- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရှမ်းမြောက်ဒေသ အပစ်ရပ်ခြင်းက နိုင်ငံတဝန်းတိုက်ပွဲများအပေါ် သက်ရောက်နိုင်သလား
တရုတ်က မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးစီမံကိန်းများအပါအဝင် အကျိုးစီးပွားကာကွယ်ရေးအတွက် စစ်ကောင်စီ အာဏာတည်မြဲမှသာ လုံခြုံမည်ဟု ယုံကြည်နေပြီး တော်လှန်ရေးအင်အားစုများဘက်က အနိုင်ရသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိနေသည်။
04 Dec 2024
DMG ၊ ဒီဇင်ဘာ ၄
စစ်ကောင်စီကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် ကိုးကန့်တပ် MNDAAက ဒီဇင်ဘာ ၃ ရက်မှစ၍ ရောက်ရာနေရာက ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီကို စတင်ထိုးစစ်ဆင်တော့မည်မဟုတ်ကြောင်း ကြေညာလိုက်သည်။
စစ်ကောင်စီနှင့် ဆွေးနွေးရန်အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် စစ်ကောင်စီတပ်က နိုင်ငံအနှံ့တွင် ဖော်ဆောင်နေသည့် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်ပေးရမည်ဟု MNDAA က တောင်းဆိုထားသည်။
တအာင်းတပ် TNLA က စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်နစ်နာမှုကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
MNDAA၊ TNLA တို့ အပစ်အခတ်ရပ်စဲသည့်ကိစ္စမှာ တရုတ်ဖိအားကြောင့်သာဖြစ်ပြီး ထိုသို့အပစ်ရပ်သော်လည်း နိုင်ငံတဝန်း တိုက်ပွဲများမှာ လျော့ကျသွားမည်မဟုတ်ကြောင်း လေ့လာသူများက ရှုမြင်ကြသည်။
“ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ စစ်ရေးအရ တစ်စုံတစ်ရာ နည်းသွားလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည် အလယ်ပိုင်းတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ တခြားဒေသတွေမှာတော့ စစ်ရေးအရှိန်က ပုံမှန်ပဲ ရှိလိမ့်မယ်။ TNLA နဲ့ MNDAA တို့ကလည်း မတိုက်ချင်လို့မဟုတ်ဘဲ ဖိအားတွေကြောင့် ငြိမ်နေရတဲ့ သဘောမျိုးပဲရှိနိုင်တယ်” ဟု ၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးက ပြောသည်။
MNDAA၊ TNLAအနေဖြင့် ထိုးစစ်များရပ်ဆိုင်းသော်လည်း စစ်အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များကိုလည်း နိုင်သည့်ဘက်က အကူအညီများဆက်ရှိနေမည်ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။
ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ထိခိုက် နစ်နာမှုများစွာရှိခဲ့သည့်အပြင် ထိုစစ်ဆင်ရေးသည် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများအတွက် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
စစ်ဆင်ရေးအရှိန်အဟုန် မြင့်တက်လာမှုနှင့်အတူ ထိန်းချုပ်နယ်မြေဆုံးရှုံးမှု များလာပြီးနောက် တရုတ်ကြားဝင်မှုကြောင့် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့ကြား ဆွေးနွေး ၃ ကြိမ်ပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ခဲ့သည်။
