ရမ်းချောင်းထဲက ငိုရှိုက်သံ 

“ကျမတို့ကို မကျေနပ်ရင်နေပါ။ ကျမတို့ရဲ့ အနာဂတ်ကလေးငယ်တွေကို ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ အဓိက ကလေးတွေအတွက် အမြန်ဆုံး ဒီကနေလွတ်မြောက်ချင်ပါပြီ” ဟု ဒေါ်မာလင်းစိုးက လက်အုပ်ချီကာ မျက်ရည်စက်လက်ဖြင့် DMG က တစ်ဆင့် တောင်းပန်နေရှာတော့သည်။

By Admin 27 Jan 2025

ရမ်းချောင်းထဲက ငိုရှိုက်သံ 

 
ခိုင်ရိုးလ - ရေးသည်

“ ‘ဝှီးခနဲ’ ဆိုပြီး အသံနဲ့ ချသွားတာပါ။ ဂျက်လာတာ ဘာမှမသိလိုက်ရဘူး။ ဗုံးကြဲမှ သိရတာ ” ဟု အနက်ရောင်အနွေးထည် ခပ်နွမ်းနွမ်းနှင့် ခေါင်းစွပ်ဝတ်ထားသူ ဒေါ်ဇင်မာလင်းစိုးက သွေးပျက်ဖွယ်မျက်နှာထားဖြင့် ပြောနေသည်။
 
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈၊ ညနေ ၅ နာရီဝန်းကျင်က ရခိုင်ပြည်၊ မြောက်ဦး၊ ရမ်းချောင်းဒေသမှာ စစ်ကောင်စီ၏ ဂျက်ဖိုက်ဖြင့် ဗုံးကြဲမှုကြောင့် AA က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း မိသားစုဝင်အမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်ကို ပြန်ပြောပြနေခြင်း ဖြစ်သည်။

ထိုနေ့က ဇန်နဝါရီလ ချမ်းစိမ့်စိမ့်ရာသီနှင့်အတူ ရမ်းချောင်းအထက်ပိုင်းဒေသရှိ တောတောင်တစ်ခုလုံး စိမ်းမြကြည်လင်နေပြီး အမျိုးသမီးနှင့် ကလေးငယ်ရာနှင့်ချီမှာ နေ့တဓူဝ သူတို့တာဝန်အလုပ်များနှင့် ပုံမှန်ဖြတ်သန်းနေကြသည်။
 
နေမစောင်းမီ စမ်းချောင်းထဲက ရေချိုး၊ နေမဝင်ခင် ထမင်းစားပြီး၊ သူတို့ နားခိုရာ ယာယီအဆောင် ဂေဟာထဲတွင် စုဝေးကာ တစ်ယောက်တစ်ပေါက် စကားပြောနေရှာတော့သည်။

ထိုစဉ် မမျှော်လင့်ဘဲ ကောင်းကင်ပေါ်က မီးတောက်သဖွယ် အစိုင်အခဲများသည် တစ်မိနစ်စီခြားပြီး သုံးကြိမ်တိုင်တိုင် သူတို့နားခိုရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အသက်ကို နှုတ်ယူသွားခဲ့သည်။

ဒေါ်ဇင်မာလင်းစိုးတို့ နေထိုင်ရာ ယာယီအဆောင်သို့ ဗုံး ၃ လုံး ကြဲချခဲ့ခြင်းဖြစ်သည်။ အဆိုပါဗုံးသည် အိပ်ဆောင် အမှတ် ၃ တွင် အများဆုံးထိမှန်ပြီး အဆောင် ၂ တွင်လည်း ထိမှန်သည်။

အသက် ၃၀ နှစ်အရွယ် ဒေါ်ဇင်မာလင်းစိုးအပါဝင် ကလေးသူငယ်နှင့် အမျိုးသမီး ၁၀၀ နီးပါးမှာ ရခိုင်ပြည်၊ မြောက် ဦးမြို့နယ်၊ ရမ်းချောင်းဒေသထဲက တောနက်ထဲတွင် နေထိုင်ကြရခြင်းဖြစ်သည်။ ရမ်းချောင်းတောင်တန်းသည် မြောက်ဦးမြို့နယ် မြောက်ပိုင်းကနေ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အထိ တောတောင်ထူထပ်စွာ ချိတ်ဆက်နေပြီး တောနက်သည်။

