အင်ဒိုနီးရှားတွင် အစိုးရဝန်ထမ်း အလုပ်ခေါ်စာများ၌ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနှင့် LGBT များကိုကန့်သတ်

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရဝန်ကြီးဌာန အများအပြားသည် ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနှင့် လိင်စိတ်ကွဲပြားသူ LGBT များ၏ ဝန်ထမ်းလျှောက်လွှာများအပေါ် ကန့်သတ်မှုများ ရှိနေကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 23 Nov 2019

မကြာသေးခင်နှစ်များအတွင်း အင်ဒိုနီးရှားတွင် လိင်စိတ်ကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုများ မတန်တဆများပြားလာပြီး လုပ်ငန်းခွင်အတွင်း သိသာထင်ရှားသော ကျား၊ မ ခွဲခြားဆက်ဆံမှုများလည်း ကျင့်သုံးလျက်ရှိသည်။ (ဓာတ်ပုံ - AFP)

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရဝန်ကြီးဌာန အများအပြားသည် ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနှင့် လိင်စိတ်ကွဲပြားသူ LGBT များ၏ ဝန်ထမ်းလျှောက်လွှာများအပေါ် ကန့်သတ်မှုများ ရှိနေကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနများသာမက ရှေ့နေများရုံးကပါ အလုပ်ခေါ်စာများတွင် ခွဲခြားဆက်ဆံခြင်း ရှိနေကြောင်း အင်ဒိုနီးရှား ပြည်သူ့ရေးရာကော်မရှင် အကြီးအကဲ နီနစ်ရာဟာယုက သောကြာနေ့တွင် ပြောကြားသည်။

 “ကာကွယ်ရေးဝန်ကြီးဌာနမှာ ကိုယ်ဝန်သည်တွေ လျှောက်ခွင့်မရှိဘူး။ ရှေ့နေများရုံးနဲ့ ကုန်သွယ်ရေးဌာနမှာ ဆိုရင်လည်း လိင်ပြောင်းထားသူတွေ လျှောက်ခွင့်မရှိဘူး” ဟု သူက AFP သတင်းဌာနသို့ ပြောကြားသည်။

“ရှေ့နေများရုံးက အလုပ်ခေါ်စာဆိုရင် ပိုဆိုးတယ်၊ ‘ပုံမှန်လူများကိုသာ လက်ခံသည်’ လို့ရေးထားတာ” ဟု ၎င်းကဆိုသည်။

“လိင်ပြောင်းထားသူဖြစ်နေလို့ အလုပ်လျှောက်ခွင့် ပိတ်ပင်ခံရတယ် ဆိုတာ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ဒါ လူ့အခွင့်အရေး ချိုးဖောက်တာပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် အစိုးရဝန်ထမ်း ရာထူးနေရာ နှစ်သိန်းခန့်အတွက် လျှောက်လွှာများ လက်ခံလျက်ရှိသည်။

၎င်းကန့်သတ်ချက်များသည် မုန်းတီးမှုကို အခြေခံသည့် ပေါ်လစီသဘော သက်ရောက်နေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အင်ဒိုနီးရှားအဖွဲ့ခွဲ အုပ်ချုပ်မှုဒါရိုက်တာ အူစမန်ဟာမစ်က ပြောကြားသည်။

“အစိုးရအနေနဲ့ တစ်ဘက်သတ်ကန့်သတ်ချက်တွေ မုန်းတီးရေးအမြင်တွေ မပါဘဲ အကောင်းဆုံးနဲ့ အထက်မြက်ဆုံး ဝန်ထမ်းတွေကို ပြည်သူ့ဝန်ထမ်းအဖြစ် ခန့်ထားသင့်ပါတယ်” ဟု အူစမန်က ဆိုသည်။

“ဒီလုပ်ရပ်ဟာ အင်ဒိုနီးရှားရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့လည်း ဆန့်ကျင်နေသလို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေကို လိုက်နာရမယ့် တာဝန်ကိုလည်း ဖောက်ဖျက်ရာရောက်တယ်” ဟု ၎င်းကပြောကြားသည်။

အရှေ့တောင်အာရှ၏ ကျွန်းစုတစ်ခုဖြစ်သော အင်ဒိုနီးရှားသည် လူဦးရေ သန်းပေါင်း ၂၆၀ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် မွတ်ဆလင်ရာခိုင်နှုန်း အများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်သည်။

အင်ဒိုနီးရှားသည် မကြာသေးခင်နှစ်များအတွင်း လိင်စိတ်ကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုများ မတန်တဆ များပြားလာပြီး လုပ်ငန်းခွင်အတွင်း သိသာထင်ရှားသော ကျား၊မ ခွဲခြားဆက်ဆံမှုများလည်း ကျင့်သုံးလျက်ရှိသည်။