- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၁)
ကော့ဘဇားရှိ သတင်းရင်းမြစ်များ၏ ဖွင့်ဟချက်များအရ ဆိုလျှင် ပါကစ္စတန်ထောက်လှမ်းရေးဌာန ဖြစ်သော Inter-Services Intelligence (ISI) သည် ထိုလက်နက်ကိုင်တပ်များ ပူးပေါင်းမှုတွင် အခရာကျကျ ပါဝင်ပတ်သက်နေသည်ဟု သိရသည်။
08 Feb 2025

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့အကြား ဆက်ဆံရေး ဖော်ရွေအားကောင်းလာခြင်း၏ နောက်ဆက်တွဲဖြစ်ရပ် အများအပြားအနက် အိန္ဒိယအပါအဝင် ဒေသတွင်း အလှမ်းဝေးသည့် နေရာများအထိ သက်ရောက်မှုတစ်ရပ် ရှိလာနိုင်သော ရိုဟင်ဂျာ လက်နက်ကိုင်တပ်ပေါင်းစုတစ်ရပ် ပေါ်ထွက်လာခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army - ARSA)၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (Rohingya Solidarity Organisation - RSO)၊ အစ္စလာမစ်တပ်ဦး (Islami Mahaz) အာရကန် အမျိုးသား ကာကွယ်ရေးတပ် (Arakan National Defence Force - ANDF) နှင့် အာရကန်ရိုဟင်ဂျာ တပ်မတော် (Arakan Rohingya Army – ARA) အဖွဲ့တို့မှ ကိုယ်စားလှယ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခု၌ စင်မြင့်ပေါ်တွင် အတူတကွ မြင်တွေ့ခဲ့ရပြီးနောက်တွင် ညီနောင်မဟာမိတ်လေးဖွဲ့ (သို့မဟုတ်) ရိုဟင်ဂျာတပ်မတော် ဟုခေါ်သည့် မဟာမိတ် အဖွဲ့သစ်တစ်ဖွဲ့သည် ဤအုပ်စုများအကြား ထွက်ပေါ်လာခဲ့သည်။
ကော့ဘဇားခရိုင် ကူတူပါလောင် ဒုက္ခသည်စခန်း၌ ကျင်းပသည့် ဤအခမ်းအနားသို့ ဒုက္ခသည် ထောင်ပေါင်းများစွာ စုရုံးရောက်ရှိခဲ့သည်။ သူ့မတိုင်မီ သီတင်းပတ် အများအပြားအတွင်း အဆိုပါတပ်ဖွဲ့ဝင်များအကြား ခေါင်းပူစရာ တွေ့ဆုံဆွေးနွေးမှုများ တသီတန်း ပြုလုပ်ခဲ့ပြီးနောက်တွင် ဤစုဖွဲ့မှု ရုပ်လုံးပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။
ကော့ဘဇားရှိ သတင်းရင်းမြစ်များ၏ ဖွင့်ဟချက်များအရ ဆိုလျှင် ပါကစ္စတန်ထောက်လှမ်းရေးဌာန ဖြစ်သော Inter-Services Intelligence (ISI) သည် ထိုလက်နက်ကိုင်တပ်များ ပူးပေါင်းမှုတွင် အခရာကျကျ ပါဝင်ပတ်သက်နေသည်ဟု သိရသည်။

မြန်မာပြည်ရှိ ၎င်းတို့၏ မိခင်မြေကို ပြန်လည်အရယူမည့် အစီအစဉ်အတွက် ‘ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်မှု’ ရှိနိုင်အောင် ပူးပေါင်းရမည်ဟု ISI က စည်းရုံးကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ISI ကို ကူညီပံ့ပိုးရေးသည် ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိများက ဒါကာအစိုးရသစ်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် တာဝန်တစိတ်တပိုင်း ဖြစ်သည်။
ဤဖြစ်ထွန်းပြောင်းလဲမှုများသည် အာဝါမီလိဂ်ပါတီ ဦးဆောင်သည့် အစိုးရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ပြုတ်ကျခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် ပါကစ္စတန်၏ လှုပ်ရှားမှုများ ပြန်မြင်လာရသည် ဆိုသည့် သတင်းများ ရှိနေချိန်၌ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
နှစ်နိုင်ငံအကြား ခိုင်ခိုင်မာမာ ရှိထားသည့် သဘောတူညီချက်တစ်ရပ်အရလည်း ပါကစ္စတန်စစ်ဘက်သည် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သင်တန်းပေးရန် ရှိနေသည်။
တပ်ပေါင်းစုဖွဲ့ရေးအတွက် အကြောင်းတရား