သူသည် အသက် ၅ နှစ်နှင့် ၁၀ နှစ် ယောက်ျားလေးနှင့် မိန်းကလေး ကလေး ၂ ဦးမိခင်ဖြစ်ပြီး မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဝါတိုးနောက်လမ်း ဇာတိဖြစ်သည်။ သူ့အမျိုးသားမှာ ရဲတပ်ဖွဲ့ဝင် အောင်ချစ်ဦး ဖြစ်ကြောင်းဆိုသည်။ 

ဒေါ်ဇင်မာလင်းစိုး မိသားစုသည် မြောက်ဦးခရိုင်ရဲစခန်းကနေပြီး တိုက်ပွဲများကြောင့် ၂၀ ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ တွင် စခန်းဆုတ်ကာ ခမရ ၃၇၈ တပ်ရင်းသို့ ထွက်ပြေးခဲ့ရသည်။ 

ယင်းနောက် မြောက်ဦး ခမရ ၃၇၇ သို့ရောက်ချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ကယ်ထုတ်စဉ် မလိုက်ခဲ့ရဘဲ ကျန်နေခဲ့ရကြောင်း ဆိုသည်။ ယင်းနောက် ခမရ ၃၇၇ တပ်ရင်းတွင် တိုက်ပွဲပြင်းထန်ပြီးနောက် အာရက္ခတပ်တော်၏ ဝိုင်းပတ်ပိတ်ဆို့မှုများကြောင့် လက်နက်ချ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ယင်းအချိန်မှစပြီး ခင်ပွန်းဖြစ်သူနှင့်ကွဲကွာသွားကာ လက်ရှိတွင် ရမ်းချောင်းဒေသက စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ်များကို သီးသန့်ထားသည့် အဆောင်ထဲတွင်နေထိုင်လာသည်မှ တစ်နှစ်ခန့်ထိ ကြာမြင့်လာပြီး ဖြစ်သည်။

“ကျမအပါဝင် ခရိုင်ရဲ မိသားစု သုံးစုကတော့ ဘာတစ်ခုမှ မထိဘူး။ လွတ်သွားတယ်။ ဖြစ်သွားတာ (သေဆုံးဒဏ် ရာရ) က ၅၄၀ တပ်က မိသားစုတွေပါ” ဟု ကံကောင်းစွာ အသက်ဘေးက လွတ်မြောက်ခဲ့ရသည့် အကြောင်းရင်းကို ရှင်းပြသည်။ 

အခင်းဖြစ်ချိန်တွင် ခပ်လှမ်းလှမ်းရှိ ထမင်းချက်ဆောင်တွင် ကလေးများနှင့်ရှိနေသဖြင့် တစ်စုံတစ်ရာထိ ခိုက်မှုမရှိခဲ့ကြောင်း ဆိုသည်။

နောက်တစ်နေ့ (ဇန်နဝါရီ ၁၉) တွင် DMG က အခင်းဖြစ်ရာနေရာသို့ ရောက်ခဲ့သည်။ ယင်းအချိန် အသက်ရှင် ကျန်ရစ်ခဲ့သူများမှာ လျှိုမြောင်၊ သစ်ပင်အောက်နှင့်၊ ခြုံပုတ်များထဲတွင် စိုးရိမ်ကြောက်လန့်မှုများစွာဖြင့် ဟိုတစ်စု ဒီတစ်စု ပြန့်ကြဲပုန်းခိုနေကြပြီး မျက်နှာတွေမှာ မျက်ရည်စက်ကိုယ်စီဖြင့် တွေ့ခဲ့ရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအနားတွင် ငိုကြွေးနေကြသည့် သုံ့ပန်း မိသားစုဝင်များ။

သေဆုံးသူကို သင်္ဂြိုလ်ရန်ပြင်ဆင်နေသည့် ရုပ်အလောင်းများအနီးတွင် မိသားစုဝင်များနှင့် ကလေးသူငယ် ငိုကြွေးသံကလည်း ရမ်းချောင်းတောင်တန်းအနှံ့ ပျံ့နှံ့ ပဲ့တင်ထပ်နေလေသည်။
 
