- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေကို AA ထိုးစစ် စပြီလား
“အာရက္ခတပ်တော်မှာရှိတဲ့ ရဲဘော်တွေဟာ တစ်မြို့ပြီးတစ်မြို့ တစ်နေရာပြီး တစ်နေရာ စခန်းတစ်ခုပြီး တစ်ခုသိမ်းလာတဲ့ အခါကျတော့ အောင်စိတ်က ရှိနေပြီးသား။ နောက်တစ်ခါ အဲဒီ အောင်စိတ်ရှိနေတဲ့ အဖွဲ့ အစည်းနောက်မှာ အာရက္ခပြည်သူ တစ်ရပ်လုံးကလည်း မားမားမတ်မတ်ရပ်တည်ပြီးသား ရှိနေပြီးဖြစ်တယ်။ အဲဒါကြောင့် စစ်တွေမြို့လို့ မြေပြင်မှာတိုက်တဲ့ တိုက်ပွဲဆိုရင်လည်း တကယ်တန်း ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အခါ အာရက္ခတပ်တော်ကပဲ နိုင်လာမယ်လို့ ကျနော်က ယုံကြည်ချက်ရှိတယ်”
18 Jan 2025
ဝင်းညွန့် - ရေးသည်
ရခိုင်ပြည်သိမ်းတိုက်ပွဲ တစ်နှစ်ကျော်ကလအတွင်း အာရက္ခတပ်တော် AA သည် မြို့နယ် ၁၅ ခုကို အလုံးစုံသိမ်း ပိုက်ထိန်းချုပ်ထားသည်။
ရခိုင်တွင် မြို့နယ် ၁၇ မြို့ ရှိသည့်အနက် ယနေ့အခါ ၁၄ မြို့နယ်မှာ အာရက္ခတပ်တော် လက်အောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ် ၃ ခုသာကျန်ရှိတော့ပြီဖြစ်သည်။
ယင်းကြောင့် စစ်တွေမြို့ စစ်မျက်နှာသည်လည်း စိတ်ဝင်စားစရာဖြစ်နေကြောင်း စစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။
အပြန်အလှန်ပစ်ခတ်မှုများ
အာရက္ခတပ်တော်၏ ထိုးစစ်များထဲတွင် စစ်တွေမြို့သည် ရခိုင်ပြည်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေခဲ့သော မြို့နယ်ဖြစ်ပြီး AA က ဝိုင်းပတ်ပိတ်ဆို့ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။
ထို့သို့ စစ်ရေးတင်းမာနေသည့် စစ်တွေမြို့နယ်တွင် ယခုရက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများ စတင်လာတော့သည်။
ဇန်နဝါရီ (၁၆) ကစတင်ကာ ယနေ့အချိန်ထိ စစ်တွေမြို့နယ်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိနေသည်။
စစ်တွေမြို့ပေါ်ရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီတို့က စစ်တွေမြို့အနီး တဝိုက်ကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးပစ်သံကြားရတာ ဒီနေ့ဆိုရင် ၂ ရက်ရှိပြီ။ တိုက်ပွဲစဖြစ်နေပြီထင်တယ်။ ဈေးကြီးမှာလည်း လက်နက်ကြီးကျည်စတွေ ကျတယ်လို့သိရတယ်။ မြို့ထဲမှာ တိုက်ပွဲဖြစ်လာရင်တော့ ဒေသခံတွေ တော်တော်ကို ဒုက္ခရောက်ကြမှာ” ဟု ပြောသည်။
ထို့အတူ ဇန်နဝါရီ ၁၆ ကလည်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာကိုလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့သည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၇) ရက်၊ နံနက် ၉ နာရီခန့်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထား၊ ကွမ်းတောင်၊ အောင်ဇေယျ၊ အိုင်ဒင်ကျေးရွာအနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြေပြင်သတင်းရင်း မြစ်တစ်ဦးထံမှ သိရသည်။
