ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ

တရုတ်- မြန်မာ နယ်စပ်ဂိတ်များတွင် ထောက်ခံစာပါမှ နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည်ဟု မြန်မာ အာဏာပိုင်များက တင်းကျပ်လိုက်သဖြင့် တရုတ်နိုင်ငံကို အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသား အများအပြား အခက်အခဲဖြစ်နေကြောင်း သိရသည်။

By Admin 16 Feb 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။ ဓာတ်ပုံ - TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

DMG ၊ ဖေဖော်ဝါရီ ၁၆

တရုတ်- မြန်မာ နယ်စပ်ဂိတ်များတွင် ထောက်ခံစာပါမှ နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည်ဟု မြန်မာ အာဏာပိုင်များက တင်းကျပ်လိုက်သဖြင့် တရုတ်နိုင်ငံကို အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသား အများအပြား အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရခိုင်အပါအဝင် ကချင်၊ ချင်း၊ ဗမာစသည့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူငယ်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သို့ သွားရာတွင် နယ်စပ်ဖြတ်ကျော်ခွင့် ယာယီကဒ်ရရှိရေးအတွက် လဝကရုံးမှ ထောက်ခံစာဖြင့် သွားလာနေရသည်။

ယင်းကြောင့် မူဆယ် ဒေသခံ မဟုတ်သည့် မြန်မာအလု့ပ်သမားများမှာ ထောက်ခံစာရရှိရန် အခက်အခဲ ရှိနေကြခြင်းဖြစ်သည်။

" နယ်စပ်ဂိတ်ဖြတ်ဖို့က စစ်မှုထမ်းစာရင်းမှာ မပါသေးကြောင်း လဝကရုံးတွေက ထောက်ခံစာတွေ တောင်းရ တယ်။ ထောက်ခံစာ သွားယူတဲ့ ရုံးမှာလည်း ဒီကဒေသခံတွေဆို အဆင်ပြေကြတယ်။ ကျနော်တို့က ကိုယ့်ဒေသ ပြန်ပြီး လုပ်ဖို့လည်းခက်၊ ဒီကလည်း ထောက်ခံစာရဖို့ခက်တာနဲ့ အလုပ်လုပ်ဖို့လာတာ အဆင်မပြေဘူး။ အခုက အကြွေးတွေ ပုံနေပြီ " ဟု မူဆယ်မြို့ကို ရောက်ရှိနေသည့် ရခိုင်အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် တရုတ်ပြည်တွင် အလုပ်လုပ်ကိုင်ရန် နယ်စပ်ဂိတ်ဖြတ်ကျော်ခွင့်ရရှိရေး‌အတွက် မြန်မာနိုင်ငံအနှံ့မှ စောင့်ဆိုင်းနေသူ နေ့စဉ် ထောင်ချီရှိနေပြီး နယ်စပ်ဖြတ်ကျော်ခွင့် ထောက်ခံစာကို စောင့်နေကြခြင်းဖြစ်သည်။

စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၃၅ နှစ်အောက်အမျိုးသားများ၊ အသက် ၂၇ နှစ်အောက် အမျိုးသမီးများ အသက်အရွယ် အပိုင်းအခြားအလိုက် နယ်စပ်ဖြတ်ကျော်ခွင့်ကို ဖေဖော်ဝါရီ ၁၂ ရက်မှစကာ တရုတ်- မြန်မာ နယ်စပ်ဂိတ်များတွင် ကန့်သတ် စစ်ဆေးနေခြင်းဖြစ်သည်။

" တရုတ်ကိုဝင်ဖို့ကို မြန်မာဖက်ကရော၊ တရုတ်ဖက်ကပါ ထောက်ခံစာတောင်းတယ်။ ဒီမြို့ကနေ ဝင်ဖို့စောင့် နေသူတွေ အများကြီး။ စောင့်နေတာကြာတော့ တချို့ကတော့ တရုတ် လူခံတွေက တစ်ဆင့် သူဌေးတွေ ဆီက ငွေကြိုထုတ်ပီး စားသောက်နေကြတယ်။ တရုတ်ရောက်ရင် သူတို့ဆီ အလုပ်လုပ်ပြီး ပြန်ဆပ် ရမယ်ပေါ့လေ " ဟု မူဆယ်ရောက် နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံက အလုပ်လုပ်ကိုင်ရန်လာသည့် လူများကို တရုတ် အာဏာပိုင်များကလည်း တရုတ် စက်ရုံ သို့မဟုတ် တရုတ်သူဌေးတစ်ဦးမှ အလုပ်ခေါ်စာပါမှသာလျှင် နယ်စပ်ဖြတ်ကျော်ခွင့်ပြုကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစတင်ကာ တရုတ်ဖက်က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ယခုလ ဖေဖော်ဝါရီ ၁၂ ရက်မှ စ၍ ကန့်သတ်မှုများ လုပ်လာနေခြင်းဖြစ်သည်။

လတ်လောတွင် မူဆယ်မြို့တွင် နယ်စပ်ဖြတ်ကျော်ခွင့် စောင့်ဆိုင်းနေသူ မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိနေပြီး အခက်ကြုံနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းနည်း ဥဒေသစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် စတင် ပြဌာန်းလိုက်ပြီးနောက် လူငယ်များမှာ ပြည်ပထွက်ခွာမှု ဆက်တိုက်မြင့်တက်နေပြီး စစ်ကောင်စီကလည်း ရရာနည်းဖြင့် ကန့်သတ်နေခြင်းများ ရှိနေသည်။