ဗုံးကြဲခံရသည့် ဒဏ်ကြောင့် အသက် ၁၁ နှစ် အရွယ် သားမောင်အောင်စစ်မင်း သေဆုံးခဲ့သည့် ဒေါ်စိုးစိုးဌေးတစ်ယောက် ဖြစ်ရပ်အကြောင်းရှင်းပြရင်း သတိလစ်သည်အထိ ဖြစ်ခဲ့သည်။ 

 ယင်းသားကို လွတ်မြောက်ချိန်တွင် ရှင်ပြုရန် ရည်မှန်းထားသဖြင့် ရင်ကွဲနေရှာလေသည်။

“ထမင်းကို ဆားနဲ့ရေနဲ့စားပြီး သားလေးကို ရှင်ပြုဖို့အတွက် စုဆောင်းထားတာပါ။ AA က သိမ်းဆည်းထားတဲ့ ရွှေ၊ ငွေတွေကို လွတ်မြောက်ခွင့်ပေးရင် ပေးမယ်လို့ ပြောထားတယ်။ အဲဒီ ရွှေငွေတွေနဲ့ သားနှစ်ယောက်ကို ရှင်ပြုမယ်လို့ တွေးထားတာပါ။ အခုတော့ တာဝန်မကျေ လိုက်နိုင်ဘူး” ဟု ဒေါ်စိုးစိုးဌေးက ရှိုက်ကြီးငင်ကာ ငိုကြွေးရင်း ပြောသည်။
 
ဒေါ်စိုးစိုးဌေးသည် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ ဇာတိဖြစ်ပြီး မြောက်ဦးအခြေစိုက် တပ်မိသားစုဝင်တစ်ဦး ဖြစ်သည်။

ရခိုင်ပြည်က နယ်မြေအများစုကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် ယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ဒေသကို လေယာဉ်ဖြင့်ဗုံးကြဲမှု နေ့စဉ် ဆက်တိုက်ရှိနေပြီး စစ်သုံ့ပန်း မိသားစုဝင်များမှာလည်း စစ်ကောင်စီ၏ ပစ်မှတ်အောက်တွင် သားကောင်းအဖြစ်ရှိလာနေသည်။

 “ကျမတို့ ရေချိုးပြီး ပြန်လာတဲ့ အချိန်မှာ လေယာဉ်သံ အသံတိတ်နဲ့ ကြဲချတာ။ ကျမတို့ ပြေးပြီးသွားပြီး ပုန်းခို ခဲ့ရတယ်။ နောက်တစ်လုံး ကြဲချတယ်။ နောက်တော့ လူတွေသေတာကို သိလိုက်ရပါတယ်။ ကျမတို့ အဆောင် ၃ ကဆိုရင် ၂၅ ယောက်သေဆုံးပါတယ်” သုံ့ပန်းမိသားစုဝင် ရှမ်းပြည်နယ်၊ ကျိုင်းတုံ ဇာတိဖြစ်သူ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် စစ်သုံ့ပန်း (အမျိုးသားများ)ကို မိသားစုဝင်များနှင့် အတူမထားပေ။ သီးသန့်ခွဲထားပြီး ဗုံးကြဲခံရသည့်နေရာတွင် အမျိုးသမီးနှင့် ကလေးငယ်များ သီးသန့်ထိန်းသိမ်းထားသည့်ရာဖြစ်သည်။ ယင်းဖြစ်စဉ်တွင် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စစ်သုံ့ပန်းမိသားစုဝင်များနေထိုင်သော အဆောင်မြင်ကွင်း။

၂၀၂၃ နိုဝင်ဘာလက စတင်ခဲ့သည့် ရခိုင်တိုက်ပွဲအတွင်း ယနေ့အချိန်တွင် အာရက္ခတပ်တော်သည် ပလက်ဝမြို့ နယ်နှင့် ရခိုင်ပြည်က မြို့နယ် ၁၄ ခုအထိသိမ်းပိုက်ထိန်းချုပ်ထားသည်။ 