ရိုဟင်ဂျာလက်နက်ကိုင်များ ပြောဆိုကြသည့် ရည်မှန်းချက်မှာ ၁၉၇၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြန်မာပြည်ထဲမှ အသုတ်လိုက် မောင်းထုတ်ခံခဲ့ကြရသည့် ၎င်းတို့၏ နယ်မြေများကို ပြန်လည်စိုးမိုးရန် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်လ (၂၀၂၄ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွင်း အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရှိသော မောင်တောမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် မြန်မာစစ်တပ်ကို အင်အားပြည့် ထိုးစစ်ဆင်သည့် အချိန်၌လည်း ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် ထပ်မံ၍ နေရပ်စွန့်ခွာခဲ့ရပြန်သည်။ မောင်တောဒေသ တစ်ခုလုံးမှာ ယခုအခါ အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီဖြစ်သည်။
မြန်မာပြည်တွင် ယခုအခါ ရိုဟင်ဂျာအရေအတွက်သည် တစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ၎င်းတို့သည် ရခိုင်ပြည်ရှိ မြို့နယ်များတွင် ပြန့်ကျဲနေထိုင်လျက်ရှိသည်။ မကြာသေးမီက စာရေးသူ ရခိုင်တခွင် ခရီးသွားခဲ့စဉ်က ချင်းပြည်တောင်ပိုင်းရှိ ပလက်ဝဒေသတွင်လည်း ရိုဟင်ဂျာမိသားစု အနည်းငယ် ရှိသည်ကို မြင်ခဲ့ရသည်။
ရိုဟင်ဂျာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် မောင်တောတွင် အဓိက နေထိုင်ကြသည်။ ရိုဟင်ဂျာတပ်များသည်လည်း မောင်တောတွင်သာ အဓိကလှုပ်ရှားကြပြီး ရခိုင်ရှိ အခြားနေရာများတွင် မည်သည့် အထိုင်စခန်းမျှ မရှိကြပေ။

ရိုဟင်ဂျာ လက်နက်ကိုင်တပ်များသည် လက်နက်မပြည်စုံမှု၊ တပ်သားမလုံလောက်မှုကို အဓိက ရင်ဆိုင်ရသည်။ မောင်တောကို အာရက္ခတပ်တော် မသိမ်းပိုက်မီ လပေါင်းများစွာ အလိုက မြန်မာစစ်တပ်သည် အာရက္ခတပ်တော်ကို ခုခံရေးတွင် ARSA ၊ RSO နှင့် ARA အဖွဲ့တို့ပါ ပူးပေါင်းလာအောင် စည်းရုံးသိမ်းသွင်းခဲ့သည်။
မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူငယ် ရာပေါင်းများစွာကိုလည်း အဓမ္မ စစ်မှုထမ်းခိုင်းကာ ဤအုပ်စုများကို ပစ္စတိုများနှင့် G-3 ရိုင်ဖယ်သေနတ်များ ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် အာရက္ခတပ်တော်၏ ခေတ်မီလက်နက်အင်အားကို မယှဉ်နိုင်ခဲ့ပေ။
ရိုဟင်ဂျာအုပ်စုများသည် မြန်မာပြည်တွင်း၌ လှုပ်ရှားမှုများ ပြုလုပ်ရန်အတွက် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ရမည်ဟု အာမခံချက် ရရှိထားကြောင်း ဒုက္ခသည်စခန်းများရှိ မကြာသေးသည့် အဖြစ်အပျက်များနှင့် နီးစပ်သူ ကော့ဘဇားမှ အတွင်းသိတစ်ဦးက ပြောသည်။
“ဒီစီမံကိန်းကို ကြိုးကိုင်နေသူတွေက အုပ်စုအားလုံးဟာ ဘုံအခြေအနေ တစ်ရပ်မှာ အတူတူ လက်တွဲတိုက်ပွဲဝင်ရမယ်ဆိုပြီး ကြိုတင်သဘောတူချက် တစ်ရပ် ယူထားတယ်။ ဒါက သူတို့မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ပဲလေ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ဆိုရှယ်မီဒီယာပေါ်ရှိ အချို့ဖော်ပြချက်များ၌လည်း လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို ဒုက္ခသည်စခန်းများ အတွင်းရှိ ARSA အဖွဲ့ထံသို့ ဖြန့်ဝေထားပြီဟု ပြောဆိုရေးသားကြသည်များ ရှိသည်။
အိန္ဒိယအစိုးရ အရာရှိတစ်ဦးကတော့ ရိုဟင်ဂျာအုပ်စုများသည် ISI နှင့် အဆက်အသွယ် ရသွားသည့်အတွက် မြန်မာပြည်တွင် စစ်ပွဲဆင်နွှဲရန် လိုအပ်သည့် ရင်းမြစ်များ ရရှိမည့် ပိုမိုကျယ်ပြန့်သည့် ကွန်ရက်နှင့် ချိတ်ဆက်ရန် အခွင့်အလမ်း ပိုများသွားသည်ဟု ရှုမြင်သည်။
ISI နှင့် ချိတ်ဆက်မိခြင်းသည် ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးဌာန (Directorate General of Forces Intelligence – DGFI) နှင့်ထက် ပိုမို၍ အခွင့်အလမ်းများသည် ဟုလည်း သူကယူဆသည်။
ARSA ကို ရင်ဆိုင်ရန် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက RSO ကို မွေးစားခြင်း
ရိုဟင်ဂျာအုပ်စုများအတွင်း မဟာမိတ်အဖွဲ့သစ် ပေါ်ထွက်လာသည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများတွင် ပိုမိုရှုပ်ထွေးသည့် အခြေအနေတစ်ရပ် ကြုံလာရနိုင်သည်။
