ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ

"နိုင်ငံအနေနဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ ကုလသမဂ္ဂကလည်း အားလုံးအတွက် ရေရှည်တည်တံ့ပြီး သာတူညီမျှအနာဂတ်တစ်ရပ် တည်ဆောက်ရာမှာ ကူညီမယ်ဆိုတာ ထည့်တွက်ထားနိုင်ပါတယ်" ဟု အတွင်းရေးမှူးချုပ်က ယနေ့ နံနက်ပိုင်း၌ မိုဟာမက်ယူနွတ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

By Admin 14 Mar 2025

၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အကြံပေး မိုဟာမက်ယူနွတ်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - PID

DMG ၊ မတ် ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်သည် မတ်လ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေးအဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူနွတ်နှင့် တွေ့ဆုံခဲ့ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

တွေ့ဆုံမှုအတွင်း အတွင်းရေးမှူးချုပ်က အားလုံးအတွက် ရေရှည်တည်တံ့ပြီး သာတူညီမျှ အနာဂတ်တစ်ရပ် တည်ဆောက်ရာတွင် ကူညီပံ့ပိုးပေးမည်ဟု ကတိပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။

"နိုင်ငံအနေနဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ ကုလသမဂ္ဂကလည်း အားလုံးအတွက် ရေရှည်တည်တံ့ပြီး သာတူညီမျှအနာဂတ်တစ်ရပ် တည်ဆောက်ရာမှာ ကူညီမယ်ဆိုတာ ထည့်တွက်ထားနိုင်ပါတယ်" ဟု အတွင်းရေးမှူးချုပ်က ယနေ့ နံနက်ပိုင်း၌ မိုဟာမက်ယူနွတ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တွေ့ဆုံမှုအတွင်း မွတ်ဆလင်ဒုက္ခသည်အရေး အပါအဝင် နှစ်ဘက်အပြန်အလှန် အကျိုးရှိစေမည့် ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

တွေ့ဆုံမှုအပြီးတွင် အန်တိုနီယို ဂူတားရက်နှင့် မိုဟာမက်ယူနွတ်တို့သည် ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှုကြမည်ဟု ဒါကာထရီဗျူးန်၏ ဖော်ပြချက်အရ သိရသည်။

မတ်လ ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသော ကုလအတွင်းရေးမှူးချုပ်၏ ခရီးစဉ်သည် လေးရက်ကြာမြင့်မည် ဖြစ်သည်။ ယခုခရီးစဉ်အတွင်း ကုလအတွင်းရေးမှူးချုပ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို မွတ်ဆလင်ဒုက္ခသည်များအတွက် အကူအညီများ တိုးမြှင့်ပေးအပ်ကြရန် တောင်းဆိုသွားမည်ဟု ဒါကာထရီဗျူန်းက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် မွတ်ဆလင် ၇ သိန်းဝန်းကျင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိအချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည်စုစုပေါင်း တစ်သန်းကျော်အထိ ရှိနေပြီဖြစ်သည်။ ၎င်းတို့ကို အစိုးရက ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဘာဆန်ချာကျွန်းတို့တွင် နေရာချထားသည်။

အန်တိုနီယိုဂူတားရက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး တိုဟစ်ဟူစိန်နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို စနေနေ့ မွန်းတည့်ပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။