အဆိုပါ တိုက်ပွဲများအတွင်း AA ၏ ထိုးစစ်ကိုဒဏ်ကြောင့် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ထောင်နှင့်ချီရှိနေပြီး နေရာအသီးသီးတွင် ထိန်းသိမ်းထားသည်။ ယင်းအထဲက အချို့ သုံ့ပန်း မိသားစုဝင်များကို AA က အသုတ်လိုက် လွှတ်ပေးခြင်းများ ရှိသည်။ သို့သော်လည်း  AA ဘက်ကတော့ လုံခြုံရေး အခြေနေကြောင့်ဟုဆိုကာ သတင်းမထုတ်ပြန်ပေ။  

ထို့အတူ နောက်ထပ်လည်း လွှတ်ပေးမည့် အစီစဉ်များရှိနေသေးကြောင်း သိရသည်။  “ သူတို့တွေကို ဒီလကုန်ပိုင်းမှာ လွတ်ပေးမယ်လို့ လုပ်ထားတာ။ ဒါမေမဲ့ ကံဆိုးရှာတယ်ဗျာ ” ဟု အာရက္ခတပ်တော် အရာရှိတစ်ဦးက DMG ကိုပြောသည်။

ထို့အတူ စစ်သုံပန်းမိသားစုဝင် နောက်ထပ်အမျိုးသမီးတစ်ဦးကလည်း “ ပြန်ရတော့မယ့်အချိန်မှာ ကျမတို့ သားသမီးတွေ လေယာဉ်နဲ့ဗုံးလာကြဲခံရတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး၊ နာကျဉ်းမိပါတယ်။ ကိုယ့်တပ်မတော်က ကိုယ့်တပည့်သားသမီးတွေကို ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုတာကို ရင်ထဲမှာ ဖြေလို့မရပါဘူး” ဟု DMG ကို ရင်ဖွင့်သည်။

ထို့အတူ အဆိုပါ ရမ်းချေင်းဒေသသို့ လေယာဉ်ဖြင့် ဗုံးမကြဲမီ နေ့လည် ၂ နာရီ ၃ နာရီလောက်က ဒရုန်းဖြင့်လာပြီး ကင်းထောက်မှုများရှိကြောင်း ကျန်ရစ်သူများက ပြောဆိုကြသည်။ 

လက်ရှိတွင် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံများတွင် ULA/ AA ဆရာဝန်နှင့် ကျန်းမာရေးဌာနက ကုသပေးနေသည်။ ယင်းအထဲ အချို့လူနာများမှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ခွဲစိပ်ကုသနေရကြောင်း AA တာဝန်ရှိသူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်သုံ့ပန်းမိသားစုဝင်များ၏ ရုပ်အလောင်းများ။ 

ရမ်းချောင်းဒေသ စစ်သုံပန်းမိသားစုဝင် ထိန်သိမ်းထားရာသို့ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ စစ်ကောင်စီ၏ လူမဆန်မှုလုပ်ရပ်သာဖြစ်ပြီး စစ်ပွဲအတွင်းလိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း  AA ပြောခွင့်ရသူက ဆိုသည်။

ဦးခိုင်သုခက “ စစ်သုံပန်းမိသားစုဝင်တွေကို ယာယီထားတဲ့နေရာကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗေးရှင်းကို ပြောင်ပြောင်တင်းချိုးဖောက်တာဖြစ်သလို စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ် ” ဟု DMG ကိုပြောသည်။

ယင်းလုပ်ရပ်အပေါ်တွင်လည်း စစ်ခေါင်းဆောင်များက တာဝန်ယူရမည်ဟုလည်း ဦးခိုင်သုက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တုံ့ပြန်ချက်ရရန် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ် မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆင်ပြေခဲ့ပေ။ ယင်းအပြင် ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့သည်။

ရခိုင်တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းနှင့် အခြားနေရာများကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ထိရှိနေခဲ့သည်။ 

၂၀၂၄ စက်တင်ဘာ ၉ ရက်က မောင်တောမြို့အနီး နယ်ခြားစောင့်တပ်စခန်း နခခ (၂) ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်းများ အပါအဝင် သေဆုံး သူ ၆၀ ကျော်နှင့် ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

စက်တင်ဘာ ၈ ရက်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာအနီးက စစ်သုံ့ပန်းများနေရာကို လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့၍ ၁၇ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများအား မြေမြှုပ် သင်္ဂြိုလ်ရန် ပြင်ဆင်နေပုံ။