သို့သော် စစ်ကောင်စီက ရှမ်းမြောက်ဒေသက တော်လှန်တပ်များထိန်းချုပ်နယ်မြေများကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု ပေါ်ပေါ်ထင်ထင်လုပ်လာပြီးနောက် အပစ်ရပ် ၄ ကျော်ကြာ ဇွန် ၂၅ ရက်တွင် ဟိုင်ဂင် သဘောတူညီချက်ကျိုးပျက်ကာ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်ပွားခဲ့သည်။
မြန်မာ့အရေးလေ့လာသူတစ်ဦးက “အရင် ဟိုင်ဂင်သဘောတူညီချက်ကိုလည်း စစ်ကောင်စီဖက်ကပဲ စချိုးဖောက်ခဲ့တာ။ စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ထပ်ပြီးတော့ ဗုံးကြဲပြီးတော့ တိုက်ခိုက်နိုင်တယ်။ တရုတ်ဖက်ကလည်း ဒါတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။
တရုတ်အနေဖြင့် အကျိုးစီးပွားကိုမှီငြင်းပြီး တော်လှန်ရေးတပ်များကို မည်သို့ပင်ဖိအားပေးသော်လည်း စစ်ကောင်စီက အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တရုတ်အစီအစဉ်မှာလည်း အလုပ်ဖြစ်မည်မဟုတ်ကြောင်း စစ်ရေးနိုင်ငံရေးအကဲခက်သူတို့က ရှုမြင်ကြသည်။
၁၀၂၇ စစ်ဆင်ရေးသည် တရုတ်အစိုးရနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် များစွာတုန်လှုပ်စေခဲ့ပြီး တစ်ဆက်တည်းတွင် အခြားသောတော်လှန်ရေးအင်အားစုများ၏ နယ်မြေဒေသလိုက် ဟန်ချက်ညီထိုးစစ်ဆင်လှုပ် ရှားမှုများသည်လည်း မြန်မာပြည်တွင်း မိမိအကျိုးစီးပွားကို စောင့်ကြည့်နေသည့် တရုတ်အနေဖြင့် လွန်စွာစိုးရိမ်ပုံရသည်။
ထို့ကြောင့် တရုတ်သည် ၁၀၂၇ စစ်ဆင်ရေးကြိုးကိုင်သည့် တော်လှန်ရေးတပ်များကို ဖိအားပေးကာ စစ်ကောင်စီ ဘက်က ပြတ်ပြတ်သားသားရပ်တည်လာသည့် တရုတ်ခြေလှမ်းများကိုတွေ့ရကြောင်း ယခုလထုတ် BNI အစီရင်ခံစာက ဖော်ပြသည်။
“တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးတာနဲ့ စစ်အုပ်စုကို သူကောင်းပြုထောက်ကူတာတွေကို တစ်ပြိုင်နက် အရှိန်မြှင့်လုပ်ဆောင်တာတဲ့ တရုတ်အစိုးရရဲ့ အကျိုးစီးပွားလုံခြုံရေးအစီအမံတွေဟာ အလုပ်ဖြစ်နိုင်ခြေနည်းပါး သလို စစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းရေးအတွက် အကောက်အကူပြုနိုင်ခြေ အလွန်ပါးတယ်လို့ ဆိုရမယ် ” ဟု BNI က သုံးသပ်ထားသည်။
တရုတ်က မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးစီမံကိန်းများအပါအဝင် အကျိုးစီးပွားကာကွယ်ရေးအတွက် စစ်ကောင်စီ အာဏာတည်မြဲမှသာ လုံခြုံမည်ဟု ယုံကြည်နေပြီး တော်လှန်ရေးအင်အားစုများဘက်က အနိုင်ရသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိနေသည်။
ထိုကြောင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပေါင်းစည်းမည့်အခြေအနေမျိုးကို လက်သင့်မခံနိုင်သည့်သဘောများပြသနေခြင်းဖြစ်သည်ဟု BNI အစီရင်ခံစာက ဖော်ပြသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဉီးတည်ကာ တော်လှန်ရေး အင်အားစုများဘက်မှ အရှိန်ပြင်းပြင်းမောင်းနှင်ရန် ပြင်ဆင်နေသည့်ကာလအတွင်း တရုတ်၏ဝင်ရောက်စွက်ဖက် မှုကြောင့် ရိုက်ခတ်မှုများစွာဖြစ်ပေါ်နေသည်ဟု လေ့လာသူများက ပြောဆိုထားကြသည်။