“၉ နာရီလောက်က စစ်တွေဖက်ကနေ စစ်ကောင်စီက လက်နက်ကြီးပစ်တာ အလုံး ၃၀ လောက်ရှိတယ်။ ကွမ်းတောင်၊ အိုင်ဒင်ကျေးရွာအနီးအနားတွေမှာ ကျတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ တယ်” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်တွေမြို့နယ် ဝါဘို၊ ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်၊ စပါးထား၊ အိုင်ဒင် စသည့် နယ်စပ်ကျေးရွာများမှ ဒေသခံများများဘေးလွတ်ရာသို့ ထွက်ပြေးနေသဖြင့် လူနေထိုင်ခြင်း မရှိတော့ပေ။
စစ်ကောင်စီသည် ယခင်ကတည်းကပင် စစ်တွေမြို့ကို AA ထိုးစစ်ဆင်လာမည်ကိုစိုးရိမ်၍ မြို့နယ်အစပ်ရှိ အနီးအနားရှိ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျက်တောပြင်၊ ကျားမသောက်အပါဝင် ကျေးရွာ (၁၀) ကျော်မှ ဒေသခံများကို မြို့ထဲသို့ ခေါ်ဆောင်ပြီး ပိတ်လှောင်ခံထားရသည်။
စစ်တွေမြို့တွင်း အခြေအနေ
လတ်တလောအခြေအနေအရ မြို့ပေါ်တွင်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာမည်ကိုစိုးရိမ်၍ မြို့ခံအချို့မှာ ပြည်မဘက်သို့တိမ်းရှောင်ရန် လေယာဉ်လက်မှန်များ အလုအယက်ဝယ်ယူမှုများ ရှိနေကြသည်။
“ပစ်ခတ်သံတွေက တော်တော်လည်းကိုကြားရတော့ မြို့ခံတွေက တိုက်ပွဲတွေ ပြင်းထန်မှုရှိလာမှာကို စိုးရိမ်နေကြတယ်။ မြို့တွင်းတိုက်ပွဲဖြစ်လာရင် မြို့ပေါ်မှာပိတ်သွားမှာစိုးပြီးတော့ လေယာဉ်လက်မှတ်တွေ ဝယ်ယူနေကြတာတွေရှိတယ်။ ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ရန်ကုန်ဖက်ကို စပြီးရှောင်နေကြပြီ” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၇ ရက်တွင် စစ်တွေမြို့တွင်းပတ်ပတ်လည်ရှိ စခန်းများ၌ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းထားပြီး ကင်းလှည်မှုများရှိနေကြသည်။ စစ်တွေမြို့ကိုခုခံရန် ရွှေမင်းဂံ ရေတပ်စခန်းတွင်လည်း နေဗီများ အင်အားဖြည့်ထားကြောင်း သိရသည်။
တပ်ရင်းဌာနချုပ်အသီးသီး၌လည်း စစ်သင်တန်းဆင်း မွတ်ဆလင် ၁,၀၀၀ န့်ကိုပို့ဆောင်ကာ အင်အားဖြည့်တင်းထားကြောင်း မြို့ခံများက ပြောဆိုကြသည်။
ယင်းအပြင် စစ်တွေမြို့အဝင်အထွက်နေရာများကို ပိတ်ဆို့ထားပြီး မြို့ပတ်လည်တွင် ထောင်နှင့်ချီသည့် မိုင်းများထောင်ထားကာ ရှုခင်းသာလမ်းများတွင်လည်း ခြံစည်းရိုးများဖြင့် ကာရံထားသည်။
စစ်တွေတွင် စစ်ရိပ်သန်းလာသည့် အနေအထားရှိလာပြီးနောက် စစ်ကောင်စီက မကြာခဏ လက်နက်ကြီးလှမ်းပစ်ခြင်း၊ လက်နက်ငယ်များ ပစ်ခတ်သည့်အပြင် မြို့တွင်းရပ်ကွက်များကိုလည်း ဝင်ရောက်စစ်ဆေးမှုများ၊ ဒေသခံများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
