- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
စစ်ဘေးသင့် မိဘမဲ့ကလေးများအတွက် ကမ်းထောင်းကြီးမြို့တွင် မိဘမဲ့ဂေဟာတစ်ခု ဖွင့်လှစ်သွားမည်
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် မိဘမဲ့ဖြစ်သွားရသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးရန်အတွက် ကမ်းထောင်းကြီးမြို့တွင် “မေတ္တာရိပ်” မိဘမဲ့ဂေဟာတစ်ခု ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ဂေဟာဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
24 Nov 2020
နှင်းနွယ် | DMG
နိုဝင်ဘာ ၂၄ ၊ စစ်တွေ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် မိဘမဲ့ဖြစ်သွားရသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးရန်အတွက် ကမ်းထောင်းကြီးမြို့တွင် “မေတ္တာရိပ်” မိဘမဲ့ဂေဟာတစ်ခု ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ဂေဟာဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူများ၏ ကလေးငယ်များ၊ ကလေးမွေးဖွားရန် သွားချိန်တွင် လမ်းပိတ်ဆို့မှုများကြောင့် မိခင်သေဆုံးသွားပြီးနောက် ကျန်ရှိခဲ့သည့်ကလေးငယ်များအတွက် အဓိကရည်ရွယ်၍ ဖွင့်ရခြင်းဖြစ်ကြောင်း မေတ္တာရိပ် မိဘမဲ့ဂေဟာဖြစ်မြောက်ရေးကော်မတီမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမောင်ချယ်ရီက DMG သို့ ပြောသည်။
“ကျနော်တို့ အခုစဉ်းစားထားတာကတော့ မွေးကင်းစကနေ ၁၀ နှစ်အရွယ်ကလေးထိ လက်ခံမယ်ပေ့ါ။ တကယ်လို့ စစ်ဘေးကြောင့် ထွက်ပြေးလာရတဲ့ ရွာတွေ၊ ဖြိုဖျက်ခံလိုက်ရတဲ့ ရွာတွေက မိဘနှစ်ပါးစလုံးမရှိ တော့တဲ့သူဆိုရင်တော့ အသက် ၁၀ နှစ်ထက်ကြီးတဲ့သူတွေကိုလည်း ကော်မတီကစဉ်းစားပြီးတော့ လက်ခံ သွားမှာပါ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မေတ္တာရိပ်မိဘမဲ့ဂေဟာအား ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်တွင် ဆောက်လုပ်နေကြပြီး နိုဝင်ဘာလကုန်၌ ကလေးငယ်များအား စတင်လက်ခံကာ ထားရှိသွားမည်ဖြစ်ကြောင်း မိဘမဲ့ဂေဟာ ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
“လောလောဆယ်တော့ ကျနော်တို့မှာ မြေအပိုင်မဝယ်နိုင်သေးတဲ့အတွက် အဆောက်အဦတစ်ခုကို ၂ နှစ်စာ ငှားထားရတယ်။ အလှူရှင်တွေက သိပ်မရှိသေးတော့ ကော်မတီဝင်အချင်းချင်းပဲ ငွေကောက်ပြီးလုပ်ထားတာ။ ကျနော်တို့ဆီကို စာရင်းပေးထားတဲ့ ကလေးတွေတော့ရှိနေပြီ။ ဒါပေမယ့် အဆောင်တွေက လုပ်နေတုန်းပဲမို့ လကုန်မှပဲ လက်ခံသွားမယ်” ဟု ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
လက်ရှိတွင် စစ်ရေးပဋိပက္ခကြောင့် မိဘမဲ့ဖြစ်သွားခဲ့သည့် ရသေ့တောင်မြို့နယ်နှင့် အမ်းမြို့နယ်မှ ကလေး ၅ ဦးအား စာရင်းပေးသွင်းထားကြောင်း သိရသည်။
အဆိုပါ မေတ္တာရိပ်မိဘမဲ့ဂေဟာ ဖြစ်မြောက်ရေးအတွက် ကမ်းထောင်းကြီးမြို့မှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရခိုင်ကလေးငယ်များအပြင် တခြားလူမျိုးခြား၊ ဘာသာခြား မိဘမဲ့ကလေးများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။
ကမ်းထောင်းကြီးမြို့အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဆန်းက “ဘယ်အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် မိဘမဲ့ ဖြစ်သွားတဲ့ ကလေးငယ်တွေကို စောင့်ရှောက်ဖို့အတွက် ဒီအစီအစဉ်ကို လုပ်ဆောင်ရတာဖြစ်တယ်။ နာရေး အသင်းကနေပြီးတော့ အဓိကဦးဆောင်တာပေါ့၊ ကျနော်တို့ကတော့ ကော်မတီဝင်တွေဆိုပေမဲ့ အကြံပေးရုံ လောက်ပါပဲ။ ဒါပေမယ့် သူတို့အကူအညီတွေ လိုအပ်လာတဲ့အခါ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီဆောင်ရွက် ပေးသွားမယ်လို့တော့ စိတ်ကူးထားပါတယ်” ဟု ပြောသည်။
တိုက်ပွဲကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးငယ်များ၏အနာဂတ်အတွက် အစိုးရအနေနဲ့ စီမံကိန်း တစ်ရပ်ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။
“အစိုးရကလုပ်ဆောင်ပေးခြင်း မရှိတာကတော့ အားနည်းချက်တစ်ရပ်လို့ပဲ ကျနော်တို့မြင်တယ်။ တကယ်လို့ အစိုးရအနေနဲ့ သူတို့ကိုယ်တိုင်မလုပ်ဆောင်ပေးနိုင်ရင်တောင် လူထုကဦးဆောင်ပြီး လုပ်ဆောင်လာတဲ့အခါ အသိအမှတ်ပြုပေးဖို့တော့လိုအပ်တယ်” ဟု ဦးရွှေဘော်စိန်က ဆိုသည်။
ထို့အပြင် ကလေးငယ်များကို စောင့်ရှောက်သည့်အခါတွင်လည်း လိုအပ်သည့် အကူအညီထောက်ပံ့မှုများ ရရှိနိုင်ရေးအတွက် တစ်ခြားအရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းလုပ်ဆောင်မှုများ၊ ကူညီထောက်ပံ့ ပေးရန်လိုအပ်ကြောင်း ၎င်းကဆက်၍ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု (၂)နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်ထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရှိရသည်။