တိုက်ပွဲ တစ်နှစ်တာအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၇၃၅ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (ULA/AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ၂၀၂၄ နိုဝင်ဘာ ၁၃ တွင် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ စာရင်းသည် ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃  နိုဝင်ဘာ ၁၃ ကနေ ၂၀၂၄  နိုဝင်ဘာ ၁၃ထိ ဖြစ်ပြီး ဒေသခံ အမျိုးသား ၅၁၇ ဦး၊ အမျိုးသမီး ၂၁၈ ဦး သေဆုံးခဲ့ရကာ ဖြစ်စဉ်များမှာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ဖြစ်သည်။

“AA ထိမ်းချုပ်မှုအောက် နေရတာဆိုတော့ သူတို့ပေးတာစား ခိုင်းတာလုပ်နေရပါတယ်။ ဒါပေမဲ့ လုံခြုံမှုရှိအောင် ထားပေးပါတယ်။ AA ကတော့ ဒီလကုန်ပိုင်း လွတ်တော့မယ်ဆိုပြီး ပြောထားတာရှိပါတယ်။ အဲဒီနေ့ကို စောင့်ပြီး နေရတာပါ” ဟု နောက်ထပ် အမျိုးသမီးတစ်ဦးကပြောသည်။ (လေကြောင်းအန္တရာယ်ကြောင့် အချိန်မရခဲ့သဖြင့် DMG အနေဖြင့် နာမည်မေးရန် အဆင်မပြေခဲ့ပေ။)

လတ်တလောတွင် စစ်သုံ့ပန်းမိသားစုဝင်များလည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်မှုအထူး မြင့်တက်နေကြောင်း ပြောဆိုကြသည်။

“ဘယ်နေ့ သေမလဲ ဆိုတာကို ထမင်းစားပြီး စောင့်နေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ အခုကတော့ လုံခြုံမှုမရှိဘူးလို့ ခံစားနေရပါတယ်” ဟု သုံ့ပန်းမိသားစုဝင်တစ်ဦးက ပြောသည်။

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်မာလင်းစိုးက “ မိသားစုတွေကို ကိုယ်တွေက ဒီမှာရှိပါသေးတယ်လို့ ပြောချင်ပါတယ်။ သားနဲ့သမီးရော ကိုယ်ရော ကျန်းမာစွာ ရှိပါသေးတယ်လို့… ” ဟု အဆက်သွယ်ပြတ်နေသည့် မိသားစုဝင်များကို အမှာစကားပါးလိုက်သည်။

ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်လာအရ သေဆုံးသွားသူများအတွက် အမျှပေးဝေနေပုံ။

ထို့အတူ ရခိုင်က သုံ့ပန်းမိသားစုဝင်များမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေး နွေပွဲအဆင်ပြေရန် တောင်းဆိုနေကြပြီး အိမ်ပြန်လမ်းကို စောင့်မျှော်နေကြောင်း ပြောပြရှာသည်။

“ကျမတို့ကို မကျေနပ်ရင်နေပါ။ ကျမတို့ရဲ့ အနာဂတ်ကလေးငယ်တွေကို ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ အဓိက ကလေးတွေအတွက် အမြန်ဆုံး ဒီကနေလွတ်မြောက်ချင်ပါပြီ” ဟု ဒေါ်မာလင်းစိုးက လက်အုပ်ချီကာ မျက်ရည်စက်လက်ဖြင့် DMG က တစ်ဆင့် တောင်းပန်နေရှာတော့သည်။
 
ရမ်းချောင်းတောင်တန်းသည် မြောက်ဦးမြို့နယ်မြောက်ပိုင်းကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထိ တောတောင်ထူထပ်စွာ ချိတ်ဆက်နေပြီး တောနက်သည်။ ယင်းနေရာတစ်ခုတွင် သွေးသံတရဲရဲဖြင့် စုပုံထပ်နေသည့် စစ်သုံ့ပန်း မိသားစုဝင်များ၏ ရုပ်အလောင်းများက တောနက်ထဲတွင် ကျန်ရစ်နေရှာခဲ့ပြီ။