အစိုးရသည် လွန်ခဲ့သော ၂ နှစ်က ဘန်ဒါဘန်းပြည်နယ်တွင် မှောင်ခိုနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ် အတွင်း ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး DGFI အရာရှိ ရစ်ဇဝန်ရုရှဒီ အသတ်ခံရပြီး အထူးတပ်ဖွဲ့ RAB တပ်သားတစ်ဦး ဒဏ်ရာရခဲ့ခြင်းနှင့် ပတ်သက်၍ ARSA ၏ အခန်းကဏ္ဍကို စစ်ဆေးမှုတစ်ရပ် စတင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်များသည် ARSA ခေါင်းဆောင် အများအပြားကို ဖမ်းဆီးသည်။ လက်ရှိအထိ နောက်ဆုံးဖမ်းဆီးမှုမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက နူရူးအစ္စလာမ်အား ဒုက္ခသည်စခန်း တစ်ခုတွင် G-3 ရိုင်ဖယ်တစ်လက်၊ ခဲယမ်းအများအပြားနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း ကူတူပါလောင်ရှိ စခန်းတစ်ခုကို စီးနင်းစဉ်ကလည်း ဆာမီအူဒင်ကို ဖမ်းမိခဲ့သည်။ ဆာမီအူဒင်သည် အာရကန်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အသိုင်းအဝိုင်းအဖွဲ့ ဥက္ကဌ မိုဟစ်အူလာ ၂၀၂၁ ခုနှစ်က အသတ်ခံရမှု၊ ရစ်ဇဝန်ရုရှဒီကို သတ်ဖြတ်မှုတို့အတွက် အလိုရှိနေသူ ဖြစ်သည်။
DGFI သည် ARSA ကို တန်ပြန်ထိန်းညှိမှု အဖြစ် RSO အဖွဲ့ကို ကူညီထောက်ပံ့ရန်လည်း ဆုံးဖြတ်ခဲ့သည်။ RSO တိမ်မြုပ်သွားသည်မှာ ဆယ်စုနှစ် နှစ်ခုစာခန့် ကြာခဲ့ပြီဖြစ်သလို အဖွဲ့အကွဲအပြဲ ဖြစ်ပြီးနောက် အားနည်းသွားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင်မူ ဤအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်ရှိ ARSA အဖွဲ့အား DGFI နှင့် RAB တို့၏ အကူအညီဖြင့် ရှင်းထုတ်မည့် စစ်ဆင်ရေး တစ်ရပ်ကို စတင်ဆင်နွှဲခဲ့သည်။ သို့သော်ငြားလည်း မြန်မာနိုင်ငံ အတွင်း၌မူ RSO နှင့် ARSA တို့သည် မြန်မာစစ်တပ်နှင့်အတူ လက်တွဲပူးပေါင်းကာ အာရက္ခတပ်တော်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်မှာ ထိုနှစ် နိုဝင်ဘာလတွင် မောင်တောမြို့ မကျဆုံးမီ အချိန်အထိ ဖြစ်လေသည်။
ဤရိုဟင်ဂျာအဖွဲ့များ ပူးပေါင်းပြီး အာရက္ခတပ်တော်ကို ရင်ဆိုင်နိုင်မည်လား ဆိုသည်ကတော့ ၎င်းတို့အကြား အားပြိုင်မှုနှင့် ကွဲပြားခြားနားမှုများအပေါ် မူတည်၍ မြင်တွေ့ရမည် ဖြစ်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်များ၏ ARSA ကို နှိမ်နင်းမှုများမှာမူ အစိုးရကိုယ်တိုင် မျက်နှာသာ ပေးထားသည့် မဟာမိတ်အဖွဲ့ ထွက်ပေါ်လာပြီးနောက်၌ သေချာပေါက် ရပ်တန့်လုနီးပါး ဖြစ်သွားလိမ့်မည်။
ဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး (RRRC) ကော်မရှင်နာ မီဇာနာရာမန်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က မြန်မာ့လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်ဆင်နွှဲရန် ဒုက္ခသည်များကို အားပေးအားမြှောက် ပြုလုပ်သည်။
ARSA အဖွဲ့ကလည်း မိမိတို့သည် ရာဇဝတ်မှု လုပ်ရပ်များနှင့် ဘင်္ဂလားဒေ့ရှ်၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးကို မဆို ရှောင်ရှားမည်ဟု ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးနှင့် လုံခြုံရေးတပ်များကို အာမခံပေးထားသည်ဟု သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။
First Post ဝဘ်ဆိုက်တွင် ဖော်ပြထားသော How Pakistan’s ISI is helping Rohingya armed groups to forge a united front in Bangladesh ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
ဆောင်းပါးရှင် Rajeev Bhattacharyya သည် အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ် အခြေစိုက် အကြီးတန်းသတင်းထောက် တစ်ဦး ဖြစ်သည်။ ဆောင်းပါးပါ သဘောထားအမြင်များနှင့် အသုံးအနှုန်းများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။