အာရက္ခတပ်တော်၏ စစ်ရေးဆုံးဖြတ်ချက်မှာ ရခိုင်ပြည်ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရမည်ဟု တရားဝင်ကြေညာထားသည်။ ယင်းကြောင့် စစ်တွေမြို့သည်လည်း ချန်ထားမည်မဟုတ်ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
စစ်တွေမြို့မှာ ရခိုင်ပြည်၏ မြို့တော်ဖြစ်သောကြောင့် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်ရန်ရည်ရွှယ်ထားသည့် AA အတွက် မဖြစ်မနေ တိုက်ခိုက်ရမည်မြို့ဖြစ်၍ စစ်ဆင်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်သူ ဦးဖေသန်းက ပြောသည်။
“စစ်တွေက ရခိုင်ပြည်မြောက်ပိုင်းမှာ ကျန်တဲ့တစ်ခုတည်းသော မြို့ ဖြစ်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်ရဲ့ မြို့ တော်လည်းဖြစ်တယ်။ စစ်တွေကို မသိမ်းပိုက်နိုင်ဘဲ ရခိုင်ပြည်ကို ရရှိတယ်။ ရခိုင်ပြည်မှာ သီးသန့်အောင်ပွဲခံနိုင်တဲ့ အနေအထားမျိုး ပြောလို့မရဘူး။ ဘာဖြစ်လိုလဲဆိုတော့ ရခိုင်ပြည်က မြို့တော်ဖြစ်လို့။ အဲလို အနေထားမျိုးကြောင့် အခုဆိုရင် စစ်တွေမြိုပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ စဖြစ်လာတယ်လို သုံးသပ်ပါတယ်” ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးဖေသန်းက ပြောသည်။
ပင်လယ်ကျွန်းမြို့နှင့် စစ်မျက်နှာ
စစ်တွေမြို့နယ်သည် ရခိုင်တွင် တောတောင်လုံးဝမရှိသည့် တစ်ခုတည်းသော မြေပြန့် ပင်လယ်ကမ်းစပ်မြို့ ဖြစ်သည်။ ယင်းကြောင့် အာရက္ခတပ်တော်သည် မြေပြင်ထိုးစစ်နှင့် မြို့ပြတိုက်စစ်ကို အရှိန်ဟုန်ပြင်းပြင်းနှင့် တိုက်ခိုက်ရမည့် အခြေအနေဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
သို့သော်လည်း တော၊ တောင်မရှိသည့် မောင်တော နခခ ၅ နှင့် မြို့ပြတိုက်ပွဲဖြစ်သော ပေါက်တောမြို့ သိမ်းတိုက်ပွဲများတွင် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များက စစ်ရေးအတွေ့ကြုံယူထားပြီးသားဖြစ်သဖြင့် စစ်တွေသည်လည်း AA အတွက် တိုက်နည်းဗျူဟာအသစ်များဖြင့် စစ်ပွဲဖော်သည့် အလားအလာမြင်ရကြောင်း ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။
“အာရက္ခတပ်တော်ရဲ့ တိုက်ရေးခိုက်ရေးစွမ်းရည်ဟာ တောတွင်းထဲမှာပဲ တိုက်နိုင်တဲ့ အရည်အချင်းမျိုးမဟုတ်ဘူး။ သူတို့ဟာ မြို့ပြစစ်ဆင်ရေးကိုလည်း ကောင်းကောင်းတိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒါပေမဲ့ စစ်တွေကတော့ ထောက်ပို့လမ်းကြောင်းအားဖြင့် ထောက်ပို့လုပ်မယ်ဆိုရင် အခက်ခဲရှိနိုင်တယ်။ ကျွန်းလိုမျိုး အနေအထားမှာရှိတာဆိုတော့ ပင်လယ်ထဲမှာ မြေအငူလိုမျိုး ရှိနေတာဆိုတော့ တိုက်ခိုက်ရတာ ခက်ခဲမလားဆိုပြီး စဉ်းစားချက်တွေ ရှိတယ်” ဟု ရခိုင်စစ်ရေးလေ့လာ စောင့်ကြည့်သူ ကိုဇော်ထွန်းက ပြောသည်။
