတွင် သို့မဟုတ် စာတစ်ကြောင်းတွင် စုပြုံရေးသားမှုများကို ရှောင်ကြရန်လည်း တိုက်တွန်းစာ၌ ဖော်ပြထားကြောင်း ရိုက်တာသတင်းအရ သိရသည်။

UN Women အဖွဲ့ကိုလည်း ယခုသီတင်းပတ်အတွင်း အမေရိကန်က "DEI နှင့် လိင်ကွဲပြားမှု အိုင်ဒီယော်လော်ဂျီကဲ့သို့ အစွန်းရောက် အရေးကိစ္စများကို" အာရုံစိုက်နေခြင်းအား ရှောင်ရှားရန် ဖိအားပေးပြောကြားခဲ့သည်။

အဆိုပါလုပ်ရပ်များသည် UN Women ၏ ဆောင်ရွက်ချက်များကို တိုးတက်လာစေမည် မဟုတ်သလို မမျှတသည့် တောင်းဆိုချက်များသာ ဖြစ်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက်လည်း အန္တရာယ်ရှိသည်ဟု အမေရိကန်က ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။