စစ်တွေမြိ့သိမ်းတိုက်ပွဲ စတင်လာပါက စစ်ကောင်စီအနေဖြင့် ရေတပ်အပါဝင် လေတပ်များပါ အစွမ်းကုန်အင်အားသုံး တိုက်ခိုက်လာနိုင်သည့် အခြေရှိနေသည်။
မြန်မာနိုင်ငံအနှံ့တိုက်ပွဲများထဲတွင် ရခိုင်ဒေသကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုတပြိုင်နက်တည်း တိုက်ခိုက်နိုင်ခဲ့သည့် ဒေသဖြစ်သည်။ ယင်းအထဲကနေ အာရက္ခတပ်တော်က စစ်ကောင်စီကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
တိုက်ပွဲတစ်ခုတွင် လေကြောင်းပစ်ကူ၊ ရေကြောင်း ခေတ်မီလက်နက်ခဲယမ်း မည်သို့ပင်သာစေကာမှု မြေပြင်တပ်ကူမရောက်ခဲ့လျှင်၊ သို့မဟုတ် စစ်သည်များ စိတ်ဓာတ်ကျ ဆင်းခဲ့လျှင် အုပ်စုလိုက် လက်နက်ချတတ်သည့် မြင်ကွင်းများကို ရခိုင်တိုက်ပွဲများက သက်သေပြခဲ့ ပြီးဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
ယင်းအပြင် စစ်ရေးအရ စစ်ကောင်စီတွင်လည်း နယ်မြေအများသိမ်းပိုက်ခံထားခြင်း၊ စစ်သည်များ တိုက်စွမ်းရည် စိတ်ဓာတ်ကျနေခြင်း စသည့် အားနည်းချက်များရှိနေသဖြင့် အာရက္ခတပ်တော်အတွက် အခြေအနေကောင်းမည်ဟု ထင်မြင်ချက်ပေးကြသည်။
“အာရက္ခတပ်တော်မှာရှိတဲ့ ရဲဘော်တွေဟာ တစ်မြို့ပြီးတစ်မြို့ တစ်နေရာပြီး တစ်နေရာ စခန်းတစ်ခုပြီး တစ်ခုသိမ်းလာတဲ့ အခါကျတော့ အောင်စိတ်က ရှိနေပြီးသား။ နောက်တစ်ခါ အဲဒီ အောင်စိတ်ရှိနေတဲ့ အဖွဲ့ အစည်းနောက်မှာ အာရက္ခပြည်သူ တစ်ရပ်လုံးကလည်း မားမားမတ်မတ်ရပ်တည်ပြီးသား ရှိနေပြီးဖြစ်တယ်။ အဲဒါကြောင့် စစ်တွေမြို့လို့ မြေပြင်မှာတိုက်တဲ့ တိုက်ပွဲဆိုရင်လည်း တကယ်တန်း ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အခါ အာရက္ခတပ်တော်ကပဲ နိုင်လာမယ်လို့ ကျနော်က ယုံကြည်ချက်ရှိတယ်” ဟု ကိုဇော်ထွန်းက ရှုမြင်သည်။
စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ ၊ အင်ဂျင်နီယာတပ်များ အပါအဝင် အမြောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါးရှိနေသည်။ ထို့အတူ နပခ တိုင်းမှူးနှင့် အခြား ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်များနေထိုင်ရာ နေရာလည်းဖြစ်ကြောင်း သိရသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီသည် မောင်တောနှင့် အမ်းမြို့နယ်ကို ကျရှုံးပြီးနောက်ပိုင်း စစ်တွေပင်လယ်ပြင် မြို့ပတ်လည်ကို နေဗီ ၁၀ ထက်မနည်းဖြင့် ဝိုင်းရံကာ အင်အားတိုးမြှင့်ထားသည်ဟုလည်း AA နှင့်နီးစပ်သူက ပြောသည်။
စစ်တွေမြို့တော်သည် အိန္ဒိယရင်းနှီးမြှုပ်နှံ့မှု ကုလားတန်စီမံကိန်းနှင့် ကိုးရီးယား BXT စီမံကိန်းများ အခြေတည်ရာနေရာဖြစ်၍ နှစ်ဘက်စလုံးအတွက် အကျိုးအမြတ်များစွာ ရှိနေသည့်နေရာလည်းဖြစ်သည်။
ယင်းကြောင့် အာရက္ခတပ်တော်သည် စစ်တွေမြို့ကို မည်သည့် မည်ပုံ မဟာဗျူဟာ နည်းဗျူဟာများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မည်ဖြစ်ပေသည်။